ဇွန် ၇ – ၂၀၂၆
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း) က ဖယ်ခုံ၊ လွိုင်လင်၊ တောင်ကြီး၊ ရွှေညောင် အစရှိတဲ့ မြို့နယ်တချို့မှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေညောင်မြို့မှာ မနေ့ ဇွန် ၆ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကစပြီး မိုးသည်းထန်ခဲ့တာကြောင့် မြို့အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ တာယောချောင်း ရေလျှံလာတဲ့အတွက် ရေစီးဆင်းရာ ချောင်းအောက်ခြေရှိ တောင်လေးလုံးကျေးရွာမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“မိုးရွာနေတာ ငါးရက်လောက်ရှိပြီ။ မနေ့ကလည်း တနေကုန်ကို သည်းသည်းထန်ထန် ရွာတာ။ ညနေပိုင်းလည်းကျရော ရေတွေဝင်လာတယ်။ ရွှေညောင်မြို့ မြောက်ဘက်က ကျီးဖြူကန်ရော၊ တာယောချောင်းရော ရေလျှံသွားတာကိုး။ နိမ့်တဲ့နေရာတွေအကုန် ရေဝင်ကုန်တာ။ ရေစီးကလည်း သန်တယ်။ အိမ်မှာမွေးထားတဲ့ ဝက်တွေတောင် ရေထဲ မျောပါကုန်တာ။ ဒီမနက်တော့ ရေကျသွားပေမယ့် မိုးရိပ်တွေ ရှိနေသေးတယ်။ ဒီ ရွှေညောင်မှာက ရှေ့နှစ်တွေတုန်းကလည်း ရေကြီးတာတွေ ဖြစ်ခဲ့ပြီးပြီ။ ဒီနှစ်လည်း မိုးရာသီ အစပဲ ရှိသေးတယ်၊ အကြီးအကျယ်ရေမြုပ်မယ့် လက္ခဏာတွေ မြင်နေရပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် တောင်ကြီး – မိတ္ထီလာသွားတဲ့ ပြည်ထောင်စုလမ်းမကြီးဘေးရှိ Denko စက်သုံးဆီဆိုင်ရဲ့ မြောက်ဘက်မှာ ကာရံထားတဲ့ အမြင့် ၆ ပေခန့်၊ အရှည် ပေ ၆၀ ခန့်ရှိ အုတ်တံတိုင်းလည်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
အဲဒီလိုပဲ လွိုင်လင်မြို့မှာလည်း မနေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် (၃) နဲ့ (၄) ရပ်ကွက်တွေအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သလို ဖယ်ခုံနဲ့ တောင်ကြီးမြို့မှာလည်း ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးမှုကြောင့် ပန်းစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဖယ်ခုံ ရေကြီးတာက အင်းတဝိုက်က နေရာတွေ အဆိုးဆုံးပဲ။ အင်းဘေးက ရပ်ကွက် ငါးရပ်ကွက်လောက် ရေဝင်နေတာ။ မိုးရွာနေတာကတော့ ကြာပြီ။ အခုထိလည်း မတိတ်သေးဘူး။ မိုးကောင်းရင်ကောင်းသလို ရေတွေ လျှံတက်လာတာ။ ရေဝင်နေတာ ငါးရက်၊ ခြောက်ရက်လောက်တော့ ရှိနေပြီ။ ရေအမြင့်က တချို့နေရာတွေဆို ဒူးခေါင်းလောက်အထိ ရှိတယ်။ ကားလမ်းတွေလည်း ရေကျော်နေတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ်အချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကြိုးပစ်မှု၊ အုတ်တံတိုင်း ပြိုကျမှု၊ မြေပြိုမှု ဖြစ်စဉ်တွေရှိခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက် သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိပါတယ်။
မေလ ၂၁ ရက်နေ့မှာ ဆီဆိုင်မြို့နယ်အတွင်း မိုးကြိုးထိမှန်မှုကြောင့် နွား ၄၉ ကောင် သေဆုံးခဲ့တဲ့အပြင် မေလ ၁၃ ရက်နေ့မှာတော့ တောင်ကြီးမြို့၊ တောင်ပြိုကျေးရွာမှာ မြေပြိုမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး မေလ ၁၂ ရက်နေ့ကလည်း မိုးကြီးပြီး ပင်းတယမြို့၊ မြို့မဈေးအနီးမှာ အုတ်တံတိုင်း ပြိုကျခဲ့တာကြောင့် စျေးသည် တယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခု ဇွန်လဆန်းပိုင်းအတွင်း နေရာကွက်ပြီး မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ စမ်းချောင်း၊ လှိုင်၊ ကြည့်မြင်တိုင်နဲ့ အလုံမြို့နယ်တွေက ရပ်ကွက်၊ လမ်း၊ နေအိမ်တွေထဲ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့သလို ကမာရွတ်မြို့နယ်မှာလည်း ဘုရင့်နောင်ကွန်ဒို ကားပါကင်မှာ ရေ ၁၁ လက်မခန့်အထိ မြင့်တက်၊ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံတဝန်းလုံးကို ဝင်ရောက်ခဲ့ပြီးဖြစ်တယ်လို့ သိရပြီး အခု ဇွန်လအတွင်း လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ကာ တကြိမ်မှာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။
ဇွန်လအတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်တွေအရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နဲ့ ညောင်ဦးမြို့တို့မှာ ၁၂ ပေမှ ၁၅ ပေခန့်၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၇ ပေမှ ၁၁ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၁၀ ပေမှ ၁၅ ပေခန့် လက်ရှိ ရေမှတ်တွေအထက် မြင့်တက်လာနိုင်သလို မြစ်သာမြစ်ရေဟာလည်း ကလေးမြို့မှာ ၇ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၂ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၆ ပေမှ ၈ ပေခန့် မြင့်တက်လာနိုင်ပြီး စစ်တောင်းမြစ်ရေ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၃ ပေခွဲမှ ၅ ပေခန့်၊ ရွှေကျင်မြစ်ရေ ရွှေကျင်မြို့မှာ ၃ ပေခန့်၊ ပဲခူးမြစ်ရေ ဇောင်းတူမြို့နဲ့ ပဲခူးမြို့တို့မှာ ၄ ပေမှ ၇ ပေခန့်၊ သံလွင်မြစ်ရေ ဘားအံမြို့မှာ ၇ ပေခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့မှာ ၅ ပေခန့် မြင့်တက်လာနိုင်သလို ငဝန်မြစ်ရေဟာလည်း ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ ၇ ပေမှ ၈ ပေခန့်၊ ပုသိမ်မြို့မှာ ၃ ပေခန့်၊ တိုးမြစ်ရေ မအူပင်မြို့မှာ ၄ ပေခန့်၊ ဘီးလင်းမြစ်ရေ ဘီးလင်းမြို့မှာ ၆ ပေခန့် လက်ရှိရေမှတ်တွေအထက် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
Photo – CJ
