ဇွန် ၇ ၊ ၂၀၂၆
GG (VOM)
ရှမ်းပြည်နယ် တောင်ပိုင်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး အပါအဝင် ကုန်စိမ်းသီးနှံတချို့ စျေးကျလာတာကြောင့် တောင်သူတွေ အရှုံးနဲ့ကြုံတွေ့နေရတယ်လို့ ကုန်သည်တွေဆီက သိရပါတယ် ။
လက်ရှိ မိုးရာသီကာလအစမှာ စျေးကျလာတဲ့သီးနှံတွေက ခရမ်းချဥ်သီး ၊ ဂေါ်ဖီထုပ် ၊ အာလူး ၊ ပန်းဂေါ်ဖီ ခေါ် ပန်းပွင့် တို့ဖြစ်ပြီး ကုန်စိမ်းပွဲရုံတွေကို ကုန်ပစ္စည်းဝင်ရောက်မှုများပြီး ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတဲ့အခြေအနေကြောင့် စျေးကျလာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
နှစ်စဥ်မိုးကာလ ရောက်တိုင်း ခရမ်းချဥ် အပါအဝင်ကုန်စိမ်းသီးနှံတချို့ စျေးနူန်းကျဆင်းလေ့ရှိတဲ့ ပြဿနာကို ကြုံရလေ့ရှိပြီး ခုချိန်ထိ အဲဒီအခက်အခဒဲကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
” မိုးတွင်းမှာ ကုန်စိမ်းတော်တော်များများ ဒီလိုပဲ ကျတာကြုံရတယ်။ ခရမ်းချဥ်ဆိုလည်း ပင်လောင်းကနေ အောင်ပန်းလာရောင်းဖို့ဆို ကားခ ၊အလုပ်သမားခ ၊ လမ်းကြေး ရှိတယ်။ အသီးအရည်အသွေးပေါ့။ မကိုက်ဘူး ။လာရောင်းရင်အရှုံးတောင်ပြတယ်။အဲဒီတော့ နယ်ပွဲစားကိုပဲရောင်းရတယ်။ ရောင်းကြတော့ ပွဲစားက သူ့အတွက် အကျိုးအမြတ်ကိုပါ ထည့်တွက်ပြီး အားလုံးခြုံတွက်ဝယ်တာပေါ့ ။ အဲဒီကျ စျေးက အရမ်းနည်းသွားတာပေါ့။ ကုန်ပစ္စည်းတွေက ရှေ့ကပို့ထားတဲ့ကုန်တွေ မကုန်သေးဘူး ။ နောက်ကုန်ပစ္စည်းတွေက ရောက်လာတယ်။ ပစ္စည်းတွေက ပွဲရုံတွေမှာပုံနေတယ်။ ကုန်က အဝင်ပဲရှိနေတာ ။အထွက်ကမရှိဘူး ဖြစ်နေတာ။ ပွဲရုံတွေကလည်း ကုန်အောင် မဖြုန်းနိုင်ကြတော့ဘူး ။ တောင်သူဆီက ဝယ်တဲ့ပုံစံကတော့ ပွဲစားခယူပြီးပဲလုပ်တာရှိတယ်။ တချို့က ပွဲခမယူဘူး။ ကြိုက်စျေးနဲ့ဝယ်ပြီး ဟိုဘက်မှာသူ့ဘာသာပြန်ရောင်းတယ်။ တချို့ကျလည်း ပွဲစားခနှစ်ဖက်ယူတာရှိတယ်။ များသောအားဖြင့်တော့ ပွဲခယူပြီး ရောင်းပေးတာ များပါတယ်။ ” လို့ ရှမ်းပြည်နယ်ကုန်သွယ်ရေးစင်တာSSTC က ကိုစနေမောင်မောင် ကသုံးသပ် ပြောပါတယ် ။
လက်ရှိ အောင်ပန်းကုန်စည် စျေးကွက်မှာ ပွဲရုံရောင်းစျေးအနေနဲ့ ခရမ်းချဥ်သီးဂွတ်သီး တပိဿာကို ၁၃၀၀ ကျပ် ၊ ခရမ်းချဥ်သီးရှယ်သီး ၁၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး ၇၀၀ ကျပ် စျေးရှိပြီး တောင်သူတွေအနေနဲ့ အောင်ပန်းပွဲရုံအရောက်ပို့ရတဲ့ ခရမ်းချဥ်သီးစျေးကတော့ ခရမ်းချဥ်သီးအစိမ်းက ၁၀၀၀ ဝန်းကျင် ၊ အစိမ်းနည်းပြီး အမှည့်များတဲ့အသီးတွေကတော့ ၅၀၀ ကနေ ၇၀၀ လောက်သာ စျေးရတယ်လို့သိရပါတယ်။
ပင်လောင်း ၊နောင်တရားဘက်တွေမှာ ခရမ်းချဥ်စိုက်တောင်သူတွေအနေနဲ့ အောင်ပန်းအရောက် ရောင်းချမယ်ဆိုပါက သယ်ယူစရိတ် ၊ အလုပ်သမားခ ၊ လမ်းကြေး စတဲ့အထွေအထွေစရိတ်နဲ့ ပြန်လည် ရရှိမယ်စျေးနူန်းက တွက်ချေမကိုက်ဘဲ အရှုံးပင် ပေါ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အောင်ပန်းထိ ခရမ်းချဥ်သီးသွားရောင်းတာမျိုးမလုပ်တော့ဘဲ ရွာမှာဘဲ ပွဲစားကို ရောင်းချတဲ့အခါတပိဿာကို ၈၀ ကျပ်ကနေ ၁၀၀ ကျော်လောက်သာ ရတဲ့အတွက် ခရမ်းချဥ်သီးတွေကို လွှင့်ပစ်ရတဲအထိ ဖြစ်ပြီး အရှုံးများနေရတာဖြစ် တယ်လို့ သိရပါတယ် ။
အလားတူအာလူးကလည်း လက်ရှိအောင်ပန်းကုန်စည်စျေးကွက်မှာ အားလူး S2/S3 က ၃၀၀၀ ကျပ် ၊S2/S1 က ၂၇၀၀ ကျပ် ၊S1 OK က ၂၅၀၀ ကျပ် ၊OK ၂၀၀၀ ကျပ် ၊A1 ၁၈၀၀ ကျပ် ၊ A1 ဆွဲ ၁၅၀၀ ကျပ် ၊ဂေါ်လီဆိုက် ၁၂၀၀ ကျပ် သာစျေးပေါက်ပြီး တောင်သူတွေက အောင်ပန်းအရောက်ပို့မှ အာလူးအမျိုးအစားအလိုက် တပိဿာကို အမြင့်ဆုံး ၂၀၀၀ ကျပ်ကျော်အထိသာရရှိပြီး အနိမ့်ဆုံး ၁၀၀၀ ကျပ်အောက်အထိရှိတယ်လို့ သိရပါတယ်။
” အာလူးတွေက နေ့တိုင်းဝင်ပြီး ပွဲရုံတွေမှာ ပုံနေတယ် ။ တောင်သူတွေလည်း အဆင်မပြေ ၊ပွဲရုံတွေလည်း မပြေတဲ့ကာလ ဖြစ်နေတယ်။ ငရုတ်ပွကလည်း ကျတယ်။ ဂေါ်ဖီထုပ် ရောပဲ။ ကုန်စိမ်းဆိုတာက ဒီနေ့ရောင်းလို့ကုန်ရင်ကုန် မကုန်ရင် သွားတာပဲ။ တရက်ကနေ နှစ်ရက်ဖြစ်တာနဲ့ ပျက်စီးဖို့ကများနေပြီ။စျေးကလည်း လတ်လတ်ဆတ်ဆတ်ပဲ ရောင်းလို့ကောင်းတာ ။ ” လို့ ရှမ်းတောင်ကုန်စိမ်း ပွဲရုံပိုင်ရှင်တယောက်က ပြောပါတယ် ။
ဂေါ်ဖီထုတ်ကလည်း လက်ရှိမှာ ပွဲရုံရောင်းစျေးက အထုတ်ကြီးတထုပ်ကိုမှ ၈၀၀ ကနေ ၁၁၀၀ သာစျေးရှိပြီး ပန်းဂေါ်ဖီကလည်း အကြီးတပွင့်ကိုမှ ၈၀၀ ကနေ ၁၀၀၀ ကျပ်သာ ရှိပါတယ်။ တောင်သူတွေ အောင်ပန်းပွဲရုံအရောက်ရောင်းချရတဲ့စျေးကတော့ အများဆုံး ၆၀၀ ကျပ်လောက်သာရတယ်လို့ သိရပါတယ်။
အလားတူ.ငရုတ်ပွကလည်း အောင်ပန်းပွဲရုံစျေးက ငရုတ်ပွ ရှယ်ကိုမှ ၁၅၀၀ ကျပ် ရှိပြီး ငရုတ်ပွအလတ်စက ၁၀၀၀ ကျပ်သာရှိကြောင်း ၊ တောင်သူရရှိတဲ့စျေးကတော့ ၁၀၀၀ ကျပ်အထက်နဲ့ ၁၀၀၀ ကျပ်အောက်စျေးသာရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ အောင်ပန်းပွဲရုံတွေကနေ ရန်ကုန် ၊မန္တလေး ၊ မကွေး ၊ပဲခူး စတဲ့ နေရာတချို့ကိုသာ တင်ပို့ရောင်းချနေရပြီး ၂၀၂၁ ခုနှစ်မတိုင်ကာလနဲ့ယှဥ်ပါက ကုန်စည်တင်ပို့ရောင်းချရတဲ့ နေရာဒေသ နည်းလာတယ်လို့သိရပါတယ်။
ဒါကြောင့် ရှမ်းတောင်ဒေသကထွက်ရှိတဲ့ ကုန်စိမ်းသီးနှံတွေဟာ ကုန်ပစ္စည်း ဝင်ရောက်မှုများတာနဲ့ စျေးကွက် အကျဘက်ကို ရောက်သွားလေ့ရှိတဲ့အတွက် တောင်သူတွေအတွက် ခိုင်မာတဲ့သီးနှံစျေးကွက်ကို ဖော်ဆောင်ပေးဖို့ လိုအပ်လာတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – SSTC
