တိုက်ပွဲသတင်းကြောင့် စစ်ဘေးရှောင်လာသူတွေရဲ့ ကားတွေ ပြင်ဦးလွင် – မန္တလေး ၁၆ မိုင်ဂိတ်မှာ ရာနဲ့ချီ ပိတ်မိခဲ့

 

ဩဂုတ် ၉ – ၂၀၂၄
SS (VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခင် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ အလုံးအရင်းနဲ့ စတင်ပြောင်းရွှေ့ နေကြတဲ့အတွက် မနေ့ ဩဂုတ် ၈ ရက်က ပြင်ဦးလွင် – မန္တလေး ၁၆ မိုင်ဂိတ်မှာ စစ်ဘေးရှောင်လာသူတွေရဲ့ ကားတွေ ရာနဲ့ချီ ပိတ်မိနေခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

မန္တလေး – ပြင်ဦးလွင် ပြည်ထောင်စုလမ်းမကြီးတလျှောက် ယာဉ်တန်း ရာနဲ့ချီ ရှိခဲ့ပြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ ဌာနဆိုင်ရာပေါင်းစုံ အထိုင်ချကာ ပြင်ဦးလွင်ကဆင်းလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို အစစ်ဆေးတင်းကျပ်နေတာကြောင့် ၃ မိုင်ကျော်လောက်အထိ ယာဉ်တွေ ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။

“ပြင်ဦးလွင်မြို့နေ ပြည်သူ ထက်ဝက်ကျော်လောက်ရှိမယ်။ မန္တလေးမြို့ကို ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ ပြုံဆင်းလာကြတာ။ အခြေအနေကတော့ စိတ်မချရတဲ့ စိုးရိမ်အဆင့် ဖြစ်နေပါတယ်။ တချို့ကားတွေကတော့ ဩဂုတ် ၇ ရက်နေ့ကတည်းက ဆင်းလာကြတာလို့ သိရတယ်” လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

ပြင်ဦးလွင်မြို့ခံတွေကတော့ အခု စစ်ရှောင်နေကြတဲ့သူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပြင်ဦးလွင်မှာ လာရောက် နေထိုင်နေကြတဲ့သူတွေဖြစ်ပြီး မြို့ခံတွေကတော့ လက်ရှိအချိန်အထိ ရွှေ့ပြောင်းခြင်းမရှိသေးဘူးလို့ ပြောဆိုကြပါတယ်။

“မြို့ခံတွေကတော့ မရှောင်ဘူး။ ဝန်ထမ်းတွေနဲ့ လားရှိုးကလာနေနေတဲ့သူတွေပဲ ရှောင်နေကြတာ။ တချို့ လားရှိုးကသူတွေက ဟိုးအရင်ကတည်းက ပြင်ဦးလွင်နဲ့ မန္တလေးမှာ နေနေကြတာလည်း ရှိတယ်။ ကျောက်မဲ၊ နောင်ချိုမြို့က လူတွေလည်း ရှိတယ်။ ပြင်ဦးလွင်သား စစ်စစ်တွေကတော့ လောလောဆယ်တော့ မရှောင်သေးပေမယ့် သွားဖို့လာဖို့တော့ ကြိုတင် ပြင်ဆင်ထားကြတယ်။ အခြေအနေကြည့်ရဦးမယ်။ စိုးရိမ်တာကတော့ တိုက်ပွဲသတင်းကြားတာနဲ့ ဘယ်သူမဆို စိုးရိမ်ကြတာပဲလေ။ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလဲ။ အများနဲ့ဖြစ်တာကိုး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိ ပြင်ဦးလွင်မြို့က အခြေခံပညာ ကျောင်းအများစုမှာလည်း ကျောင်းတက်မယ့်သူမရှိ ဖြစ်နေပြီး ဆရာ၊ ဆရာမတချို့လည်း ကျောင်းကို မလာကြတော့တာတွေရှိတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပြင်ဦးလွင်မြို့မစျေးမှာလည်း စျေးလာဝယ်သူ အနည်းငယ်သာရှိပြီး ဘဏ်တွေမှာတော့ ငွေထုတ်သူများပြားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၇ ရက်‌နေ့၊ ညနေပိုင်းက နစကဘက်မှ ပြင်ဦးလွင်မြို့နေ ပြည်သူတွေကို စိတ်မပူကြဖို့၊ မသင်္ကာစရာတွေ တွေ့ရှိပါက သတင်းပို့ကြဖို့ လိုက်လံ နှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြင်ဦးလွင်မြို့မှာ ထပ်မံ စစ်ဘေးရှောင်လိုသူတွေ အများအပြားရှိပေမယ့် ငွေကြေးမတတ်နိုင်တာ၊ ကားနဲ့ ဆိုင်ကယ်မရှိတာကြောင့် အိမ်မှာပဲ နေနေရတဲ့ အခြေခံပြည်သူတွေလည်း ရှိသလို မြို့အတွင်း တိုက်ပွဲဖြစ်ပွားလာပါက နေအိမ်မှာသာ ရင်ဆိုင်ဖြတ်သန်းဖို့ ကြိုတင်ပြင်ဆင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ တိမ်းရှောင်နေကြသူတွေဟာ မန္တလေးမြို့ကို အများဆုံး သွားနေကြတာဖြစ်ပြီး ရန်ကုန်နဲ့ ရှမ်းပြည်ဘက်ကို တိမ်းရှောင်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေးတိုင်း #ပြင်ဦးလွင် #တိုက်ပွဲသတင်း #စစ်ဘေးရှောင် #ယာဉ်တန်း #၁၆မိုင်ဂိတ် #ရာနဲ့ချီ #ပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW