ပြင်ဦးလွင် – ရန်ကုန် အဝေးပြေးကားလက်မှတ် ဩဂုတ်လ ၁၂ ရက်နေ့အထိ လက်မှတ်ကုန်နေ

 

ဩဂုတ် ၁၀ – ၂၀၂၄
SS (VOM)

ပြင်ဦးလွင် – ရန်ကုန် အဝေးပြေးကားလက်မှတ် ဩဂုတ်လ ၁၂ ရက်နေ့အထိ လက်မှတ်ကုန်နေပြီ ဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်းတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့အထိ ရောင်းထားတဲ့ လက်မှတ်တွေကိုလည်း ပုံမှန်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးထားပြီး ဈေးတက်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

“ပြင်ဦးလွင် – ရန်ကုန် အတက်ရော၊ အဆင်းရော ကားတွေရှိပါတယ်။ အခု လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းက ကားလိုင်းတချို့မထွက်ဘူး၊ လက်မှတ်ဈေးတွေလည်းတက်တယ် ပြောနေကြတယ်။ ယာဉ်လိုင်းတွေလည်း အကုန် ထွက်ပါတယ်။ ကားလက်မှတ်ခလည်း ပုံမှန်ပါပဲ။ အထူးကား ကျပ် သုံးသောင်းကိုးထောင်၊ ရိုးရိုးကား ကျပ် နှစ်သောင်းခုနစ်ထောင်။ ဈေးတောင်မပြောင်းပါဘူး။ ဒါပေမယ့် ကြိုတင်လက်မှတ်တွေ ဖြတ်ထားကြတာမို့ ဩဂုတ် ၁၂ ရက်နေ့ထိတော့ လက်မှတ်ဝယ်မရတော့ပါဘူး” လို့ ရန်ကုန်မြို့၊ အောင်မင်္ဂလာဝင်းရှိ အဝေးပြေးယာဉ်လိုင်းတခုမှ တာဝန်ခံတယောက်က ပြောပါတယ်။

လက်ရှိ လူမှုကွန်ရက်‌ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေမှာတော့ ပြင်ဦးလွင် – ရန်ကုန် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှုရပ်တန့်သွားသလို ပြင်ဦးလွင် – မန္တလေး ကားခတွေလည်း နှစ်ဆလောက်အထိ ဈေးတက်သွားတယ်လို့ သတင်းဖော်ပြမှုတွေ ရှိနေတာဖြစ်ပါတယ်။

“မန္တလေးနဲ့ ပြင်ဦးလွင်က လမ်းလျှောက်သွားရင်တောင် ရောက်နေတာကို။ ဆိုင်ကယ်တစီးရှိရင်ပဲ အခုသွား၊ အခုပြန် ရတယ်။ ပြင်ဦးလွင် – မန္တလေး ကားခတွေလည်း နှစ်ဆမတက်သေးပါဘူး။ ရှေ့ ကျပ် တသောင်း၊ နောက် ၉၀၀၀ ပါ” လို့ မန္တလေးမြို့က ကားလက်မှတ် အရောင်းဝန်ထမ်းတယောက်က ပြောပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်မြို့ရဲ့ စစ်ရေးသတင်း အခြေအနေကြောင့် ဩဂုတ် ၇ ရက်မှစတင်ကာ မြို့ကိုစွန့်ခွာသူတွေ ရှိနေပြီး အဲဒီနောက်ပိုင်းမှာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ ပတ်သက်လို့ သတင်းမှားတွေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခင် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်းကြောင့် ဒေသခံတွေ အလုံးအရင်းနဲ့ စတင် ပြောင်းရွှေ့နေကြတာတွေ ရှိခဲ့တဲ့အတွက် ဩဂုတ် ၈ ရက်က ပြင်ဦးလွင် – မန္တလေး ၁၆ မိုင်ဂိတ်မှာ စစ်ဘေးရှောင်လာသူတွေရဲ့ ကားတွေ ရာနဲ့ချီ ပိတ်မိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ပြင်ဦးလွင်_ရန်ကုန် #အဝေးပြေး #လက်မှတ် #ဩဂုတ်၁၂ရက်ထိ #ကုန်နေ

Related posts

Leave a Comment

VOM News

FREE
VIEW