မုံရွာမှာ လက်နက်ကြီးကျလို့ ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာရ

 

ဩဂုတ် ၁၄ – ၂၀၂၄
SS (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောတောင် ကျေးရွာမှာ မနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းက ဈေးအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ ၁၁ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပြီး မုံရွာ – အမြင့်လမ်းဘေး ထနောင်းတော (တောင်) ရွာရှိ စျေးတန်းအလယ်ကို ကျရောက်ခဲ့တာကြောင့် အမျိုးသား သုံးယောက်၊ အမျိုးသမီး ရှစ်ယောက်၊ စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်း ဈေးချိန်မှာ လက်နက်ကြီး ကျလာတာဆိုတော့ လူစည်ကားတဲ့အချိန် ဖြစ်တော့ ထိခိုက်၊ သေဆုံး များတယ်။ သေဆုံးတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေထဲမှာ ကုန်စိမ်းစျေးသည်တွေရော၊ စျေးဝယ်သူတွေရော ပါတယ်။ ဒဏ်ရာ ရတဲ့သူတွေလည်း ၁၀ ယောက်လောက်ရှိတယ်။ ဈေးဆိုတော့ ရွာနဲ့အနီးတဝိုက်ကနေ ဈေးလာရောင်းကြတဲ့သူ‌တွေ၊ ဈေးဝယ်သူတွေရော ရှိတယ်။ အဲဒါကြောင့် သေဆုံး၊ ဒဏ်ရာရတွေက တခြားရွာကလူတွေလည်း ပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မုံရွာ – အမြင့်လမ်းဘေးရှိ ကျေးရွာတွေဟာ လက်နက်ကြီး ကျရောက်မှု မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးသူ များပြားလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မုံရွာ – အမြင့်လမ်းဘေးရှိ လင်းပိုးရွာနဲ့ လင်းပင်ဝရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ကာ ကိုးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဇွန်လ ၄ ရက်နေ့ကလည်း အဲဒီ ထနောင်းတော (တောင်) ရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း အဲဒီ မြို့နယ်အတွင်းက ရေကန်စုကျေးရွာထဲ လက်နက်ကြီး ကျရောက်ခဲ့လို့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးခဲ့ကာ ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မုံရွာ #လက်နက်ကြီးကျ #ဒေသခံ၁၁ယောက် #သေဆုံး #၁၀ယောက်ထက်မနည်း #ပြင်းထန်ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW