ကုန်စည်အဝင် ရပ်ဆိုင်းနေတာကြောင့် ပူတာအိုခရိုင်ရှိ မြို့တချို့မှာ အခြေခံစားကုန် ပြတ်လပ်

ဩဂုတ် ၂၁ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ရှိ မြို့နယ်တချို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်စည်အဝင် ရပ်ဆိုင်းနေပြီး အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် မေခနဲ့ မလိခမြစ် အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ လမ်းပျက်စီးမှုတွေကြောင့် ကားတွေသွားလာလို့မရ ဖြစ်နေပြီး ပူတာအိုခရိုင်အတွင်းက နောင်မွန်း၊ ပနန်းဒင်နဲ့ ခေါင်လန်ဖူးမြို့နယ်တို့မှာ ကုန်စည်ဝင်ရောက်မှု ရပ်ဆိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
“အခုအခြေအနေက အခြေခံစားသောက်ကုန်က ပြတ်သလောက်ဖြစ်နေပြီ။ အဓိက က ဆန်မရှိတော့တာ။ ဆန်မရှိတော့ ဆန်ပြုတ် ပြုတ်သောက်နေရတယ်။ တဖြည်းဖြည်း ကြာလာတော့ ဆန်ပြုတ်တောင် နပ်မမှန်ချင်ကြတော့ဘူး။ ဒေသခံတွေ တော်တော်လေးကို ဒုက္ခရောက်နေကြတယ်။ ကုန်တွေမဝင်တာလည်း နှစ်လလောက် ရှိနေပြီလေ” လို့ ခေါင်လန်ဖူးမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းရှိ တီယန်ဇွပ်၊ ဆွမ်ရာဘွမ်၊ ဖုန်ကျန်း၊ လုံရှာယန်လမ်းတွေ အပြင် ပူတာအို – ခေါင်လန်ဖူးလမ်း၊ ပူတာအို – နောင်မွန်းလမ်းပိုင်းတွေလည်း ပျက်စီးနေတာဖြစ်တယ်လို့ သိရပါတယ်။
အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတာကြောင့် ဒေသခံတွေဟာ အာလူး၊ ပြောင်း၊ အူလိုင်၊ ဆပ် စတဲ့ ဒေသထွက်သီးနှံတွေကိုသာ အားထား စားသောက်နေရတယ်လို့ သိရပါတယ်။
“ပစ္စည်းပြတ်တော့ ထုံးစံအတိုင်း ဈေးတွေကလည်း အရမ်းကိုတက်သွားတယ်။ ရီဒမ်းတကြောမှာ ဆန်တအိတ်ကို ကျပ် ခြောက်သိန်းလောက်ရှိနေပြီ။ တချို့ နေရာတွေဆို ဆန်တအိတ် ကျပ် ဆယ်သိန်းကျော်လောက်အထိ ဈေးပေါက်နေပြီ။ ဆန်ပြတ်နေလို့ ပိုက်ဆံရှိတဲ့သူတွေတောင် လိုချင်တိုင်း ဝယ်လို့မရကြဘူး။ လက်လုပ်လက်စားသမားတွေဆို ပိုဆိုးတာပေါ့” လို့ နောင်မွန်းမြို့နယ်မှ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ မြို့နယ်တွေဟာ အအေးပိုင်းဒေသဖြစ်တာကြောင့် စပါးစိုက်ပျိုးဖြစ်ထွန်းမှု မရှိတဲ့အတွက် ဒေသခံတွေဟာ နှစ်စဉ် မတ်လမှ မေလအတွင်း မိုးရာသီအတွက် ရိက္ခာစုဆောင်းလေ့ရှိပေမယ့် အခုနှစ်မှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတာကြောင့် ကုန်ကားတွေ ရောက်ရှိနိုင်ခြင်းမရှိတော့ဘဲ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကနေ ဇွန်လ ပထမပတ်အထိ ကာလအတွင်းကလည်း နစကတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေကြောင့် ပူတာအို – မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းကြောမှာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့တဲ့အတွက် ပူတာအိုမှာ ကုန်စည်ပြတ်လပ်မှုနဲ့အတူ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီနောက် နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းမှုကြောင့် ဇွန်လ ၈ ရက်နေ့မှစတင်ကာ ကားလမ်းကို အကန့်အသတ်နဲ့ ပြန်လည် အသုံး ပြုခွင့်ပေးခဲ့ပေမယ့် နှစ်ပတ်ကျော်အကြာမှာတော့ ရေကြီးရေလျှံပြီး မြေပြိုကျကာ လမ်းပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ကားတွေ သွားလာမရ ဖြစ်နေတယ်လို့ သိရပါတယ်။
Photo:CJ (မိုးရွာ၊ မြေပြိုမှုကြောင့် ပူတာအိုလမ်းပိုင်းတွေ ပျက်စီးနေမှုကို ဇွန်လအတွင်းက တွေ့ရစဉ်)

Related posts

Leave a Comment

VOM News

FREE
VIEW