PV ပတ်စ်ပို့ကိုင်ထားသူတွေ အလုပ်ဗီဇာနဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ ပိုမိုခက်ခဲလာ

 

ဩဂုတ် ၁၅ – ၂၀၂၄
SN (VOM)

PV ကိုင်ထားပြီး အလုပ်ဗီဇာနဲ့ ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ်ပြီး တားမြစ်မှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့ ဩဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အခုအခါ ပြည်ပနိုင်ငံတွေဆီ အလည်ဗီဇာနဲ့ သွားရောက်လည်ပတ်နိုင်ဖို့ ထုတ်ပေးတဲ့ (Passport for Visit – PV) အမျိုးအစား ကိုင်ဆောင်သူတွေဟာ အလည်အတွက် မဟုတ်ဘဲ အလုပ်အကိုင်ဗီဇာတွေ လျှောက်ထားရယူကာ ပြည်ပကို သွားရောက် လုပ်ကိုင်လျက်ရှိကြပြီး ပြည်ပမှာ အခက်အခဲပြဿနာ တစုံတရာ ပေါ်ပေါက်ပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေဖို့အတွက် ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပါက နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားရာမှာ (Passport for Job- PJ) အမျိုးအစားကို လျှောက်ထားရယူပြီး အလုပ်သမားဝန်ကြီးဌာနမှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ OWIC ကတ် လျှောက်ထားရယူပြီး တရားဝင် သွားရောက် လုပ်ကိုင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေ အနေနဲ့ အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ရရှိမှသာ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ၁၉၉၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ လေဆိပ်နဲ့ နယ်စပ်ဂိတ်အားလုံးမှာ ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်မယ့်သူတွေ OWIC ကတ် ပါ၊ မပါ စစ်ဆေးပြီး မပါတဲ့သူတွေကို တားမြစ်နေရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီ သတ်မှတ်ချက်က PJ (ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ်) ကနေ PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ကို ငွေအကုန်အကျခံပြီး ပြောင်းထားတဲ့ လူတွေအတွက် အတော့်ကို ဒုက္ခဖြစ်စေတယ်။ အခုက တောက်လျှောက် တခုပြီးတခု ကန့်သတ် ပိတ်ပင်လာတာဆိုတော့ လူငယ်တွေအနေနဲ့ ပြည်ပ သွားရောက်ခွင့် မရှိတော့သလိုဖြစ်နေတယ်။ ပညာရေးသွားမယ့် လူငယ်တွေ၊ စီးပွားရေးအတွက် သွားမယ့် လူငယ်တွေအတွက်လည်း ပိုပြီးခက်ခဲသွားစေတယ်” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

OWIC ကတ်ရဖို့အတွက် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တလချင်း (ဒါမှမဟုတ်) သုံးလပေါင်း လစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ မိမိတို့ရဲ့ မိသားစုဆီ လွှဲရမယ့်အပြင် ၂ ရာခိုင်နှုန်း အခွန်ဆောင်ရမှာလည်း ဖြစ်ပါတယ်။

ဒါအပြင် စစ်မှုထမ်းဖို့ အကြောင်းကြားစာ ရောက်တဲ့အခါမှာ ပြည်ပအလုပ် စာချုပ်ပြီးတာနဲ့ ပြည်တွင်းကိုပြန်လာပြီး စစ်မှုထမ်းမယ်ဆိုတဲ့ ဝန်ခံကတိတွေ ပေးနိုင်မယ့်သူကိုသာ OWIC ကတ် ထုတ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

#voiceofmyanmar #VOM #အလည်အပတ်ဗီဇာ #ပြည်ပ #အလုပ်လုပ်ခွင့် #ထပ်မံ #တားမြစ်

Related posts

Leave a Comment

VOM News

FREE
VIEW