တာမွေမြို့နယ်မှာ အဖွားအိုတယောက်တည်း နေအိမ်မှာ ရှိနေစဉ် လုယက်မှုဖြစ်ပွား

 

ဩဂုတ် ၁၉ – ၂၀၂၄
SN (VOM)

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ မနေ့ ဩဂုတ် ၁၈ ရက်၊ ညပိုင်းက အဖွားအိုတယောက်တည်း နေအိမ်မှာ ရှိနေစဉ် လုယက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ (MMRO) က သိရပါတယ်။

အဲဒီဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ ၁၆၆ လမ်း လေးလွှာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဖွားအို တယောက်တည်း နေအိမ်မှာရှိနေစဉ် ဝင်ရောက်လုယက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“လုယက်သူတွေက အဖွားအိုကို ထိုးကြိတ်တာ၊ လည်ပင်းညှစ်တာ၊ မျက်နှာကို ခေါင်းအုံးနဲ့ဖိတာတွေ လုပ်နေတဲ့အချိန် ရှစ်လွှာမှာနေတဲ့ သမီးဖြစ်သူ ရောက်လာပြီး တံခါးဖွင့်မရလို့ တခြား တိုက်ခန်းမှာနေနေတဲ့သူတွေရဲ့ အကူအညီနဲ့ တံခါးဖျက်ပြီး ဝင်ရတယ်။ အဲဒီမှာ လုယက်သူတွေက ဘေးပြတင်းပေါက်ကနေ ခုန်ချပြီး ထွက်ပြေးကြတယ်။ ရပ်ကွက်ထဲကလူတွေလိုက်ဖမ်းလို့ တယောက်တော့ မိတယ်။ တယောက်ကတော့ လွတ်သွားတယ်။ လွတ်သွားတဲ့သူဆီမှာ ရွှေနဲ့ ငွေသားတချို့ ပါသွားတယ်” လို့ MMRO အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ လုယက်သူတယောက်ကို ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးဖမ်းဆီးပြီး ဒဏ်ရာရလူနာကိုတော့ MMRO အဖွဲ့ရဲ့ အကူအညီနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၁ ရက်ကလည်း တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ ပုညဝတီလမ်းမှာရှိတဲ့ TK အမည်ရှိ ရွှေဆိုင်တဆိုင်မှာ လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဧပြီလ ၂၃ ရက်နေ့ကလည်း တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်းနဲ့ မေတ္တာလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ Mobile House ဖုန်းဆိုင်ကို သေနတ်အတုနဲ့ ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့သလို ဧပြီလ ၃ဝ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ လမ်း ၁၂၀ က အထည်လိပ်ဆိုင်တဆိုင်မှာ လုယက်မှုဖြစ်ပွားခဲ့ပါသေးတယ်။

ဒါအပြင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့မှာ တက္ကစီယာဉ်မောင်းကို ဓားနဲ့ထိုးကာ ကားလုယက်ယူဆောင်ပြီးနောက် ရပ်ထားတဲ့ ကား ၁၀ စီးကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း အဲဒီ တာမွေမြို့နယ်မှာပဲ ၁၅၆ လမ်းက နေအိမ်တိုက်ခန်းမှာ ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်မှာ လုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Photo:MMRO

#voiceofmyanmar #VOM #တာမွေမြို့နယ် #အဖွားအိုတယောက်တည်း #နေအိမ်မှာရှိနေစဉ် #လုယက်မှုဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW