ဆိုးရွားလာတဲ့ မြန်မာ့ကုန်သွယ်ရေး အကျပ်အတည်း

 

ဩဂုတ်-၆-၂၀၂၄

SS (VOM)

နိုင်ငံရေး အပြောင်းအလဲဖြစ်မှု နောက်ဆက်တွဲအနေနဲ့ မြန်မာနိုင်ငံမှာ ကုန်သွယ်မှုကျဆင်းတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားတာနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် အခု ၂၀၂၄ ခုနှစ်မှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးက အဆိုးဘက်ကို ဆက်လက် ဦးတည်နေဦးမယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပို့ကုန်တွေကတော့ လယ်ယာထွက်ကုန်ပစ္စည်း၊ သစ်တောထွက်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ ရေထွက်၊ တွင်းထွက်နဲ့ တခြားပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီအထဲ CMP လို့ခေါ်တဲ့ စက်မှုကုန်ချောပစ္စည်း ပို့ကုန်က ရတဲ့ဝင်ငွေက အများဆုံးဖြစ်ပါတယ်။

လက်ရှိကာလမှာ မရေရာမှု၊ ပဋိပက္ခနဲ့ အထွေထွေ စီးပွား ကျဆင်းမှုတွေ ရှိနေတာကြောင့် ပုဂ္ဂလိကနဲ့ စီးပွားရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံမှုသစ် နည်းပါးလာပါတယ်။ ဒါကြောင့် နစကရဲ့ ကုန်သွယ်ရေး ပိုငွေပြဖို့ အားထုတ်မှုဟာ ဆိုးကျိုးဖြစ်စေပြီး နိုင်ငံစီးပွား တိုးတက်ရေးအတွက် လိုအပ်တဲ့ သွင်းကုန်အမျိုးမျိုးကို လျော့နည်းစေပါတယ်။

နိုင်ငံရေး အပြောင်းအလဲမဖြစ်မီ ဆယ်စုနှစ်အတွင်း မြန်မာ့ကုန်သွယ်ရေး နှစ်ဆကျော် တိုးလာပြီး သွင်းကုန်ထုတ်ကုန် ကုန်သွယ်မှုဟာ ၂၀၂ဝ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး မကြာမီ မြန်မာ့ကုန်သွယ်ရေးဟာ ပြည်တွင်းက တခြားစီးပွားရေး ဆောင်ရွက်မှုတွေလိုပဲ အကြီးအကျယ် ကျဆင်းလာပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်နေတဲ့ မြဝတီနယ်စပ်အပါအဝင် ဘုရားသုံးဆူဂိတ်၊ ထီးခီးဂိတ်၊ မယ်စဲ့ ဂိတ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပုံမှန်ကုန်သွယ်မှု မပြုလုပ်နိုင်တာဟာ ကိုးလနီးပါး ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ နစက က ကုန်သွယ်မှု စနစ်သစ်လို့ ဆိုကာ ရန်ကုန် – ကော့သောင်း – ရနောင်း ကုန်သွယ်ရေးကို ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစတင်ပြီး တရားဝင် ဆောင်ရွက်လာပါတယ်။

လွန်ခဲ့တဲ့ ဧပြီလအတွင်းက ကွန်တိန်နာ စနစ်သစ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်မယ်လို့ နစက က ကြေညာကာ နှစ်လကြာ ပြင်ဆင်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး အစားထိုး ကွန်တိန်နာနဲ့တင်ပို့တဲ့ စနစ်သစ်ကို အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်က မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်မှာ ပြုလုပ်တဲ့ ထိုင်း – မြန်မာဒေသအဆင့် နယ်ခြားကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံဆွေးနွေးပြီးတဲ့နောက် ဒီအစီအစဉ်ကို စတင်ခဲ့တာပါ။

ကုန်သွယ်မှု စတင်တဲ့ ဇွန် ၂၈ ရက်မှ ဇူလိုင် ၈ ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်/သွင်းကုန်လိုင်စင် တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို ပုံမှန်တင်ပို့နေတဲ့ ကုန်းလမ်းတွေ အဆင်မပြေတာကြောင့် ရန်ကုန် – ကော့သောင်း – ရနောင်းလမ်းကြောင်းကို ပြောင်းလဲ တင်ပို့လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုန်ကျစရိတ်အနေနဲ့ အရင်ထက် ပိုသလို လက်ရှိမှာလည်း ကုန်သည်တွေဟာ တင်ပို့မယ့်သင်္ဘော မလုံလောက်တဲ့ ပြဿနာကိုလည်း ရင်ဆိုင်နေကြရပါတယ်။

“အဓိက ကတော့ သင်္ဘော မလုံလောက်တဲ့ ပြဿနာပေါ့။ မလုံလောက်တော့ သင်္ဘောတင်ဖို့အတွက် အချိန်အကြာကြီး စောင့်ဆိုင်းရတယ်။ အဲဒါကြောင့် ဂိုဒေါင်တွေ၊ သင်္ဘောဆိပ်ကမ်းတွေမှာ ပြောင်းတွေ စုပုံလာတယ်” လို့ ပြောင်းကုန်သည်တယောက်က ပြောပါတယ်။

လက်ရှိမှာ ကုန်တင်သင်္ဘော မလုံလောက်တဲ့ ပြဿနာကြောင့် သင်္ဘောတင်စရိတ်တွေဟာ အရင် ပြောင်း ၁ တန်ကို ကျပ် ခုနစ်သောင်းကျော်ကနေ ရက်ပိုင်းအတွင်း တသိန်းကျော်အထိ တိုးပေးနေရတယ်လို့ ဆိုပါတယ်။ ဒါအပြင် မူဝါဒ အခက်အခဲတွေလည်း ရှိနေပြန်သေးတယ်လို့ သိရပါတယ်။ ပြောင်းကို သင်္ဘောတင်ဖို့အတွက် ပုံမှန်အားဖြင့် နှစ်ရက်လောက်သာ ကြာမြင့်တတ်တာပါ။ ဒါပေမယ့်လည်း လက်ရှိမှာ ရက်ပေါင်း ၁၀ ရက်လောက်အထိ ကြာမြင့်နေတဲ့အတွက် ဒါကလည်း အခက်အခဲတခု ဖြစ်နေတယ်လို့ ပြောင်းကုန်သည်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံကို မြန်မာ့ပြောင်း တင်ပို့တာမှာ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နေတာဖြစ်ပါတယ်။ စီးပွား/ကူးသန်းအနေနဲ့ အခု ၂၀၂၄ ခုနှစ်မှာ ပြောင်းတန်ချိန် ၁ ဒသမ ၉ သန်းအထိ တင်ပို့ဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမယ့်လည်း တိုက်ပွဲတွေ ပြင်းထန်ပြီး နယ်စပ်ဂိတ်တွေ ပိတ်နေတာကြောင့် ထင်သလောက် အလုပ်မဖြစ်ဘဲ တင်ပို့မှု လျော့ကျလျက်ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိ ကုန်သွယ်ရေးအသစ်ဖြစ်တဲ့ ရန်ကုန် – ကော့သောင်း – ရနောင်း လမ်းကြောင်းကနေ ပြောင်း၊ သန့်စင်ပြီး သတ္တုရိုင်းနဲ့ CMP ပစ္စည်းတွေကို တင်ပို့နေတာပါ။ သွင်းကုန်အနေနဲ့ကတော့ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း အစရှိတဲ့ သွင်းကုန်မှန်သမျှကို ခွင့်ပြုပေးထားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အရင်က ကော့သောင်းနယ်စပ်ကုန်သွယ်ရေးဟာ ကော့သောင်း – ရန်ကုန် လမ်းကြောင်းမှာ အပြန် ပို့ကုန်နည်းပြီး ကုန်ကား ၁၂ ဘီး တစီးကို ကျပ် ၁၆ သိန်း၊ သိန်း ၂၀ သာ ရှိခဲ့တယ်လို့ သိရပါတယ်။ မြဝတီနယ်စပ် ပိတ်ပြီးတဲ့နောက်မှာတော့ ရနောင်းဘက်မှ သွင်းကုန်တင်သွင်းမှု များလာတဲ့အတွက် အခုအခါ ၁၂ ဘီး တစီးကို ကျပ် သိန်း ၄၀ မှ ၄၅ သိန်းအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးမှာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၀၄၂ သန်းသာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ၂၀၂၄ ခုနှစ် ၊ ကာလတူမှာတော့ ကန်ဒေါ်လာ ၇၆ ဒသမ ၄၃၁ သန်း ရှိလာတာကြောင့် ဒေါ်လာ ၅၃ သန်းကျော် တိုးလာတယ်လို့ သိရပါတယ်။

မြန်မာ့ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မာနာပွန်ချာရွန်ဆရီက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်ပွားနေတာကြောင့် ရေကြောင်းကနေ ကုန်သွယ်မှု ပြုလုပ်လာတဲ့အတွက် ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းမှာ ကုန်သွယ်မှု မြင့်တက်လာတယ်လို့ ဆိုပါတယ်။ အဲဒီ ကုန်သွယ်မှုဟာ ထိုင်းနိုင်ငံအတွက် အခွင့်အရေးတရပ်ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

သူက “ဒါဟာ ထိုင်းနိုင်ငံတောင်ပိုင်း ရေကြောင်းလမ်းကတဆင့် နယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ အခွင့်အလမ်းကောင်း တရပ်ဖြစ်ပါတယ်။ ဒီကုန်သွယ်မှုဟာ ထိုင်းပင်လယ်ကွေ့နဲ့ အက်ဒမန်ပင်လယ်ကို ဆက်သွယ်ထားတဲ့ အစိုးရရဲ့ ကုန်းတွင်းတံတား စီမံကိန်းကိုလည်း မြှင့်တင်ပေးမယ့် ကုန်သွယ်မှုဖြစ်ပါတယ်” လို့ သုံးသပ် ပြောဆိုထားပါတယ်။

အဲဒီလို ကော့သောင်းနယ်စပ်ကုန်သွယ်ရေး တိုးတက်လာပေမယ့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အကြီးဆုံးစခန်းဖြစ်တဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးကတော့ ကုန်သွယ်မှု ကျဆင်းနေမြဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်၊ ဧပြီလ ၁ ရက်ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၂၃ ဒသမ ၀၆၆ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုနှစ် ကာလတူမှာတော့ ဒေါ်လာ ၆၂ ဒသမ ၅၆၂ သန်းသာ ရရှိခဲ့တာကြောင့် ဒေါ်လာသန်း ၄၀၀ ကျော် ကျဆင်းနေတာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ မူဆယ်နယ်စပ်ပြီးရင် မြဝတီနယ်စပ်ကုန်သွယ်ရေးဟာ အကြီးဆုံးဖြစ်ပါတယ်။ တရက်ကို အမေရိကန် ဒေါ်လာ ခြောက်သန်းနီးပါး ကုန်သွယ်မှု ပြုလုပ်နေတဲ့ စခန်းကြီးတခု ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းသွားခဲ့တာဟာ ကိုးလ ကျော် ရှိလာပြီဖြစ်တာကြောင့် သန်းထောင်ချီ နစ်နာ ဆုံးရှုံးမှု ရှိနေပါတယ်။

လက်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်ကုန်သွယ်ရေး မဟုတ်ပေမယ့်လည်း အနည်းငယ်သွားလာတဲ့ ကုန်ကားတွေ ရှိနေတယ်လို့ သိရပါတယ်။ သွင်းကုန်တချို့လည်း တင်သွင်းမှုရှိကာ ပုံမှန်ထက် မှောင်ခိုကုန်သွယ်ရေး ပိုပြီးများနေတယ်လို့ မြဝတီမြို့ဒေသခံ ကုန်သည်တွေဆီက သိရပါတယ်။

အလားတူ ရခိုင်တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းသွားတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကိုလည်း ရခိုင်ပြည်နယ် ကုန်သည်ကြီးတွေက ဦးဆောင်ပြီး ရေကြောင်းကနေ အစားထိုးဖို့ ပြီးခဲ့တဲ့ ဧပြီလက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်းနဲ့ မုတ္တမဆိပ်ကမ်းတို့မှနေပြီး သင်္ဘောနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်မြို့ ဆိပ်ကမ်းကို နစကရဲ့ ခွင့်ပြုချက်နဲ့ ကုန်စည်တင်ပို့ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရေကြောင်း ကုန်သွယ်ရေးဟာလည်း ထင်သလောက် ခရီးမတွင် ဖြစ်နေတာပါ။

ပဋိပက္ခဟာ ပြည်ပထွက်ခွာမှု တိုးစေပါတယ်။ အထူးသဖြင့် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပြီးနောက် အလုပ်သမားရရှိနိုင်မှု လျော့ကျစေတာကြောင့် မြန်မာ့ကုန်သွယ်ရေးဟာ အခု ၂၀၂၄ ခုနှစ်မှာလည်း ထပ်မံ ကျဆင်းဖွယ်ရှိနေတယ်လို့ စီးပွားရေးလေ့လာသူတွေက ဆိုပါတယ်။

ငွေရင်း စီးထွက်မှုနဲ့ ကုန်ထုတ်လုပ်မှု တိုးတက်စေမယ့် သွင်းကုန် ကျဆင်

းခြင်းဟာ ပြည်သူရဲ့ နစကအပေါ် ယုံကြည်မှုကို အလွန်အမင်း ကျဆင်းစေပါတယ်။ ကုန်သွယ်ရေးနဲ့ စီးပွားရေးတိုးတက်မှုကတော့ ဆက်လက် နှေးကွေးနေဦးမယ့်သဘောဖြစ်ပါတယ်။ ဒါအပြင် ပိုမိုကြီးထွားလာနေတဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနဲ့ နိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်မှု နှုန်းအမျိုးမျိုး ဖြစ်နေခြင်းတို့ကြောင့်လည်း အခြေအနေက ပိုမိုဆိုးရွားဖွယ်ရာ ရှိနေတာပါ။

အရင်က မူဆယ်၊ လွယ်ဂျယ်၊ ကံပိုင်တည်၊ ချင်းရွှေဟော်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ဂိတ်တွေကနေ ကုန်စည်တွေ အဓိက ဖြတ်သန်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေကစလို့ ကုန်သွယ်ရေးဂိတ်တွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က ထိန်းချုပ်လာခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့ အပစ်အခတ်ရပ်စဲပြီး နယ်စပ်ဂိတ်တချို့ကို ပြန်ဖွင့်ခဲ့ပေမယ့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်တာမျိုး မရှိသေးဘူးလို့ နယ်စပ် စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ တရုတ်အစိုးရဘက်ကတော့ အထူးသဖြင့် ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေ ပုံမှန် ပြန်ဖွင့်နိုင်ဖို့နဲ့ နယ်စပ် တည်ငြိမ်ရေးအတွက် နစကနဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေး ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ကုန်သွယ်ရေး အခြေအနေဟာ ပြည်သူတွေအတွက် အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ် ဆိုတာကိုတော့ သံသယဖြစ်စရာ လိုမယ်မထင်ပါဘူး။ ပိုမိုလျော့နည်းလာတဲ့ ငွေရင်းသွင်းကုန်ဟာ ထုတ်လုပ်မှုကို လျော့နည်းစေပြီး ပို့ကုန်ကျဆင်းစေနိုင်ပါတယ်။ ပို့ကုန်ကျဆင်းခြင်းဟာ အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေကို လျော့ကျစေပါတယ်။ အဲဒီအချက် နှစ်ခုစလုံးက ဝင်ငွေရလမ်းကို ထိခိုက်စေတာပါ။ ဒါပေမယ့် တာဝန်ရှိသူတွေအနေနဲံ လက်ရှိအခြေအနေကို တားဆီးဖို့ ဘယ်လိုမှ လုပ်ဆောင်နိုင်ဖွယ် မရှိ ဖြစ်နေပါတယ်။

Photo: CJ

#voiceofmyanmar #VOM #ဆိုးရွားလာတဲ့ #မြန်မာ့ကုန်သွယ်ရေး #သုံးသပ်ချက်ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW