အလုံမှာ နိုက်ကလပ်ကပြန်လာတဲ့ကား လူအုပ်ဝင်တိုက်လို့ သုံးယောက်သေ၊ လေးယောက်ဒဏ်ရာရ

 

ဩဂုတ် ၁၃ – ၂၀၂၄
GG (VOM)

ရန်ကုန်တိုင်း ၊အလုံမြို့နယ် ၊အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းစျေးမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ်ကို ကားတစီးကဝင်တိုက်ခဲ့ရာမှ ကားစောင့်နေသူ သုံးယောက်သေဆုံးခဲ့ပြီး လေးယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ဩဂုတ်လ ၁၃ ရက်နေ့၊မနက်အစော ၆ နာရီခွဲလောက်မှာ အိမ်စီးကားတစီးက ဆင်မင်းစျေးမှတ်တိုင်အနီးရပ်ထားတဲ့ကားကိုဝင်တိုက်ပြီး ကားစောင့်နေတဲ့ ပြည်သူခုနှစ်ယောက်ကိုထပ်မံဝင်တိုက်ရာမှ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မနက်အစောကဖြစ်တာ စဖြစ်တုန်းကတော့ သေဆုံးမရှိဘူး။ဆေးရုံရောက်မှသေဆုံးတာပါ။သေဆုံးတဲ့အထဲမှာအမျိုးသမီးတွေလည်းပါတယ်။တိုက်တဲ့ကားကအရှိန်ပြင်းတယ်။ရပ်ထားတဲ့ကားတိုက်ပြီးမှ ခရီးသည်တွေကိုတိုက်တာတောင် ခုလိုပြင်းတာ။တိုက်တဲ့ကားမှာကောင်လေးနဲ့ကောင်မလေးမောင်းလာတာ။ကလပ်ကပြန်လာကြတာ။ ” လို့ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်တယောက်ကပြောပါတယ်။

ကားတိုက်ခံရသူ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာလည်း ခြေထောက်နဲ့လက်ကျိုးသူတွေရှိတယ်လို့သိရပါတယ်။

“ဒီနေ့ မနက် Bus ကားစောင့်နေရင်း အရှိန်နဲ့ ကားဝင်တိုက်မှုကြောင့် ညီမရဲ့အဒေါ် နှစ် ယောက် ထိပြီးတယောက်က လက်ကျိုးတယ်။ တယောက်အသက်ဆုံးရှုံးလိုက်ရပါတယ်။ခေါင်းက ပလက်ဖောင်းနဲ့ ရိုက်မိပြီး ambulance ပေါ်မှာထဲကစိုးရိမ်ရတဲ့ အခြေနေဖြစ်သွားတာပါ။ ခေါင်းထိသွားတာဆိုတော့ ဆေးရုံရောက်တဲ့ထိအသိရော သတိရော ပါမလာတော့ဘဲ လက် လွတ်လိုက်ရပါတယ်။တန်ဖိုးမရှိတဲ့ သူတွေကြောင့် တန်ဖိုးရှိတဲ့ သူတွေအသက်ဆုံးရှုံးရတယ်။ ” လို့ ကားတိုက်ခံရပြီး သေဆုံးသူတွေထဲက မိသားစုဝင်တယောက်က သူ့ရဲ့လူမှုကွန်ယက်ကနေ ပြောဆိုထားပါတယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ဝင်ရောက်တိုက်ခဲ့တဲ့ ကားမောင်သူအမျိုးသားနဲ့အမျိုးသမီးကို သက်ဆိုင်ရာနယ်မြေရဲစခန်းကခေါ်ယူစစ်ဆေးကာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ညကလည်း ရန်ကုန် ၊မြောက်ဒဂုံမြို့နယ်မှာ ကားလမ်းမအလယ်မျဥ်းပေါ်တက်ပြီး အရက်စုသောက်တဲ့အမျိုးသားအဖွဲ့ ကားတိုက်ခံရပြီး တယောက်သေကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ကလည်း လိူင်သာယာမြို့နယ်မှာ ဖယ်ရီကားတိမ်းမှောက်လို့ လူ ၆၀ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇူလိုင်လ ၂၅ ရက်နေ့ကလည်း မှော်ဘီမှာ ကားနှစ်စီးတိုက်မှုဖြစ်ပြီး နှစ်ယောက်သေကာ ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Photo:CJ

#Voiceofmyanmar #vom #မှတ်တိုင်မှာကားစောင့်နေသူတွေကားတိုက်ခံရ #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW