သံတွဲအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ကျော် လွတ်မြောက်ခဲ့

 

ဩဂုတ် ၉ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ သံတွဲအကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား အယောက် ၄၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မနေ့ ဩဂုတ် ၈ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

AA က သံတွဲအကျဥ်းထောင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က သိမ်းယူခဲ့တာဖြစ်ပြီး အကျဉ်းသား ၃၇၂ ယောက်ကို ဘေးလွတ်ရာကို ကယ်ထုတ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၄၃ ယောက်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က “အကျဉ်းသားတွေထဲမှာ နေမကောင်းတဲ့သူ၊ ဒဏ်ရာ ရထားတဲ့သူတွေလည်း ပါတယ်ကြားတယ်။ အခုကတော့ သံတွဲက တိုက်ပွဲငြိမ်နေတယ်လို့ ပြောရမယ်။ AA က သံတွဲကို မြို့ထဲမှာ တိုက်ပွဲမဖြစ်ဘဲ သိမ်းလိုက်နိုင်တာ။ အခု စစ်သားတွေလည်း မြို့ထဲမှာ တယောက်မှ မကျန်တော့ဘူး။ လောလောဆယ်ကတော့ တိုက်ပွဲကတော့ မရှိတော့‌ဘူးဆိုပေမယ့် လေကြောင်းရန်ကိုတော့ သတိထားနေရတုန်းပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ ကယ်ထုတ်လာခဲ့သူတွေထဲက နိုင်ငံရေး အကျဉ်းသားတွေကို AA က ဩဂုတ် ၆ ရက်နေ့ကစလို့ မိသားစုဆီ ပြန်လည် ပို့ဆောင်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရာဇဝတ်မှုကျုးလွန်ထားတဲ့ အကျဉ်းသားတွေကိုတော့ AA က ဆက်လက် ထိန်းသိမ်းထားပြီး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြန်လည် စစ်ဆေးလျက်ရှိကာ တရားနည်းလမ်းကျကျ ကိုင်တွယ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အကျဉ်းသား စုစုပေါင်း ၃၇၂ ယောက်ကို ကယ်ထုတ်ခဲ့ချိန်က နိုင်ငံရေးအကျဥ်းသား နှစ်ယောက်အပါအဝင် ခုနစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

အသက်မသေဘဲ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၄၁ ယောက်ထဲက ရောဂါ၊ ဒဏ်ရာပါလာသူ၊ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေတဲ့သူ ၁၇ ယောက်ကို ဆေးကုသမှုတွေ ပေးထားတယ်လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ကလည်း လားရှိုးအကျဉ်းထောင်ကို ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်နိုင်ခဲ့ပြီး တအာင်းလူမျိုး အကျဉ်းသား ၁၁၈ ယောက်ကို TNLA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #သံတွဲအကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #အယောက်၄၀ကျော် #AA #ကယ်ထုတ်နိုင်ခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW