ဗီယက်နမ် တောနက်ထဲမှာ ငါးရက်ကြာပျောက်နေတဲ့ ကလေးငယ်ကို အသက်ရှင်လျက် ပြန်တွေ့

ဟနွိုင်း၊ ဩဂုတ်-၂၂-၂၀၂၄
ရတီ (VOM)
ဗီယက်နမ်နိုင်ငံ တောနက်ထဲမှာ ငါးရက်ကြာ ပျောက်ဆုံးနေတဲ့ ခြောက်နှစ်အရွယ်ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံအနောက်မြောက်ပိုင်း ယန်ဘိုင်ပြည်နယ်မှာနေထိုင်တဲ့ ဒန်တီလမ်ဆိုတဲ့ ကလေးငယ်ဟာ မွေးချင်းကိုးယောက်နဲ့အတူ စမ်းချောင်းမှာရေဆော့ပြီး တောင်ကုန်းပေါ်ကို လမ်းလျှောက်ရာကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
တောစပ်နာက သစ်ကြမ်းပင်တွေကိုခုတ်နေတဲ့ လယ်သမားတွေက ကလေးငိုသံကြားရလို့ ရှာဖွေရာ အနီရောင်တီရှပ်နဲ့ ဘောင်းဘီတိုဝတ်ဆင်ထားတဲ့ သူ့ကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့နေရာကနေ ၃ ဒသမ ၇ မိုင်အကွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အရမ်းအားနည်းနေတယ်လို့ ဆိုပါတယ်။
သူဟာ လမ်းပျောက်ခဲ့တဲ့အချိန်တွေအတွင်း တောထဲက အရွက်တွေ၊ တခြားသစ်သီးတွေကိုစားပြီး ရေကိုသာသောက်ခဲ့ရတယ်လို့ သူကပြောပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပါတယ်။
ကလေးငယ်ကို ရှာဖွေဖို့အတွက် ဒေသဆိုင်ရာ တာဝန်ရှိသူတွေဟာ ရဲ၊ စစ်သားနဲ့ ဒေသခံစေတနာ့ဝန်ထမ်းတွေ အပါအဝင် လူ ၁၅၀ ကျော်ကို စုစည်းပြီး တောနင်းရှာဖွေခဲ့ရတယ်လို့ သိရပါတယ်။
Ref:BBC
Photo:Vietnamese State Media

Related posts

Leave a Comment

VOM News

FREE
VIEW