ဗဟိုဘဏ်က ဘဏ်အပ်ငွေ အတိုးနှုန်း တိုးမြှင့်သတ်မှတ်

 

ဩဂုတ် ၁၅ – ၂၀၂၄
SS (VOM)

ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်အပ်ငွေ အတိုးနှုန်းတွေနဲ့ ချေးငွေအတိုးနှုန်းတွေကို တိုးမြှင့် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ သြဂုတ် ၁၄ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

ဘဏ်အပ်ငွေ အတိုးနှုန်းကို ၇ ရာခိုင်နှုန်းကနေ ၉ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပြီး တခြားဘဏ်တွေအနေနဲ့ အပ်ငွေ အတိုးနှုန်းကို ၇ ရာခိုင်နှုန်း၊ ချေးငွေအပေါ် ကောက်ခံတဲ့ အတိုးနှုန်းကို အများဆုံး ၁၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

“ဒီလို ပြင်ဆင်သတ်မှတ်လိုက်တယ် ဆိုတာက ကျပ်ငွေတန်ဖိုးတွေ ထိုးကျနေတာကို ကုစားဖို့ဖြစ်နိုင်တယ်။ လက်ရှိ စျေးကွက်ထဲမှာက လူထုက ဘဏ်တွေအပေါ် ယုံကြည်မှု လျော့နည်းနေချိန်လည်း ဖြစ်တယ်ဆိုတော့ ဒီလုပ်ဆောင်ချက်က ယုံကြည်မှု ပြန်လည်ရရှိအောင် တည်ဆောက်တာလည်း ဖြစ်နိုင်တယ်။ စျေးကွက်က ဘယ်လို တုံ့ပြန်လာမလဲဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပေါ့” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိ ပြင်ဆင် သတ်မှတ်ချက်တွေထဲမှာ ဘဏ်တွေအနေနဲ့ မိမိတို့ရဲ့ အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ အပ်ငွေနဲ့ ချေးငွေ အတိုးနှုန်းတွေကို ၇ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမှာဖြစ်တယ်လို့လည်း ပါရှိပါတယ်။

နိုင်ငံတော်ရဲ့ မူဝါဒအရ လက်ရှိ ထုတ်ချေးပေးလျက်ရှိတဲ့ အထူးချေးငွေတွေရဲ့ အတိုးနှုန်းတွေကတော့ ပြောင်းလဲမှုမရှိဘူးလို့ သိရပြီး အခု အတိုးနှုန်းပြင်ဆင်ချက်တွေက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ အကျိုးသက်ရောက်မှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က အသိပေးထားပါတယ်။

ဗဟိုဘဏ်အနေနဲ့ ရည်ညွှန်းငွေလဲနှုန်းအဖြစ် အမေရိကန် တဒေါ်လာကို ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Online Trading Market မှာတော့ တဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်မှာတော့ မနေ့ ဩဂုတ် ၁၄ ရက်၊ နေ့လယ်ပိုင်းမှစတင်ကာ အမေရိကန်ဒေါ်လာ ငွေလဲစျေးတွေ ပြန်လည်ကျဆင်းနေပြီး ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်လည် မြင့်တက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့၊ ညနေပိုင်းက အမေရိကန်တဒေါ်လာကို ကျပ် ၇၀၀၀ ကျော်နဲ့ ထိုင်းဘတ် ကျပ် ၂၀၀ ကျော်အထိ စျေးနှုန်းတွေ မြင့်တက်ခဲ့ပေမယ့် ဒီကနေ့ ဩဂုတ် ၁၅ ရက်၊ နေ့လယ်ပိုင်းမှာတော့ အမေရိကန်တဒေါ်လာ ၆၅၀၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ကျပ် ၁၈၅ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ဗဟိုဏ် #ဘဏ်အပ်ငွေ #အတိုးနှုန်း #တိုးမြှင့်သတ်မှတ်

Related posts

Leave a Comment

VOM News

FREE
VIEW