တန်ပြန် အာဏာသိမ်းခံရတယ် ဆိုတဲ့သတင်း ကောလာဟလသာ ဖြစ်တယ်လို့ နစက ပြော

 

ဩဂုတ် ၁၄ – ၂၀၂၄
SS (VOM)

နစကဥက္ကဋ္ဌရဲ့ အာဏာကို နေပြည်တော်မှာ တန်ပြန်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ကောလာဟလသာ ဖြစ်တယ်လို့ နစကရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ နေပြည်တော်မှာ အာဏာသိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာတာနဲ့ ပတ်သက်လို့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် ကောလာဟလတွေကို အကောင့်တုတွေ၊ ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းကာ ဝါဒဖြန့် ထုတ်လွှင့်ခြင်းသာ ဖြစ်တယ်လို့ နစက က တုံ့ပြန် ပြောဆိုပါတယ်။

“လက်ရှိလူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Captain Seagull facebook အကောင့်ကနေစပြီး ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၈ နာရီခွဲဝန်းကျင်ကတည်းက စတင် ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ အဲဒီကနေတဆင့် ပြည်တွင်း၊ ပြည်ပ လောက်ကောင်တွေရဲ့ facebook အကောင့်အတုတွေအပြင် ပြည်ဖျက်မီဒီယာတချို့ကနေ ပြည်သူလူထု စိုးရိမ်မှုရှိအောင် အင်တိုက်အားတိုက် ဖြန့်ဝေခဲ့ကြပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံ့တာဝန်တွေကို တက်ညီလက်ညီ ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါတယ်” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်မှာ နစကခေါင်းဆောင်ကို လက်အောက်ခံ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တချို့က တန်ပြန်အာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ကြောင်း၊ ဩဂုတ် ၁၃ ရက်မှာတော့ နစကခေါင်းဆောင်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး အာဏာပြန်သိမ်းခဲ့ကြောင်း စတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

နစကခေါင်းဆောင်ဟာ ဒီကနေ့ ဩဂုတ်လ ၁၄ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Photo:CJ

#voiceofmyanmar #VOM #နေပြည်တော် #နစက #အာဏာပြန်သိမ်းသတင်း #ကောလာဟလ

Related posts

Leave a Comment

VOM News

FREE
VIEW