လက်နက်ကြီးကြောင့် တပတ်အတွင်း အရပ်သား ၅၀ ဝန်းကျင် သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ သိရ

 

ဩဂုတ် ၆ – ၂၀၂၄
SN (VOM)

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား ၅၀ ခန့်သေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က အသိပေး ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ လေကြောင်းကနေ လက်နက်ကြီး ကျရောက်မှုတွေ ရှိခဲ့တဲ့အပြင် မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတလျှောက်က ကျေးရွာတွေကိုလည်း စစ်ရေယာဉ်တွေကနေ အမြှောက်တွေနဲ့ တိုက်ခိုက်ခဲ့သလို မြေမြုပ်မိုင်းကြောင့် သေဆုံးတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ရက်သတ္တပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ အနီးစပ်ဆုံး ဖြစ်စဉ်တခုကတော့ မန္တလေးမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ မတ္တရာမြို့နယ် တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုဖြစ်ပါတယ်။

ဇူလိုင် ၃၀ နဲ့ ဇူလိုင် ၂၄ ရက်နေ့တို့မှာ မတ္တရာမြို့အရှေ့ဘက် (၁) မိုင်ကျော်အကွာ မန္တလေး – မြစ်ကြီးနားကားလမ်းပေါ်ရှိ သပြေကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ လေးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဇူလိုင် ၃၀ ရက်နေ့ ဖြစ်စဉ်ကတော့ အမျိုးသမီးကြီး တယောက် သေသွားတာ။ သူက သူ့အိမ်နားမှာ ခဝဲသီးခူးနေတုန်း သူ့အနားကို လက်နက်ကြီးကျည် လာကျတာ။ ခေါင်းထိပြီး သေသွားတယ်။ ဇူလိုင် ၂၄ ရက် ဖြစ်စဉ်ကလည်း လက်နက်ကြီးကြောင့်ပါပဲ။ သုံးယောက်သေတယ်။ သားအမိ အမျိုးသမီးနှစ်ယောက်နား လက်နက်ကြီးကျည်ကျတာ၊ အဲဒီ အခင်းဖြစ်နေရာကို ရွာခံတွေ လာကြည့်နေတုန်း လက်နက်ကြီး ထပ်ကျလို့ အမျိုးသားတယောက် ထပ်သေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာလည်း ဇူလိုင်လ ၂၉ ရက်နေ့က နစကရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အမှတ် (၇) ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံငါးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီလိုပဲ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူ တယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီ ဇူလိုင်လ ၂၈ ရက်နေ့မှာပဲ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုလ်ခွကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီး ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး နောက်ထပ် လေးယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာလည်း ဇူလိုင်လ ၂၄ ရက်က တောထဲ တညင်းသီး သွားခူးတဲ့ အသက် ၂၈ နှစ်အရွယ် ဒေသခံတယောက် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဇူလိုင် ၂၃ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ပျဉ်းတော်ဦးရွာမှာ လက်နက်ကြီး ကျရောက်တာကြောင့် ဒေသခံတယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း အထက်ကျေးရွာမှာ လက်နက်ကြီးကြောင့် ကလေးငယ် တယောက်အပါအဝင် ဒေသခံ နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ နောင်ချိုမြို့၊ ရွှေပြည်ညွန့်လမ်းအနီးမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သလို ‌ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာတို့မှာလည်း လက်နက်ကြီးကြောင့် အရပ်သား သုံးယောက် သေဆုံးပြီး နေအိမ် သုံးလုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အခု ဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ VOM က လက်လှမ်းမီသမျှ စုစည်းထားတဲ့ သတင်းအချက်အလက်တွေဖြစ်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အသိပေး ထုတ်ပြန်ချက် အရေအတွက်အရ တခြားသော ဖြစ်စဉ်တွေလည်း ရှိနေနိုင်ပါသေးတယ်။

#voiceofmyanmar #VOM #လက်နက်ကြီးကြောင့် #တပတ်အတွင်း #အရပ်သား၅၀ဝန်းကျင် #သေဆုံး #၇၀နီးပါးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW