ဆူးငှက်
မန္တလေးနှင့် သဘာဝဘေး
—————————
မန္တလေးသည် ဧရာဝတီမြစ်ကမ်းနဘေး ရှိသကဲ့သို့ ပူပြင်းခြောက်သွေ့သော မိုးနည်းရပ်ဝန်းတွင် တည်ရှိသည်။ ထို့ကြောင့် နွေရာသီတွင် မီးဘေးအကြိမ်ကြိမ် သင့်သကဲ့သို့ မိုးရာသီတွင် မြစ်ရေကြီးသည့် ဘေးအန္တရာယ်ကိုလည်း ကြုံတွေ့ကြ ရသည်။ မြစ်ရေကြီးခြင်းက အကြမ်းဖျဉ်းအားဖြင့် ၄နှစ်တစ်ကြိမ်မျှသာ ကြုံတွေ့ရသော်လည်း မီးဘေးအန္တရာယ်ကမူ ဆောင်းအကူး နွေဦးပေါက်သည်နှင့် နှစ်စဉ်လို ကြုံကြရ၏။ မြို့ကို တည်ထားသည်ကလည်း လေးထောင့်စပ်စပ်ဖြစ်ကာ အိမ်အများစုကလည်း ဝါးကပ်မိုး ဝါးထရံကာများဖြစ်ကြ၏။ နောက်ပိုင်း လူဦးရေ ထူထပ်လာသည်နှင့် အမျှ နဂိုရှိပြီး ဝင်းဧရိယာမှာပင် နေအိမ်များ တိုး၍လာသောကြောင့် လမ်းများက လူတစ်ယောက် သွားသာရုံပဲ ရှိတော့သည်။ ထို့ပြင် အသုံးပြုသော မီးဖို မီးအိမ်များမှာလည်း ထင်းမီးဖိုနှင့် ရေနံဆီ မီးခွက် မီးအိမ်များမို့ အတိမ်းအစောင်းမခံဘဲ မီးဘေး ကြုံကြရသည်။ မီးလောင်ပြီဆိုကတည်းက ဝင်လမ်း ထွက်လမ်း မရှိသော တဲအိမ်များဖြင့် ပြွတ်ညပ်နေသည့် ဝင်းကြီးများမှာ တမုဟုတ်ချင်း မီးလောင်ကျွမ်းတော့သည်။
ထိုမီးဘေးများက နှစ်စဉ်လို ဖြစ်ပွားခဲ့၏။ ထိုသို့ မီးဘေးသင့်ပြီဆိုလျှင် မန္တလေး၏ ချစ်စရာ ဓလေ့မှာ မီးလောင်ပြီဟု အသံကြားကတည်းက လေးပြင်လေးရပ်ရှိ ကျောင်းတိုက်ကြီးများအနက် မီးဘေးသင့် ရပ်ကွက်နှင့် အနီးဆုံး ကျောင်းတိုက်မှ သံဃာတော်များသည် ချက်ချင်းလာရောက်ကာ သက်စွန့်ဆံဖျား ကြိုးစား ငြှိမ်းသတ်ကြသည်။ လူ့အသက်ကို ကယ်ကြသည်။ မီးဘေးသင့် အိမ်က ပစ္စည်းများကို မီးလွတ်ရာသို့ ရွှေ့ပြောင်းပေးကြသည်။ ထိုသို့ ကူညီကြသည်မှာ လူမျိုးမရွေး ဘာသာမရွေး အိမ်တိုင်းကို ဖြစ်သည်။ ထို့ပြင် မီးဘေးဒုက္ခသည်များကိုလည်း နေရာပြန်မရမချင်း ကျောင်းတိုက်မှာ ခိုလှုံခွင့် ပေးကြသေးသည်။ ထိုအစဉ်အလာက ရတနာပုံခေတ်ကတည်းက အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော အစဉ်အလာကောင်း ဖြစ်ခဲ့သည်။
အထူးသဖြင့် ၁၉၀၉ခု (၁၂၇၁ ခု) တွင် မြို့အနောက်ခြမ်း တစ်ခြမ်းလုံးသာမက အိမ်တော်ရာဘုရား အတွင်းရှိ တန်ဆောင်းဇရပ်များနှင့် နာမည်ကျော် မဟာဝေယန်ဘုံကျော် ကျောင်းကြီးအပါအဝင် ကျောင်းတိုက်ကြီး ၁၁ တိုက်ပါ မီးဘေးသင့်ခဲ့သော ကိုးတာမီးကြီးနှင့် ၁၉၄၂ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဒုတိယကမ္ဘာစစ်မီးကြီး၊ ၁၉၄၉ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မီးတို့တွင် သံဃာတော်တို့၏ အစောင့်အရှောက်မှာ ထင်ရှားခဲ့သည်။ ထို့ပြင် ၁၈၈၆ခုနှစ်က ဧရာဝတီမြစ်ရေ လျှံတက်မှုကြောင့် ှမင်းတုန်းမင်း လက်ထက်က ဆည်ဖို့ခဲ့သည့် တာရိုးကြီးကျိုးကာ ဈေးချိုနာရီစင်အထိ ရေလွှမ်းခဲ့ရာတွင် မန္တလေး အနောက်ပိုင်းက ဘုန်းတော်ကြီးကျောင်း အတော်များများ ရေဘေးသင့်သောအခါ မြို့လူထုက တဖန် ဆွမ်းကွမ်း တာဝန်ယူ ခဲ့ကြသည်။
မီးဘေးကြည့် မီးဘေးမေး မီးဘေးကူ
—————————————
ထို့ကြောင့် မန္တလေးတွင် သဘာဝဘေးကြုံလေတိုင်း အချင်းချင်းက သော်လည်းကောင်း၊ သံဃာတော်များက ဆရာဒကာအနေနှင့် သော်လည်းကောင်း အပြန်အလှန် ကူညီခဲ့ကြသည်။ ထို့ကြောင့် ဧရာဝတီမြစ်တွင် ရေတိုးနေပြီဟေ့ဟု ဆိုလျှင် မြစ်ဆိပ်တာရိုးတလျှောက် လူစည်ကားတော့သည်။ ဒါကို မြစ်ရေကြည့်ဟု ခေါ်ကြ၏။ ထိုမြစ်ရေကြည့်ခြင်းက အပျော်သဘော သွားရောက်ကြခြင်းမဟုတ်၊ ရေဝင်ရပ်ကွက်အတွက် ဘာအကူအညီ လိုအပ်နေလဲ ဘာကူညီရမလဲဟူ၍ လက်ထဲတွင် တတ်နိုင်ရာ ဆန်ဆီ အစားအသောက်မှ အစ အဝတ်အထည်ထိ ယူဆောင်ကာ သွားရောက်ကြပြီး ကူညီကြသည့် အစဉ်အလာ ဖြစ်သည်။
ထို့အတူ မီးဘေးသင့်လျှင်လည်း နောက်ရက်တွင် မီးလောင်ပြင်သို့ သွားရောက်၍ မိမိအသိအကျွမ်း အိမ်ရာ ပါမပါ ကြည့်ရှုကြသည်။ ထို့နောက် ပုဆိုး ထမီ စွပ်ကျယ် အင်္ကျီ အသစ်မှအစ ဆန်ဆီ စားသောက်စရာအထိ ယူဆောင်ကာ ကူညီကြသည်။ အနိမ့်ဆုံး ထမင်းထုပ် ခေါက်ဆွဲကြော် စသည်ဖြင့်လည်း
မီးဘေးသင့်သူများထံ ကူညီဝေငှကြသည်။ ထို့ကြောင့် မန္တလေးတွင် မီးလောင်ပြီ ဆိုလျှင်လည်း ထိုမီးလောင်ပြင်တွင် တစ်ပတ်ဆယ်ရက်မျှ မနက်မိုးလင်းမိုးချုပ် စည်ကားနေတတ်၏။ မည်သို့ပင်ဆိုစေ လက်ချည်းဗလာ အပျော်လာကြည့်သည် ဆိုလျှင်ပင် ဤသို့ စည်စည်ကားကားမြင်တွေ့နေရလို့ ဒုက္ခသည်များအဖို့ အားငယ်စိတ် ပျောက်ရပါ၏။
ဆိုင်းတန်းမီးဘေး အပြီး
—————————
ကျွှန်တော်တို့ အလုပ်ရုံတည်ရှိရာ သင်္ဘောတန်းလမ်းသည် ဆိုင်းတန်းမီးကြီးလောင်ပြီး နောက်ရက်မနက်မှ စ၍ စည်ကား နေတော့သည်။ မီးလွတ်သည့် အိမ်များကလည်း အိမ်ရှေ့မှာ သောက်ရေအိုးမှ အစ စားစရာမုန့်ပဲသရေစာအထိ ထားပေးကြပြီး အိမ်ရှိလူကုန် အိမ်ရှေ့ထိုင်ပြီး မီးလောင်သတင်းကို စားမြုံ့ပြန်ကြသည်။ လမ်းပေါ်မှာလည်း မီးသတ် ကြက်ခြေနီ စစ်သား ရဲသား မှ အစ စောင့်ရှောက်ကြမည့်သူများက ဖြန့်ချ နေရာယူထားကြသည်။ မြို့ထဲက မီးသတင်းမေးမည့်သူ၊ အစားအသောက် အဝတ်အထည် ဝေငှကြမည့် သူများကလည်း ဥဒဟို ဖြစ်နေသည်။
ကားတွေက ဟွန်းတတီတီ၊ ဆိုက်ကား စက်ဘီးတွေက ဘဲလ်သံ ညံစီစီတွင် ရေခဲချောင်းသည်များ၏ ကလိုင်သံတွေက ပုဒ်ဖြတ်ပေး နေ၏။ ထမင်းထုပ်တောင်းတွေနှင့် အမှတ်၆ ဘတ်စ်ကားကြီးကလည်း ဟွန်းတပေါ်ပေါ်နှင့် လမ်းတောင်းနေသည်။ ဟို အရှေ့ သံဝင်းဘက်မှာ မနေ့ည မီးကြွင်းမီးကျန်က ထတောက်ကာ မီးခိုးတွေ လှမ့်တက်လာလို့ ဆင်တံတားမီးသတ်က ရေကြည်ဘက်က ဥသြသံပေးကာ ဆင်းလာသည်။ ကျွန်တော်တို့လည်း ဓာတ်ဆီပေပါများ၊ ကရစ်ရာဘာကော်အိုးများ၊ ကရစ်ရာဘာ ဆိုလ်း ရာဘာများ၊ ပလပ်စတစ် သားရေတုများနှင့် ကတ္တီပါစ အလိတ်များကလွဲ၍ ပရိဘောဂများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ရုံးလုပ်ငန်းစာအုပ်စာတမ်းများနှင့် ကုန်ချောဖိနပ်များကို ပြန်လည် သယ်ယူကာ နေရာချထားပြီးပြီ။ ကျန်သည့် ရှင်းလင်းရမည်များကို နေရာပြန်ချရင်း အလုပ်ရုံရှေ့တွင်လည်း သောက်ရေအိုးများ ထုတ်ထားပြီး သက်သာဆိုင်က ခုံများချထားကာ အပြင်မှာပဲ ထိုင်၍ နားနေကြသည်။
ထို့အတူ အလုပ်ရုံမြောက်ဘက် တစ်ဝင်းကျော်က တန်ခိုးကြီးဘုရားရှိသည်ဟူသော ပြန်စိတ်သစ်စက် အိမ်ရှေ့မှာလည်း ရေအိုးနှင့် ခုံများချထားကာ အုပ်စုလိုက် တပြုံတမကြီး ထိုင်၍ အချင်းချင်း စကားပြောကြ၊ လမ်းပေါ်က လူတွေကို လာသမျှ မုန့်သည်များထံ မုန့်များဝယ်၍ ပေးကြ ကမ်းကြ စားနေကြတာ သတိထားမိသည်။ ထူးခြားတာက အဲ့ဒီအုပ်စုမှာက အပျိုကြီး အပျိုလတ် အပျိုလေး အပျိုပေါက် အရွယ်မျိုးစုံဖြစ်ပါ၏။
ထို့ပြင် ဂျူးလိယက်ပုံ ဆံပင်၊ စန္ဒာကေ၊ အိုမီဂါပုံ၊ ဆံပင်ကောက်၊ ဆံပင်တို၊ ဂုတ်ဝဲ စသည်ဖြင့်လည်း အဆင်စုံ ဖြစ်ပါ၏။ တူညီတာတစ်ခုကတော့ သူတို့အားလုံး ရုပ်ရည် အသားအရေ ချောမောလှပကြပြီး အရွယ်ကလည်း ၁၆နှစ်နှင့် ၂၀ ကြား မတိမ်းမယိမ်းတွေ ဖြစ်သည်။ ထို့ပြင် အိမ်နေရင်းမို့ ပေါ့ပေါ့ပါးပါး ဝတ်စားထားကြသော်လည်း ခေတ်မီနေကြ၏။
ကျွန်တော်က သည်အလုပ်ရုံသို့ ရောက်ကတည်းက အလုပ်စာပွဲမှလွဲ၍ အပြင် မထွက်တတ်။ စာပွဲမှာ မရှိလျှင် အလုပ်ရုံထဲက ဖိနပ်ချုပ်လုပ်သား ကိုအောင်ရီ၏ အလုပ်ခုံနားပဲ သွားထိုင်ကာ ကိုအောင်ရီနှင့် စကားပြောဖြစ်သည်။ အလုပ်ရုံရှေ့သို့လည်း အလုပ်လာချိန် အလုပ်ပြန်ချိန် စက်ဘီးလေးနှင့် ဝင်တာ ထွက်တာပဲရှိသည်။
ထို့ကြောင့် ရပ်ကွက်ထဲမှာ ဘာတွေရှိသလဲဆိုတာ သတိမထားမိပေ။ ရပ်ကွက်ထဲက ဟူ၍ အလုပ်ရုံပေါက်နှင့် မျက်နှာချင်းဆိုင် အကြော်သည် ဒေါ်နက်တဲနှင့် ကပ်လျက်တဲက လင်မယားမှာ တစ်နှစ်တစ်ယောက် ကလေးမွေးပြီး ကလေးတွေ မှန်သမျှ အလုပ်ရှေ့ မြောင်းဘောင်ပေါ် ကိုယ်တုံးလုံးချွတ်လေးတွေနှင့် အကြီးကအငယ် ထိန်းခြင်းဖြင့် နေပူပူ မိုးရွာရွာ ဆောင်းချမ်းချမ်း ကျန်းကျန်းမာမာရှိကြပြီး ကိုယ်ဝန်နှင့် အမြဲတမ်းတွေ့နေရသည့် ပြဇာတ်မင်းသမီးဟောင်းနှင့် ခင်ပွန်း ဆိုက်ကားဆရာ မိသားစုကိုပဲ သတိထားမိသည်။ ကျန်တာ မသိ။
အလုပ်ရုံ မြောက်နားက အိမ်
—————————–
အခု မီးဘေးပြီးမှ နေ့ရော ညပါ အလုပ်ရုံတွင် မီးကင်းစောင့်ရင်း မြောက်ဘက်က ဘုရားဒကာကြီးအိမ်ကို သတိထားမိ တော့သည်။ ထို့ကြောင့် ကျွန်တော်လည်း ယခင်ကလို အလုပ်ပြီး ရုံးဆင်းတာနှင့် လွယ်အိတ်လေး ကောက်လွယ်၊ စက်ဘီးလေးဆွဲပြီး မပြန်ဖြစ်တော့ဘဲ အလုပ်ရုံမှာတင် ရေချိုး အင်္ကျီ အသစ်လဲကာ အလုပ်ရုံရှေ့ ထွက်၍ ဒေါ်နက် အကြော်ဖိုက မုန့်ရေပါးနှင့် အကြော်မှာစားကာ လမ်းမီးတွေ လာသည့်အထိ ထိုင်ဖြစ်နေတော့သည်။
ကျွန်တော်နှင့် အဖော်လိုက် ထိုင်ပေးသူက ညှပ်ဖိနပ် လုပ်သား ကိုဝင်းမောင် ဖြစ်သည်။ သူက မိုးချုပ်မှ ပြန်သည့် ကျွန်တော့်ကို စိတ်မချသောကြောင့် ဆေးပေါ့လိတ်တဖွာဖွာနှင့် စောင့်ပေးသည်။ ကျွန်တော်ပြန်တော့ လူပြတ်သော မိကျောင်းတံတားပေါ် စက်ဘီးချင်း ယှဉ်စီးပြီး ဝင်းပေါက်အထိ လိုက်ပို့ပေး၏။ သူကလည်း အကင်းပါးသည်။ ကျွန်တော်က မမေးမီ သူက အလုပ်ရုံမြောက်ဘက် ဘုရားဒကာကြီး အိမ်အကြောင်း ပြောပြသည်။
ကျွန်တော်က သမိုင်းဝါသနာပါသည်ကို သိထားတော့ ကိုဝင်းမောင်က ထိုအိမ်က ဘုရားကြီးအကြောင်း စတင် နိဒါန်းသွယ်သည်။ အဲ့ဒီအိမ်မှာ တန်ခိုးကြီး ဘုရားကြီး တစ်ဆူရှိတယ် ဆရာ၊ အဲ့ဒီဘုရားကြီးကို ဝန်ကြီးချုပ်ဦးနု လာတိုင်း ကန်တော့ပြီး ပုတီးစိတ်တယ်ဗျ ဟု ကိုဝင်းမောင် ပြောလိုက်တော့ ကျွန်တော် အံ့သြသွားသည်။ သူက ဆက်ပြီး အဲ့ဒီက ဘဘကြီးဆီကို ပွဲကုန်းထဲက မျက်မှန်နဲ့ သမိုင်းဆရာကြီးလည်း အမြဲလာတယ် ဟု ပြောတော့ ကျွန်တော်က ပွဲကုန်း ဘယ်နားက ဆရာကြီးလဲ ဟု မေးတော့ လှသိပ္ပံကျောင်း အနောက်ဘက်ကြားက ဆရာကြီးလေဟု ဖြေတော့ ဆရာဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) မှန်း သိလိုက်ပါပြီ။ ကဲ အဲ့သည်မှာ သမိုင်းသုတေသနနှင့် အပျိုလေးတွေ အရွယ်စုံက အားပြိုင်သွားပါပြီကော။
ဆူးငှက်
