ရှမ်းအရှေ့ အထူးဒေသ(၄) မိုင်းလား  ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်

 

ဩဂုတ် ၉ – ၂၀၂၄
SS (VOM)

ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) NDAA မိုင်းလားအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းဟာ မနေ့ ဩဂုတ် ၈ ရက် မနက်ပိုင်းက တရုတ်နိုင်ငံမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တယ်လို့ အဲဒီ အဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆုတ်ကင်ဆာရောဂါကို ဒုတိယအကြိမ် ဆေးကုသရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“သူက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီရောဂါကြောင့် အဆုတ်တခြမ်း ဖြတ်ထားရတာ။ ဒီတကြိမ် ရောဂါ ပြန်ထလာတော့ အသက်ပါ ပါသွားတာပေါ့။ အခု တရုတ်ပြည်ကနေ မိုင်းလားကို ပြန်သယ်ဖို့ စီစဉ်နေပါတယ်” လို့ NDAA အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဦးစိုင်းလင်းကွယ်လွန်သွားတဲ့အတွက် မိုင်းလားရဲ့ဦးဆောင်သူဟာ NDAA ရဲ့ ဒုတိယဥက္ကဋ္ဌတွေထဲက တယောက်ဖြစ်တဲ့ သားဖြစ်သူ ဦးထိန်လင်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက ပြောဆိုနေကြပါတယ်။

အခု ကွယ်လွန်သွားတဲ့ ဦးစိုင်းလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတယောက် ဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာ ဗကပမှ ခွဲထွက်ကာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်ပန်ဆိုင်းဇာတိ ရှမ်းတိုင်းရင်းသားဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်နန်းယဉ်မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်ရဲ့ သမီး ဖြစ်တယ်လို့ သိရပါတယ်။

ဦးစိုင်းလင်းအပါအဝင် မိုင်းလားအဖွဲ့ (NDAA) ရဲ့ ခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ခေတ်ကတည်းက လက်နက်ကိုင် ကာကွယ်ရေး လုပ်ဆောင်ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

မိုင်းလားအဖွဲ့ဟာ ‘ဝ’ တပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိမှာ နစကတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

မိုင်းလားတပ်ဖွဲ့အနေနဲ့ ရှမ်းပြည်အရှေ့ပိုင်း မြန်မာ – တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသ‌တွေကို အထူးဒေသ (၄) အဖြစ် ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုင်းလား #NDAAခေါင်းဆောင် #ဦးစိုင်းလင်း #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW