CNG တက္ကဆီတွေ တရက်အုံနာကြေး ၃၇၀၀၀ အထိစျေးပေးနေရလို့ အငှားယာဉ်မောင်းတွေ အခက်တွေ့

 

သြဂုတ် ၁၀ – ၂၀၂၄
KG

CNG တက္ကဆီကားတွေ တစ်ရက်အုံနာကြေး ၃၇၀၀၀ အထိစျေးပေးနေရလို့ အငှားယာဥ်မောင်းနှင်သူတွေ အနေနဲ့ နေ့စဥ်အုံနာကြေးပေးသွင်းဖို့အခက်တွေ့နေရတယ်လို့ ရန်ကုန်တက္ကစီအဌားယာဥ်မောင်းနှင်သူတွေထံကနေ သိရပါတယ်။

“အရင်ကဆိုအုံနာကြေးကအဲ့လောက်မရှိဘူးလေ။ CNG ဂတ်စ်ကားမှတနေ့အများဆုံးပေးရ ၁၅၀၀၀ နဲ့ ၁၈၀၀၀ လောက်ပဲရှိတာလေ။အခုကခေတ်စနစ်တွေပြောင်းလာတော့အုံနာကြေးကတဖြေးဖြေးနဲ့တက်လာလိုက်တာအခုအုံနာကြေးနဲ့ ဆီဖိုးတင်တစ်နေ့ လေးသောင်းခွဲလောက်ရှာပြီးမှကျန်တာကိုကိုယ့်မိသားစုနဲ့အိမ်စရိတ်စျေးဖိုးအတွက်ရှာရတာပေါ့။အုံနာကြေးတက်လာတော့ အငှားယူပြီးမောင်းတဲ့သူတွေမှာအခက်အခဲတွေအများကြီးရှိလာပါတယ်။ တခါတလေ ကားဆွဲမကောင်းတဲ့နေ့မျိုးတွေဆိုအုံနာကြေးကကိုယ့်အိတ်ထဲကစိုက်ရတာပေါ့။လဆန်းပိုင်းရက်တွေဆိုရင်တော့တက္ကစီကဆွဲကောင်းတယ်။ဝန်ထမ်းတွေလစာထုတ်တော့သွားကြ၊လာကြနဲ့ လလယ်ပိုင်းနဲ့လကုန်ပိုင်းကျကားဆွဲရတာကပါးသွားတယ်၊ ကားငှားစီးတဲ့သူသိပ်မရှိဘူးပေါ့။ဆီကားကတော့သူကအုံနာကြေးအဲ့လောက်မရှိဘူး။ဒါပေမယ့် သူကဆီဖိုးတော့ပြန်ရှိမယ်။ဆီစျေးတွေကလည်းအခုကတအားတက်နေတော့တက္ကစီအဌားယာဥ်မောင်းတွေအတွက်နေ့စဥ်စားဝတ်နေရေးနဲ့အုံနာကြေးပေးနိုင်ရေးဆိုတာကအတော်လေးအခက်ရှိလာပါတယ်”လို့ ရန်ကုန်မြို့ရှိ တက္ကစီယာဥ်မောင်းတယောက် ကိုထွန်း(အမည်လွဲ)က ပြောပြခဲ့ပါတယ်။

အခုလိုတက္ကစီအငှားယာဥ်တွေရဲ့ အုံနာကြေးစျေးနှုန်း မြင့်တက်လာရခြင်းမှာခေတ်စနစ်အခြေအနေကြောင့်နဲ့ ယာဥ်ပြုပြင်ထိန်းသိမ်းရေးစရိတ်စကတွေဟာ အဆမတန်မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ တက္ကစီအငှားယာဥ်တည်ထောင်ထားသူအုံနာ(ကားပိုင်ရှင်)တွေက အခုလိုဆက်ပြီး ပြောပြပါတယ်။

“အခုကကားပြင်ရတဲ့စရိတ်စကတွေကမတအားတက်လာတယ်။တာယာတစ်လုံးတင်တသိန်းရှစ်သောင်းလောက်စျေးရှိနေတယ်။ယာဥ်ပြုပြင်ထိန်းသိမ်းရတဲ့အပိုင်းမှာအုံနာတွေအတွက်အခက်အခဲရှိလာပါတယ်။အခုကကားပိုင်အုံနာရော၊ယာဥ်မောင်းရောမလွယ်ကူတဲ့အခြေအနေတစ်ရပ်ပါ”လို့ အမည်မဖော်လိုတဲ့ တက္ကစီပိုင်ရှင်တယောက်က ပြောပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့ရဲ့ တက္ကစီအငှားယာဥ်စျေးကွက်တွင် CNG ကားဆိုပါက ကားအမျိုးအစားပေါ်မူတည်ပြီးတရက်ကို အုံနာကြေး ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျော်အထိရှိနေသလို ဆီကားဆိုပါက တရက်ကို အုံနာကြေး ၁၇၀၀၀ ကနေ ၂၀၀၀၀ အထိစျေးပေါက်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ပထမဦးဆုံးကတော့နေ့စဥ်အုံနာကြေးအရင်ရှာရ တာပေါ့။ပြီးတော့ဆီဖိုးရှာအဲဒါတွေအားလုံးပြီးမှကိုယ့်မိသားစုအတွက်အိမ်စရိတ်ရှာရတာပေါ့။တက္ကစီလောကကအခုဘယ်လိုဖြစ်လဲဆိုတော့အုံနာကြေးတွေတက်နေလို့မမောင်းဘဲကားပြန်အပ်လိုက်မယ်ဆိုရင်လည်းနောက်မှာမောင်းချင်တဲ့သူတွေကတန်းစီနေတယ်။ဒီနေ့ကားအပ်ရင်မနက်ဖြန်ကျကားကအခြားသူလက်ထဲရောက်ပြီ။အဲဒီတော့အဆင်ပြေတခါ၊မပြေတခါနဲ့ပဲသွားနေရတာပေါ့။တခါတလေဆွဲကောင်းတဲ့နေ့ဆို ရှစ်သောင်း၊တသိန်းလောက်ရတဲ့နေ့တွေလည်းရှိပါတယ်။ဒါကနေ့တိုင်းတော့မဟုတ်ပါဘူး”လို့ တက္ကစီယာဥ်မောင်းတယောက်က ဆက်ပြီးပြောပြခဲ့ပါတယ်။

Photo:KG

#Voiceofmyanmar #VOM #ရန်ကုန် #ဂတ်စ်တက္ကဆီ #အုံနာကြေး #၃၇၀၀၀မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW