မိုးကုတ်ကို ဝင်ထွက်ခွင့်ရနေပေမယ့် စားသောက်ကုန်၊ဆေးဝါးနဲ့စက်သုံးဆီ တရားဝင် သယ်ခွင့်မပြု

 

ဩဂုတ် ၆ – ၂၀၂၄
GG (VOM)

မိုးကုတ်ကို ပြင်ဦးလွင် လမ်းကနေ သွားလာခွင့်ရနေပေမယ့် စားသောက်ကုန်နဲ့ဆေးဝါးတွေကလည်း တရားဝင်သယ်ခွင့်ပြုထားခြင်းမရှိသလို စက်သုံးဆီလည်းသယ်ယူခွင့်မပြုလို့ သိရပါတယ်။

ဆန်ဆီအပါအဝင် စားသောက်ကုန်တွေကိုတရားဝင် သယ်ယူခွင့်မပြုထားပေမယ့် ရံဖန်ရံခါမှသာ တနိုင်တပိုင်အနည်းငယ်သယ်ယူခွင့်ပေးပြီး များရင်တော့ လုံးဝသယ်ယူခွင့်မပြုဘဲတားမြစ်ထားတာဖြစ်တယ်လို့သိရပါတယ်။

” ခုကဘယ်လိုဖြစ်နေလည်းဆိုတော့ တရားဝင်ပုံသေ ဘာမှမှတ်မရဘူး။ဒီနေ့နည်းနည်းသယ်ခွင့်ပေးပေမယ့်နောက်ရက်ကျသယ်ခွင့်ပေးချင်မှပေးတာမျိုး။ပစ္စည်းများရင်တော့ လုံးလုံးပေးမဖြတ်ဘူး။ကားပြန်လှည့်မလားပစ္စည်းတွေထားခဲ့မလားပြောပါတယ်။ကား ငါးစီးချင်းအတူတူသွားရင်တောင် အဲဒီကားအကုန်လုံးတပြိုင်ထဲသွားခွင့်ပေးချင်မှ ပေးတာမျိုးပါ။ဆေးဝါးနည်းနည်းပါရင်ရတယ်။ဒါလည်းပုံသေမရှိဘူး။” လို့ မိုးကုတ် – ရန်ကုန်ကို ပြေးဆွဲပေးနေတဲ့ ကားသမားတယောက်ကပြောပါတယ်။

မန္တလေးကနေ ပြင်ဦးလွင်ကိုသွားရောက်ပြီး ပြင်ဦးလွင်အထွက်မှာသာ နစက လုံခြုံရေးစစ်ဆေးရေးဂိတ်ရှိပြီး အဲဒီဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင်တွေက မိုးကုတ်တက်မယ့်ကားတွေကိုစစ်ဆေးခြင်းဖြစ်တယ်လို့သိရပါတယ်။

လတ်တလောမှာတော့ မန္တလေး-ပြင်ဦးလွင် -မိုးကုတ် လမ်းကသွားလာလို့ရနေပေမယ့်လည်း တရားဝင်ခွင့်ပြုပေးတာမျိုးမဟုတ်လို့ လုံခြုံရေးအရအာမခံချက်မရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ အရဲစွန့်ပြီးသွားလာနေကြရတာဖြစ်တယ်လို့သိရပါတယ်။

” ဘယ်လိုပြောရမလဲ ခုတော့သွားရနေတယ်။ပိတ်ချင်ရင်ပိတ်လိုက်တာမျိုးဆိုတော့ အာမခံချက်တော့မရှိဘူး။ဘာဖြစ်မလဲဆိုတာလည်းဘယ်သူမှမသိဘူး။ဒီလိုပဲသွားနေရတာ။ဒါကြောင့်လည်းကားခတွေကမြင့်နေတဲ့သဘောရှိတယ်။လမ်းတွေကလည်းတောလမ်းကနေသွားရတော့ထွန်စက်နဲ့ဆွဲရတာမျိုးရှိတယ်။ ” လို့ဒေ သခံတယောက်ကပြောပါတယ်။

လက်ရှိမိုးကုတ်မြို့မှာတော့ ကားတွေဝင်ထွက်ခွင့်ရနေတာကြောင့် ဒေသခံတွေအတွက်အထိုက်အလျောက်အဆင်ပြေပြီး စားသောက်ကုန်နဲ့ဆေးဝါး၊ စက်သုံးဆီစျေးကြီးပေမယ့်လည်း ပစ္စည်းပြတ်လပ်တာမျိုးတော့မရှိဘူးလို့သိရပါတယ်။

ကားခအနေနဲ့ကတော့ တကြောင်းကို လူတယောက်အတွက်အများဆုံး ၅ သိန်းကျပ်လောက်အထိစျေးပေါက်တယ်လို့သိရပါတယ်။

မိုးကုတ်မြို့တမြို့နယ်လုံးကိုတော့ TNLA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး လုံခြုံရေးယူဆောင်ရွက်နေ ကြောင်း၊ တိုက်ပွဲတွေကတော့ ရပ်နေတယ်လို့သိရပါတယ်။

Photo:CJ

#Voiceofmyanmar #vom #မိုးကုတ် #ဆေးဝါး #စားသောက်ကုန် #တရားဝင်သယ်ခွင့်မပြု

Related posts

Leave a Comment

VOM News

FREE
VIEW