ပဲခူးမှာ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားကျောင်းသူတွေကို စက်သုံးဆီ ဦးစားပေးစနစ်နဲ့ရောင်းဖို့ ညွှန်ကြား

 

သြဂုတ် ၁၉ ၊ ၂၀၂၄
MS (VOM)

ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုတွေအရ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ပဲခူးမြို့မှာ စက်သုံးဆီကို ဦးစားပေးရောင်းချမှုကို ယနေ့သြဂုတ် ၁၉ရက်က စတင်ပြုလုပ်နေကြောင်းသိရပါတယ်။

အဆိုပါဦးစားပေး အစီအစဉ်အရ ပဲခူးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားကျောင်းသူတွေ ဆီလာရောက် ဝယ်ပါက စက်သုံးဆီငွေကျပ်၂၀၀၀၀ဖို့ နဲ့ ဆိုင်ကယ်ဆီအပြည့် ကို မနက်၇ ကနေ ၈နာရီအတွင်း အထူးအစီစဉ် အဖြစ်ရောင်းပေးသွားရမယ်လို့ဆိုပါတယ်။

” အစိုးရ ဝန်ထမ်းနဲ့ကျောင်းသားကျောင်းသူတွေ အဆင်ပြေအောင်ရောင်းပေးဖို့ အစည်းအဝေးခေါ်ပြောထားလို့ ဒီနေ့ကစပြီးရောင်းပေးနေတယ် ။ မနက်၇နာရီကနေ၈နာရီအတွင်းပေါ့။ ကျန်တဲ့အချိန်ကတော့ ဝန်ထမ်းနဲ့ကျောင်းသားမဟုတ်သူတွေကိုရောင်းပေးနေတာ။ ဆီဆိုင်တိုင် အဲဒီအစီစဉ်လုပ်ပေးရတာပဲ ။ လိုတာကတော့ ဝန်ထမ်းကတ် နဲ့ကျောင်းသားကတ်ပဲ အဲဒီ့ကတ်တွေပြဝယ်ရင်ရတယ်”လို့ ပဲခူး မြို့က ဆီအရောင်းဆိုင် တစ်ခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စက်သုံးဆီကို ဦးစားပေးရောင်းပေးဖို့ အတွက် ပြီးခဲ့တဲ့သြဂုတ်လ ၁၈ရက် မနက်ပိုင်းက ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး ၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ (၂) မှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုတွင် ဆီအရောင်းဆိုင်ပိုင်ရှင် တွေ ခေါ်တွေ့ကာ ညွှန်ကြားချက်ထုတ်လုပ်တာလို့ဆိုပါတယ်။

ဦးစားပေးအစီစဉ်မှာ ဝယ်ယူနိုင်တဲ့ အစိုးရဝန်ထမ်းနဲ့ ကျောင်းသားကျောင်းသူတွေက စက်သုံးဆီနဲ့ပတ်သက်ပြီး တစုံတခုအအကျိုးအမြတ်ရဖို့ မသမာမှုုပြုလုပ် တာကိုတွေ့ပါက သတင်းပေးတိုင်ကြားနိုင်တယ်လို့ လည်းညွှန်ကြားချက်မှာဖော်ပြထားပါတယ်။

” စက်သုံးဆီကို အခုလိုဦးစားပေးရောင်းဖို့ လုပ်တာက တပြေးညီဖြစ်မနေဘူး ။ ဒါကအခွင့်ထူးခံသဘောမျိုးဖြစ်နေတယ်။ မနက်စောစောထပြီး ဆီဝယ်သူတွေအနေနဲ့ နစ်နာတာပေါ့ ဘယ်လောက်ပဲ ၁နာရီလောက်လေးဦးစားပေးရတယ်ပြောပြော လူတိုင်းမှာ အချိန်အတွက်အရေးကြီးတာတွေရှိနေတာပဲ။ အစိုးရဝန်ထမ်းတွေရဲ့ အချိန်ကပဲအရေးကြီးနေတယ် မှတ်လို့မရဘူးလေ”လို့ စက်သုံးဆီဝယ်ယူ ဖို့ ဆီတန်းစီနေသူတယောက်ကပြောပါတယ်။

လတ်တလော စက်သုံးဆီခွဲတမ်း နည်းပါးတဲ့ ကာလအတွင်းလုပ်ငန်းများ ၊ဝန်ထမ်းများ နဲ့ပြည်သူများ စနစ်တကျ စက်သုံးဆီဝယ်ယူနိုင်ဖို့နဲ့ စက်သုံးဆီဆိုင်တွေကနေ စနစ်တကျရောင်းချပေးနိုင်ဖို့အတွက် အထူးအစီစဉ်နဲ့ စက်သုံးဆီရောင်းပေးဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရဲ့ညွှန်ကြားချက်အရသိရပါတယ်။

ဒီကနေ့ ရဲ့ စက်သုံးဆီလက်ကားရည်ညွှန်းဈေး က အနိမ့်ဆုံး ဓာတ်ဆီ 92 တစ်လီတာကို ၂၉၉၀ကျပ် ၊ ဓာတ်ဆီ95တစ်လီတာကို ၃၁၄၀ကျပ် ၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၆၂၀ကျပ် နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၃၂၀၀ကျပ် သတ်မှတ်ထား တာကြောင့် ယခင်ဈေးထက် ဆီတစ်လီတာကို ငွေ၁၀၀ကျပ် ဝန်းကျင်ဈေးတက်လာကာ ပြင်ပစက်သုံးဆီပေါက်ဈေးမှာလည်း တစ်လီတာ ငွေကျပ်၅၀၀၀ကျော်အထိ ဈေးကွက်ဖြစ်နေကြောင်း သိရှိရပါတယ်။

photo – CJ

#voiceofmyamar #VOM #စက်သုံးဆီ #ဝန်ထမ်း #ကျောင်းသား #ပဲခူးတိုင်း # ဈေးတက်

Related posts

Leave a Comment

VOM News

FREE
VIEW