ကုန်စည်တွေကို လေကြောင်းလိုင်းကသာ တင်သွင်းနေရလို့ ပူတာအိုမှကုန်ဈေးနှုန်း ဆက်လက် မြင့်တက်

ဩဂုတ် ၂၄ – ၂၀၂၄
SS (VOM)
ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် အခြေခံစားသောက်ကုန်တွေကို လက်ရှိမှာ လေကြောင်းလိုင်းတခုတည်းကသာ တင်သွင်းနေရတာကြောင့် ကုန်ဈေးနှန်းတွေ ဆက်လက် မြင့်တက်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း နေရာတချို့ မြေပြိုခြင်း၊ တံတားပျက်စီးခြင်းနဲ့ လမ်းပြိုကျခြင်းတွေ ဖြစ်ပေါ်နေတဲ့အတွက် အခြေခံ စားသောက်ကုန်တွေကို လေကြောင်းလိုင်း တခုတည်းကသာ သယ်ယူနေရတာဖြစ်တယ်လို့ သိရပါတယ်။
“ကားလမ်းတွေက အခုထိ ပြင်နေတုန်းဆိုတော့ လေကြောင်းကနေပဲ ကုန်တွေသယ်နေရတာ။ လေယာဉ်နဲ့ဆိုတော့ ကုန်ပစ္စည်းတွေက လိုသလောက်အကုန် တင်လို့မရဘူး။ အဲဒီတော့ ဒီကရှိသမျှ ပစ္စည်းတွေအကုန် ဈေးတက်နေတာ။ ဈေးတွေက အဆမတန်ဖြစ်နေတော့ ဝယ်စားနိုင်တဲ့သူက မရှိသလောက်ဘဲ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ပူတာအိုမြို့ပေါ်မှာ အသင့်စား ခေါက်ဆွဲခြောက် တထုပ် ၂ဝဝဝ ကျပ်၊ စားသုံးဆီ တပိသာ လေးသောင်းကျပ်၊ ဆားတထုပ် ၅ဝဝဝ ကျပ်၊ ရွှေဝါဆပ်ပြာခဲ တခဲ ၃ဝဝဝ ကျပ်အထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။
ဆန် ရှစ်ပြည်ပါတဲ့ ဒေသအခေါ် ဆန်တပုံးကို ကျပ် တသိန်းခွဲအထိ ပေးနေရပြီး ဆန်စျေးနှုန်းမှာ ရန်ကုန်၊ မန္တလေး စျေးကွက်နဲ့ နှိုင်းယှဉ်ရင် သုံးဆလောက် ကြီးမားနေတာကြောင့် ဒေသခံတချို့မှာ ဆန်မဝယ်နိုင်တဲ့အတွက် ဆန်ပြုတ်သောက်ရသူတွေပင် ရှိနေတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိမှာ စက်သုံးဆီရောင်းချပေးနေတဲ့ ဆီဆိုင်ကြီးတွေကလည်း ဆီပြတ်သွားပြီဆိုတဲ့အကြောင်းပြချက်နဲ့ ပြည်သူတွေ လိုသလောက် ရောင်းချပေးတာမျိုး မရှိတော့တဲ့အတွက် အကန့်အသတ်နဲ့သာ ခက်ခက်ခဲခဲ ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။
အဲဒီလို စက်သုံးဆီ ပြတ်လပ်နေတာကြောင့် မှောင်ခိုဈေးကွက် ဖြစ်ပေါ်နေပြီး ပူတာအိုမြို့နယ်ထဲမှာ ဓါတ်ဆီ တပေပါကို မြန်မာငွေ သိန်း ၆၀ အထိ မြင့်တက်လျက်ရှိကာ ဒီဇယ် တပေပါ သိန်း ၃၀ အထိ ရှိနေတဲ့အတွက် ဆိုင်ကယ်ကိုသာ အဓိက အသုံးပြု သွားလာနေကြတဲ့ အဲဒီမြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှုကြောင့် လက်ရှိမှာ ဆိုင်ကယ်စီးနင်းသူ အလွန်နည်းပါးသွားတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်သူတွေအနေနဲ့လည်း လယ်ထွန်စက် မသုံးနိုင်ကြတော့တဲ့အတွက် ကျွဲ၊ နွား မရှိတဲ့ တောင်သူတချို့မှာ လူအင်အားကိုသာ အသုံးပြုကာ လယ်ထွန်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နစက က လယ်စိုက်တောင်သူတွေအတွက် စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချပေးတာမျိုး ရှိပေမယ့်လည်း ဒေသခံတချို့သာ ဝယ်ယူနိုင်ပြီး ဆီပြတ်လပ်နေတဲ့အတွက် ပူတာအိုမြို့က စက်သုံးဆီဆိုင် အများစု ပိတ်ထားရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW