သူတို့အိမ် အခန်း (၉၁)

ဆူးငှက်

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရာပြည့်အထိမ်းအမှတ်
———————————————————-

၁၉၇၆ခုနှစ်တဲ့။ သည်နှစ် မတ်လ ၂၃ ရက်ကလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ရာပြည့်အထိမ်းအမှတ် ရက်ဖြစ်သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဆိုတာကလည်း မြန်မာစာပေသမိုင်းတွင်သာမက မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး သမိုင်းတွင် ဦးထိပ်ထားရသည့် ပုဂ္ဂိုလ်ကျော်ကြီးဖြစ်သည်။ ဆရာကြီး၏ သက်တမ်းတလျှောက်လုံး အမျိုးသားရေး၊ စာပေ ယဉ်ကျေးမှု၊ ပြည်သူ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ကွယ်လွန်သည်အထိ မမှိတ်မသုန် အားစိုက် ဦးဆောင်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် မိမိတို့ မျိုးဆက်အတွင်း တစ်သက်မှ တစ်ခါသာ ကြုံရသည့် သခင်ကိုယ်တော်မှိုင်း ရာပြည့် အထိမ်းအမှတ်ကို နိုင်ငံရေးနည်းလမ်းဖြင့် အဓိပ္ပာယ်ရှိရှိ ကျင်းပနိုင်ရေးကိူ စာပေအသိုင်းအဝန်း နိုင်ငံရေး အသိုင်းအဝန်းနှင့် ကျောင်းသားထုက အားခဲထားကြသည်။ ထိုစဉ် မိုးဝေမဂ္ဂဇင်း၏ မတ်လထုတ်၌ ကဗျာဆရာ တင်မိုး က “ သခင်ကိုယ်တော်မှိုင်း ရာပြည့်” အမည်ဖြင့် ကဗျာတစ်ပုဒ်လည်း ဖော်ပြပါရှိသည်။

“ သခင်ကိုယ်တော်မှိုင်း ရာပြည့်”
——————————-
သမိုင်းမဟာတစ်ကွေ့
မှိုင်းရာပြည့်ကိုလ
ကိုင်း လာဟေ့ သွားရအောင်။
ကောင်းမျိုးတွေ ချွန်စေစောပါလို့
ဒေါင်းအိုးဝေ တွန်စေသောရယ်နဲ့
အောင်သြဘာ အောင်သံချီလို့
နောင်သောအခါ အောင်လံနီနဲ့
အောင်မြန်ပြည် သာမယ့်တိုင်းရယ်လို့
မဟာကဗျာ စာလာဝနာကသိုဏ်းရယ်နဲ့
ကိုင်းလဟဲ့ ကိုင်းလဟဲ့နဲ့
ဝိုင်းသနဲ့ ကောင်းအောင်နော်ကွယ်
(ဆရာနိုး … ရေ…)
မှိုင်းရဲ့ဒေါင်းတောင်။
အဘိုးအို မဟာကဝိမှာဖြင့်
အမျိုးကို လာမထိလေနဲ့
မြန်မာပြည့်ထီးအခေါင်
စနည်းတဘောင်တွေနဲ့ ကဗျာထိုထိုခရီး
တညီးညီးတပြောင်ပြောင်နဲ့
မီးတန်ဆောင်ဆိုတဲ့ မဟာစာဆိုကြီး။
ကျွန်ဇာတ်တွင်
ရွံတတ်တယ် မပါချင်ဘူးတဲ့
မွန်မြတ်တယ် ဆရာမထင်လို့
အညာတခွင် ယင်းအနို့ ဟိုစဉ်စစ်ကိုင်းဆီက
ဆရာအရှင် မင်းရို့ကိုရင်မှိုင်းမှာဖြင့်
လျှိုမြင်တိုင်းမှာ ဗိုလ်ဝင်ခံလို့
ဗဟိုပလ္လင်ပျံ မြန်မာအစဉ်အလာ သဘောကိုလ
ရာဇဝင်ကထာ ဆရာမြင်ရာ ဟောနေကျ
တစ်လောတစ်ခါညီမှ
အစောမကြာမီပေါ့
မြန်မာပြည် သာမည့်ကြောင်းပေပ
ဘာမထီ ဇာနည် အပေါင်းတို့ရဲ့
သောင်းသောင်းဖြဖြနဲ့
ထောင်းလမောင်း ထရော့လဟဲ့လို့
အကြောင်းပြခဲ့ကြတဲ့ မြန်မာ့တံခွန်ထီးပေမို့
ကျောင်း ပထမဆီက
အပေါင်းလှကြမယ့် အစအမွန် ခရီးပေထင့်
(အို.. ကိုရင်စွမ်းရဲ့..)
တပေါင်းလကစပြီး
ဒေါင်းက၍ တွန်စေသတည်း။ ။

ဆရာတင်မိုး၏ ကဗျာကလည်း သာမန်ပြည်သူအကြားထိ လှုပ်ခတ်သွားတော့သည်။

သမိုင်းမဟာတစ်ကွေ့
————————-

တကယ်တော့ ၁၉၇၅ ဇွန်လ ရွှေတိဂုံ အထွေထွေ သပိတ်ကြောင့် ရက်ရှည်ပိတ်ထားသော တက္ကသိုလ် ကောလိပ်များကို ၁၉၇၆ ဇန်နဝါရီလထဲမှာ အစိုးရက ပြန်လည် ဖွင့်လိုက်စဉ် ကျောင်းလခနှင့် အဆောင်ကြေးများကို အရင်နှစ်တွေကထက် နှစ်ဆ တိုးမြှင့်လိုက်သဖြင့် ကျောင်းသားထုကြားတွင် အထွေထွေ မကျေနပ်မှုများဖြင့် လှုပ်ခတ်နေသော အချိန်ဖြစ်သည်။ ထိုအချိန်မှာပင် စာပေအသိုင်းအဝန်း၌ စိန်သရဖူကို လမ်းဘေးရောက်အောင် ဘယ်လိုလုပ်ကြမလဲ ဟူသော စကားလုံးနှင့် သမိုင်းမဟာတစ်ကွေ့ မှိုင်းရာပြည့်ကိုလ ကိုင်း လာဟေ့ သွားရအောင် ဟူသော စကားလုံးများဖြင့် သွေးပူနေကြသည်။ ထို့အတူ တက္ကသိုလ်အသိုင်းအဝိုင်းနှင့် ပြည်သူများအကြား ကျောင်းသားများ၏ “တပေါင်း”၊ “ရေပူစီးကြောင်း စသည့် စာကူးစက် ကဗျာစာအုပ်များလည်း လက်ဆင့်ကမ်း လာကြသည်။

ထိုစဉ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်တစ်ရာပြည့်ကို တရားဝင်ကျင်းပရန် ဝါရင့်နိုင်ငံရေးသမားကြီး သခင်လေးမောင် ဦးစီးသည့် ရာပြည့်ကော်မတီကို နိုင်ငံရေးနယ်ပယ် စာပေနယ်ပယ် သတင်းစာဆရာနယ်ပယ် အနုပညာနယ်ပယ်မှ ထင်ရှားသည့် ပုဂ္ဂိုလ်များ ဦးရေ ၁၀၀ကျော်ဖြင့် ဖွဲ့စည်းခဲ့သည်။ ထိုကော်မီတီတွင် ထိုစဉ်က သမ္မတဦးနေဝင်း လည်းပါဝင်သည်။ သို့သော် ကော်မီတီ၏ လုပ်ပိုင်ခွင့်ကို အကန့်အသတ်များဖြင့် ဖိအားပေး တင်းကျပ်မှုများကြောင့် ကော်မီတီဝင်များ ဖြစ်သည့် ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင် စသည့် ပုဂ္ဂိုလ်ကြီးများက ရာပြည့်ကော်မတီက နှုတ်ထွက်သွားကြသည်။ ထို့အတူ ဦးနေဝင်းလည်း ကော်မီတီတွင် မပါဝင်တော့။ ထိုအခြေအနေ များကြောင့် ဆရာကြီးမှိုင်း ရာပြည့်ပွဲကို အကောင်အထည် ဖော်ရန် အခြေမလှတော့ပေ။

သို့သော် တက္ကသိုလ် ကျောင်းသားများ စုဝေးတိုင်ပင်ပြီး ဆရာကြီးမှိုင်း ရာပြည့်ပွဲကို ၁၉၇၆ မတ်လ (၂၃)ရက်မှ တစ်ပတ် သတ်မှတ်ကာ ကျောင်းသား ခေါင်းဆောင်များက “ရင်ဖွင့်သံနိဒါန်း” ဟူသော လက်ကမ်းစာစောင်လည်း ထုတ်ဝေခဲ့သည်။ ထိုစာစောင်မှာပင် ရွှေတိဂုံဘုရား တောင်ဘက်မုခ်၊ ကန်တော်မင်ပန်းခြံရှိ ဆရာကြီးမှိုင်း အုတ်ဂူသို့ို ချီတက်မည့့်် လမ်းကြောင်းပြ မြေပုံကိုလည်း ဖော်ပြထားသည်။ တစ်ပြည်လုံးက ကျောင်းသားထုကလည်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် လာရောက် စုစည်းကြရန်လည်း လှုံ့ဆော်ထားသည်။

ထို့ကြောင့် မှိုင်းရာပြည့်နေ့ မတိုင်ခင် တစ်ရက်အလို မတ်လ (၂၂)ရက်နေ့ ကတည်းက အာဏာပိုင်များ ဘက်က ဖမ်းဆီးမှုများရှိလာကာ ရန်ကုန်တိုင်းတစ်တိုင်းလုံး ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်သည်။

မှိုင်းရာပြည့်ကိုလ ကိုင်းလာဟေ့ သွားရအောင်
—————————————————

သို့သော် မတ်လ (၂၃) ရက်နေ့တွင် ကျောင်းသားထုက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် စုဝေးကာ နေ့လယ် (၁၁) နာရီ၌ သခင်ကိုယ်တော်မှိုင်း အုတ်ဂူသို့ စတင် ချီတက်ကြသည်။ ပုဒ်မ ၁၄၄ကြားမှ “ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး-ဒို့အရေး၊ ဒို့အရေး”၊ “ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ- ဒို့ရန်သူ” ဟူသော ကြွေးကြော်သံများဖြင့် ကြွေးကြော်ရင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူသို့ို ရောက်ပြီး အလေးပြုကြ၊ မဟာကဗျာ လေးချိုးကြီး တွေရွတ်ကြ၊ သဝဏ်လွှာတွေ၊ ဂုဏ်ပြုစာတမ်းတွေ ဖတ်ကြစဉ် ဖြိုခွဲမှုများ စတင်လာသည်။ ထိုနေ့မှာပဲ တစ်ပြည်လုံးက တက္ကသိုလ် ကောလိပ် သိပ္ပံတွေ အားလုံးကို ရက် အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေ ကျောင်းသားတွေ (၂၄)နာရီအတွင်း ထွက်ခွာရမည်ဟူသော အမိန့်ကို ထုတ်ပြန်လိုက်သည်။ ထိုနေ့ နေ့ခင်းပိုင်း ဆရာကြီးမှိုင်းအုတ်ဂူက အပြန် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ကျောင်းသားများက သပိတ်စခန်း ဖွင့်လိုက်ကြရာ နောက်တနေ့မှာပဲ အစိုးရက ဘွဲ့နှင်းသဘင် ခန်းမကို ဝင်ရောက် စီးနင်းပြီး ကျောင်းသားများ ကို ဖမ်းဆီးလိုက်သည်။

မှိုင်းရာပြည့် အရေးအခင်းသည် ရန်ကုန်တွင်သာမကမန္တလေးတက္ကသိုလ်၊ မော်လမြိုင် တောင်ကြီး၊ ပုသိမ်၊ မကွေး ကောလိပ်များနှင့်အတူ အင်းစိန်၊ ကလော၊ ချောက် စက်မှုလက်မှုသိပ္ပံ ကျောင်းများတွင်လည်း တပြိုင်နက် ဖြစ်ပေါ်ခဲ့ပြီးနောက် တစ်ပြည်လုံးက ကျောင်းသား များစွာ ရာသက်ပန် ကျောင်းထုတ်ခံကြရသလို ကျောင်းသား (၂၃၀) ကျော်လည်း အဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ကြရသည်။

ကဲ.. ၁၉၇၆ခုနှစ်မှာ ကျွန်တော်တို့က မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပထမနှစ် ကျောင်းသား အဖြစ် တက်ရောက်နေသည်မို့ “မှိုင်းရာပြည့်” ကို ဘယ်လို ကြုံတွေ့ ဖြတ်သန်းခဲ့သလဲ ဆိုသည့် မေးခွန်းလည်း မေးချင်ကြပါ လိမ့်မည်။ ဒါဆိုလျှင်ဖြင့် ကျွန်တော် ၁၀တန်းအောင်သည့်အတွက် မမခင်ရီ ဝယ်ပေးသည့် ရေဒီယိုလေး ကပဲ ဇာတ်ကြောင်း ပြန်ရတော့မည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW