ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာပေးချေမှု နိုင်ငံ့ဝန်ထမ်းတွေအတွက် အဆင်မပြေနိုင်ဘူးလို့ ဆို

ဩဂုတ် ၂၃ – ၂၀၂၄
SN (VOM)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံ့ဝန်ထမ်းလစာကို ငွေသားအစား ဒီဂျစ်တယ်နည်းလမ်းနဲ့ ပေးချေနိုင်ရေးဆောင်ရွက်မှု အဆင်ပြေမှု မရှိနိုင်ဘူးလို့ ဝန်ထမ်းတွေက ပြောပါတယ်။
နိုင်ငံ့ဝန်ထမ်းလစာကို ငွေသားအစား ဒီဂျစ်တယ်နည်းဖြင့် လစာငွေ ပေးချေနိုင်ဖို့အတွက် ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာငွေပေးချေနိုင်စေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားပါတယ်။
“ဒီအတွက်က လျှပ်စစ်မီး မှန်ဖို့ရယ်၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ကောင်းဖို့ လိုအပ်တယ်။ အဲဒါတွေက ခုချိန်မှာ တခုမှ အဆင်မပြေသေးဘူး။ အဲဒီတော့ ဒီဂျစ်တယ်နဲ့ လစာထုတ်ဖို့က အဆင်မပြေလောက်ဘူး။ နောက်ပိုင်း ဘဏ်တွေမှာ အခက်အခဲရှိလာနိုင်တယ်။ ATM စက်တွေ အလုပ် မလုပ်တာမျိုး ဖြစ်လာရင် ကိုယ့်လစာလေးတခါရဖို့ ATM စက်တွေရှေ့မှာ အချိန်အကြာကြီး သွားတန်းစီနေရတာမျိုးတွေ ဖြစ်လာနိုင်တယ်” လို့ ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတယောက်က ပြောပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဝန်ထမ်းလစာ ပေးချေမှုအတွက် လုပ်ပိုင်ခွင့်ရထားတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေထဲမှာ KBZ , UAB , CB , AYA , Wave Money , OK Dollar , Zego Money , UniPay , True Money , Trusty Ecommerce , A Bank , AGD , MAB , MCB , M-ပိုက်ဆံနဲ့ ရွှေဘဏ် အစရှိတဲ့ ဘဏ်တွေပါဝင်တာကို တွေ့ရပါတယ်။
ဘဏ်အလိုက် Payroll Service ရယူမယ့် ဝန်ထမ်းအင်အားစာရင်း၊ ဘဏ်/ငွေရေးကြေးရေးအဖွဲ့အစည်းနဲ့ Payroll Service ရယူမယ့် အခြေအနေကို ဗဟိုဘဏ်ထံ တင်ပြဖို့ လိုအပ်မယ်လို့ အသိပေးထားပါတယ်။
ကတ်နဲ့ လစာငွေရယူတဲ့ ဝန်ထမ်းတွေ လစာထုတ်ယူဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ATM စက်တွေ တပ်ဆင်ထားပြီး ရန်ကုန်တိုင်းမှာ AMT စက် ၁၉၀၈ လုံး၊ မန္တလေးတိုင်းမှာ ၇၀၇ လုံး၊ နေပြည်တော်မှာ ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာပါက ထပ်မံ တိုးချဲ့ပေးမယ်လို့ ဆိုပါတယ်။
“ဘယ်သူမဆို လကုန်တာနဲ့ လစာတန်းလိုချင်ကြတာ။ ငွေသားပေးတာကိုပဲ လိုချင်တာ။ စက်ထဲက တခါသွားထုတ်ဦး၊ Mobile Banking တွေကနေ တခါ ထုတ်ဦးနဲ့ အချိန်သပ်သပ်ပေးနေရတာမျိုး မလိုချင်ဘူး။ အွန်လိုင်းစနစ်က အဆင်မပြေတာမျိုး ကြုံရတတ်တယ်လေ။ လစာရတာနဲ့ အိမ်လခ တန်းပေးရမှာ ရှိ‌သေးတယ်။ အကြွေးဆပ်စရာရှိတယ်။ ရတဲ့ လစာအမောင့်နည်းနည်းလေးနဲ့ ဒီခေတ် ကုန်ဈေးနှုန်းနဲ့ အဆင်ပြေအောင် မနည်းစီစစ်ပြီး သုံး‌နေရတာ။ ဘဏ်အကောင့်ထဲလည်း ဘယ်သူမှ သိမ်းမထားနိုင်ဘူး။ ရတာနဲ့ အကုန်တန်းထုတ်ရမှာ။ အဲဒီတော့ ဒီစနစ်က ကိုယ်တွေအတွက်တော့ အလကားပဲ။ အလုပ် အပိုရှုပ်လာမှာပဲရှိမယ်” လို့ နောက်ထပ် ဝန်ထမ်းယောက်က ပြောပါတယ်။
နစကအနေနဲ့ နိုင်ငံဝန်ထမ်းတွေ ကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လစာငွေပေးချေရာမှာ Pilot ပရောဂျက်အဖြစ် နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၃၄ ခုမှ ဝန်ထမ်းတွေကို ဒီဂျစ်ငွေကြေးနဲ့ လစာပေးခဲ့ရာမှာ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် ၂၀၂၃ ခုနှစ်၊ မေလမှစတင်ကာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွင်းက ဝန်ထမ်းတွေရဲ့ လစာငွေတွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ကျပ် ကိုးဘီလီယံကျော်အထိ လစဉ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဒီစနစ် အောင်အောင်မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်ဖို့က နိုင်ငံတည်ငြိမ်အေးချမ်းပြီး စီးပွားရေးစနစ် ကောင်းဖို့လိုတယ်။ လက်ရှိ အခြေအနေနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး။ ပြည်သူတွေအတွက် ဆိုတာထက် နစက က သူတို့ရဲ့ ဘတ်ဂျက်လိုငွေအရ လုပ်နေတာ။ ဝန်ထမ်းတွေအတွက် ပိုပြီး ခက်ခဲသွားဖို့ပဲရှိတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ပြည်သူလူထုကြားမှာတော့ ဒီဂျစ်တယ်စနစ်နဲ့ လစာပေးချေမှု အဆင်ပြေစေရေးဟာ အင်တာနက်လိုင်းကို အဓိက မှီခိုရမှာဖြစ်လို့ တနိုင်ငံလုံးရဲ့ ဘယ်နေရာမှာမဆို အင်တာနက် လွတ်လပ်စွာ အသုံးပြုနိုင်ဖို့ လိုအပ်တယ်လို့ ပြောဆိုနေကြပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW