သူတို့အိမ် အခန်း (၁၃၃)

ဆူးငှက်

 

 

 

နာမည်ကျော် ဆိုင်းတန်းမီး

—————————

 

ထိုသို့ဖြင့် လုပ်သားများက အလုပ်ရုံသည် မိမိတို့ပိုင်သည်ဟု ယုံကြည်ထားကြသဖြင့် အလုပ်ရုံကို ကာကွယ်ရန် အလုပ်သမားတိုင်းက တာဝန်ရှိသည်ဟု ခံယူထားကြသည်။ ကျွန်တော် အလုပ်ဝင်ကာစ ၁၉၈၁ခုနှစ် မေလလ ၁၀ရက်နေ့ ညဦးပိုင်းတွင် ၂၆ဘီလမ်းနှင့် လွှထောင်တန်းလမ်း ထိပ်ရှိ အောင်ချမ်းသာ မန္တလေး – မိုးကုတ် ကားသင်းမှ စတင်ကာ မီးလောင်ကျွမ်းသည်။ ထိုမီးက ကားဆီတိုင်ကီတွင် ဆီရှိမရှိ မီးထွန်း၍ ကြည့်ရာမှ လောင်သောမီး ဖြစ်သည်။ စတင် လောင်ကျွမ်းကတည်းက လောင်စာဆီနှင့် ဖြစ်သောကြောင့် မီးက ချက်ချင်း ကူးကာ ကြီးထွားလာ၏။

 

ထိုမီးသည် လွှထောင်တန်းမှသည် အနောက်ဘက်နှင့် မြောက်ဖက်ရှိ လူနေအိမ်ခြေစိတ်သော ရပ်ကွက်များသို့ တဟုန်ထိုး ကူးသည်။ အနောက်ဘက် ဆိုင်းတန်းရုပ်ရှင်ရုံတည်ရှိရာ ပခန်းကြီးကတော်ဝင်း၊ နဘဲကြူးရပ်၊ သင်္ဘောတန်းရပ်၊ မြောက်ဘက် ရေကြည၊် ထိန်ကုန်း၊ သံဝင်း၊ အင်းဘဲ မှသည် ပုလင်းဝင်း နှင်းဆီခြံအထိ ရောက်တော့သည်။ ထို မေ၁၀ရက်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သဖြင့် အလုပ်ရုံပိတ်သည်။ မနက်ပိုင်းက ထုံးစံအတိုင်း သက်သာဆိုင်မှာ စုရုံး ရောက်လာကြကာ နေ့လယ် ရေမိုးချိုးပြီး ပြန်ကြပြီ။ မီးလောင်ချိန်တွင် အလုပ်ရုံမှာက ညစောင့်ပဲ ရှိချိန် ဖြစ်၏။

 

မီးက အရှိန်ကောင်းပြီး နဘဲကြူးကျော်ကာ သင်္ဘေတန်းသို့ ရောက်တော့ မထိန်းနိုင်လောက်အောင် အားကောင်းလာပြီ။ သင်္ဘောတန်းလမ်း အရှေ့ခြမ်းက အိမ်တွေကို မီးက တမဟုတ်ချင်း ကူးလာပြီ။ အလုပ်ရုံနှင့်က လမ်းပဲခြားတော့သည်။ မြောက်ဘက်မှာလည်း လမ်းကိုကျော်ကာ အနောက်ဘက်ခြမ်းသို့ ကူးလာပြီ။ အလုပ်ရုံမှ အရှေ့ဘက်နှင့် မြောက်ဘက် တစ်ခြမ်းလုံး မီးပင်လယ်ကြီး ဖြစ်နေပြီ။

 

 

 

အလုပ်ရုံမှာက လောင်စာတွေချည်းရှိသည်

————————————————

 

အလုပ်ရုံမှာက ကော်ဖောက်ဖို့ ဓာတ်ဆီ ၂ပေပါခန့်ရှိသည်။ ဓာတ်ဆီနှင့် ဖောက်ထားသော ရာဘာ ကော်တွေက စဉ့်အိုးတွေနှင့် ရှိသည်။ အလုပ်ရုံအနောက်ခြမ်းမှာ ကရစ်ရာဘာတွေက ၂ခန်းစာပတ်လည် ခေါင်မိုးထိမျှရှိသည်။ ပလပ်စတစ်သားရေတု အလိတ်တွေ ရာချီရှိသည်။ ကြက်ပေါင် ဆိုးပြားတွေကလည်း တစ်ခန်းပတ်လည် ခေါင်မိုးအထိ ရှိသည်။ ထိုနေရာမှာပဲ သားရေတွေ အထပ်လိုက် ရှိသည်။ ထပ်ခိုးပေါ်မှာ ကတ္တီပါ အလိတ်တွေ ရာချီ ရှိသည်။ ဖိနပ်ကုန်ချောတွေ၊ ရှူးခြေနင်း ကုန်ချောတွေ အရံရေ ရာကြီးဂဏန်းရှိသည်။ တကယ့် လောင်စာတွေ ချည်း။ အလုပ်ရုံနှင့် ပေ၆၀ခန့်မျှသာ ကျယ်သော လမ်း၏ တစ်ဖက်မှာ မီးက ဟုန်းဟုန်းတောက်နေပြီ။ အကယ်၍ အလုပ်ရုံကိုသာ မီးကူးလိုက်ပါက အနောက်ဘက်က သင်္ဘောတန်းရပ်သာမက ပွဲကုန်း တစ်ရပ်လုံး ကုန်နိုင်သည်။

 

အလုပ်ရုံက အသင်းသားများဆိုသည်ကလည်း ဒေါင်းရိုးနှင့် ပုလိုင်းရပ်ကွက်တို့တွင် နေထိုင်သူများကသာ အလုပ်ရုံနှင့် အနီးဆုံးမှာ ရှိသည်။ ထိုသူများကလည်း ၁၀ဦးပင် မပြည့်။ လုပ်သားအများစုက မြို့သစ် ရှင်ပင်အုန်းအင်းမှာ၊ မင်္ဂလာဈေး အနီးမှာ၊ ပြည်ကြီးမျက်ရှင်မှာနှင့် ညောင်ကွဲရပ်ကွက်များတွင် နေထိုင်ကြသည်။ သို့သော် မီးသတင်းကြားသည်နှင့် စက်ဘီးအသော့နှင်ကာ အပြေးအလွှားရောက်လာကြသည်။ ဓာတ်ဆီပေပါများကို မီးလွတ်ရာ အမြန်ရွှေ့ကြသည်။ အမှုဆောင် အဖွဲ့ဝင်များလည်း ပါသောကြောင့် အလုပ်ရုံတံခါးကို ဖွင့်ကာ ရာဘာကော်အိုးများ၊ ကရစ်ရာဘာများ၊ ရာဘာဆိုးပြားများ၊ ပလပ်စတစ်သားရေတုများနှင့် ကတ္တီပါအလိတ်များကို လက်ဆင့်ကမ်းကာ သယ်ထုတ်နိုင်သည်။ ထို့ပြင် ဖိနပ်ကုန်ချောများနှင့်အတူ စက်ပစ္စည်းများအထိ သယ်ယူနိုင်ခဲ့၏။ ကျွန်တော်နှင့် တာဝန်ခံစာရေးကြီးတို့က စာရင်းပိုင်း ဆိုင်ရာ လယ်ဂျာ စာအုပ် ပြေစာနှင့် စာရွက်စာတမ်းများကို သယ်ထုတ်ခဲ့သည်။

 

 

 

ပွဲကုန်းဘက်ထိ မီးမကူးအောင် တားနိုင်ခဲ့

———————————————-

 

အလုပ်ရုံတွင် ကျုံးရေကန်ကြီးရှိသောကြောင့် ထိုရေကန်ထဲမှ ရေများကို မီးသတ်ပုံးများဖြင့် သယ်ကာ မျက်နှာချင်းဆိုင်မှ အလုပ်ရုံဘက် မီးစ မီးပွားတို့ မလွင့်အောင် ကာကွယ်ခဲ့ကြ၏။ မီးသတ်အပါအဝင် တက်ညီလက်ညီ တားနိုင်ခဲ့သောကြောင့် မျက်နှာချင်းဆိုင် မီးလောင်ပြင်သည် အလုပ်ရုံဘက်အခြမ်း မကူးခဲ့သောကြောင့် သင်္ဘောတန်း အနောက်ခြမ်းအပါအဝင် ပွဲကုန်းရပ်ကွက်ကြီးအထိ မီးဘေးကင်းလွတ်ခဲ့ပါ၏။ သို့သော် မီးသည် လူနေစိတ်သော မြောက်ခြမ်း ရပ်ကွက်များကို တဟုန်ထိုးလောင်ကျွမ်းကာ ဝင်းကျယ်ကြီးများရှိသည့် ၁၄လမ်း နှင်းဆီခြံရောက်မှ ရပ်တော့သည်။ ၂၂လမ်း၏ မြောက်ခြမ်းတွင်လည်း လမ်းအရှေ့ဘက်ထိ ကူးကာ ညောင်ပင်ဈေးနှင့် မျိုးမြင့်ရုပ်ရှင်ရုံ တို့လည်း မီးဘေးသင့်ခဲ့သည်။ ၂၆ဘီလမ်းက စတင်လောင်ကျွမ်းခဲ့သော ဆိုင်းတန်းမီးကြီးက အိမ်ခြေပေါင်း ၆၀၀၀ကျော် မီးဘေးသင့်ကာ လူဦးရေ ၁၆၀၀၀ကျော် မီးဘေးဒုက္ခသည် ဖြစ်စေခဲ့ပြီး လူ၈ဦးလည်း အသက်ဆုံးရံှုးခဲ့ရသည်။

 

ကျွန်တော်တို့ အလုပ်ရုံက တက်ညီလက်ညီကာကွယ်ခဲ့ကြသဖြင့် မီးဘေးက လွတ်မြောက်ခဲ့သလို အလားတူ အလုပ်ရုံ၏ မြောက်ဘက် ၂ဝင်းကျော်က သစ်ပြန်စိတ်စက် အိမ်ကြီးလည်း ကပ်၍ မီးလွတ်ခဲ့သည်။ ထိုအိမ်၏ မြောက်ဘက်တစ်ကြောက မီးဘေးသင့်ခဲ့ပါသည်။ ထိုပြန်စိတ်စက် အိမ်ကြီးတွင် တန်ခိုးကြီးဘုရားတစ်ဆူရှိသတဲ့။ ယခုမီးဘေးအပါအဝင် မီးဘေးကြီး ၂ကြိမ်တိုင် လွတ်ခဲ့သတဲ့။ ကိုယ့် အလုပ်ရုံရှိ ကိုယ့်အလုပ်စာပွဲမှ လွဲ၍ ဆိုင်ထဲက ဆိုင်ပြင်မထွက်ခဲ့သော ကျွန်တော်လည်း ရပ်ကွက်ကြီး မီးဘေးသင့်မှ ထိုရပ်ကွက်အကြောင်း သိရသည်လေ။

 

 

 

ပဲဝင်းမှသည် ပဲဖြူကုန်းသို့

——————————

 

ကျွန်တော်တို့ အလုပ်ရုံက လုပ်သား အိမ်ထောင်စု ၄စုလောက်က အရင်က အနောက်ပြင် ဦးတာရဲဈေးတောင်ဘက်ရှိ ပဲဝင်း ရပ်ကွက်မှာ နေထိုင်ကြသည်။ ၁၉၈၀ကျော်ကာလ ပဲဝင်းရပ် မီးဘေးသင့်သောအခါ အခြားသော မီးဘေးသင့်သူများနှင့် အတူ ချမ်းမြသာစည်လေယာဉ်ကွင်း၏ အရှေ့တောင်ထောင့်ရှိ ရှင်ပင်အုန်းအင်း ဘုရားအနီးတွင် အကွက်ရိုက်ကာ နေရာချထားပေးသည်။ ထိုနေရာမှစ၍ မြို့ကွက်သစ်များ ထပ်မံပေါ်ပေါက်လာသည်။ ထို့ကြောင့် ကွက်သစ်များတွင် မြေဈေးကွက်လည်း ပေါ်ထွန်းလာသည်။ အလုပ်ရုံက လုပ်သားများဖြစ်သော ကိုအာင်သန်းတု့ိ ဦးစံရီတို့ က ပဲဝင်း မီးဘေးကြောင့် ရှင်ပင်အုန်းအင်း ဘုရားအနီးက ပဲဖြူကုန်းရွာ ကွက်သစ်သို့ ရောက်နေကြပြီ။ သူတို့က သူတို့ အနီးတွင် မြေကွက်များရောင်းစရာ ရှိသည်ဟု ဆိုသောကြောင့် တနင်္ဂနွေတစ်နံနက်တွင် စက်ဘီးလေးနှင့် ပဲဖြူကုန်းသို့ သွားသည်။

 

၇၈လမ်းမအတိုင်း တောင်သို့ ထွက်ကာ ချမ်းမြသာစည်လေယာဉ်ကွင်း တောင်ဘက် ကပ်ရက် ကျောက်ကြမ်လမ်းးအတိုင်း အရှေ့တက်ရသည်။ လေယာဉ်ကွင်း အရှေ့ထိပ်က လွန်တော့ ရှင်ပင်အုန်းအင်း ဘုရားအနီး မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်ပေါ်မှာ လူတွေ စုထိုင်နေကြပြီး ဝင်လာသမျှ ဧည့်သည်ကို ဆီး၍ မြေကွက်ကြည့်မလားဟု အလုအယက်မေးကြ၏။ ကျွန်တော်က ကိုအောင်သန်း ညွှန်သည့်အတိုင်း သူ့အိမ်သို့ တည့်တည့်မတ်မတ်ရောက်သည်။ သူ့အိမ်မှ တဆင့် စက်ဘီးထားပြီး လမ်းလျှောက်ရင်း မြေကွက်တွေ စနည်းနာတာပေါ့။

 

 

 

လေယာဉ်ကွင်းတောင်ဘက်က လမ်းကလေး

————————————————

 

၁၉၈၀ နောက်ပိုင်းတွင် ပဲဝင်းမီးဘေးမှစ၍ အကြိမ်ကြိမ် လောင်ကျွမ်းသော မီးကြီးများကြောင့် ပဲဖြူကုန်းရွာသည် လည်းကောင်း၊ ငွေတော် ကျည်ကုန်းရွာသည် လည်းကောင်း၊ သိုးခြံရွာသည် လည်းကောင်း၊ ထွန်တုံးရွာသည် လည်းကောင်း၊ ဗိုလ်ရရွာသည် လည်းကောင်း မြို့ပြကွက်သစ်များအဖြစ် ပေါ်ထွန်းလာသည်။ မြို့နှင့် အလှမ်း ကွာဝေးလွန်းလှသော မြို့သစ်ကွက်များနှင့် မန်္တလေး၏ ဆက်သွယ်ရေး လမ်းကြောင်းသည် ထိုစဉ်အခါက ရှင်ပင်အုန်းအင်း ဘုရားဆီ ဦးတိုက်သည့် လေယာဉ်ကွင်း တောင်ဖက်ထိပ်က ကျောက်ကြမ်းလမ်းပဲ ဖြစ်ပါသည်။ ထိုကျောက်ကြမ်း လမ်းလေးက ရန်ကုန်-မန်္တလေးလမ်းမကြီးဆီ ဆိုက်၏။ ထို ကျောက်ကြမ်းလမ်းလေးသည် မိုးရွာသောအခါ မြို့သစ်သားတို့၏ ပခုံး ပေါ်သို့ သူတို့၏ စက်ဘီးများကို ထမ်းတင်သွားစေသည်။ သူ၏ မြဲမြံလှသည့် ရွှံ့စေးများဖြင့် အမှတ်၁၀ သစ်သားဘတ်စ်ကား အိုကြီးများကို ရပ်တန့်သွားစေ၏။

 

ထိုအခါ မန်္တလေးမြို့မှ လူလည်ပွဲစားများ၏ မြေကွက်အရောင်းအဝယ်သည် ၎င်းမြေလမ်းကလေးနှင့် နီးသော မူလမြို့သစ်၏ မနော်ဟရီလမ်းမကြီးနှင့်နီးသော အကွက်အကွင်းကိုသာ စိတ်ဝင်စားကြသည်။ သူတို့လက်ထဲ၌ တွန့်ကြေမွကာ စုတ်ပြတ်လုလု ဘိလပ်မြေအိတ်ခွံများပေါ် ခဲနီပြာတံနှင့် ရေးဆွဲထားသည့် မြို့သစ် မြို့ပြကွက် မြေပုံများ ရှိသည်။ ရှင်ပင်အုန်းအင်းဘုရား၏ မြောက်ဘက်မုခ် သစ်သားဇရပ်လေးမှ ထိုင်စောင့်ကာ မြေလမ်းလေးအတိုင်း ဒယိမ်း ဒယိုင် ဝင်လာမည့် ကားစီး၊ ဆိုင်ကယ်စီး လူတန်းစားကို သူတို့လက်ထဲက ဘိလပ်မြေအိတ်ခွံမြေပုံ များ ဖြန့်ကာဖြန့်ကာ ပြရင်း ဒီနေရာက ဈေး၊ ဒီနေရာ ကျောင်း၊ ဒီနေရာက သမဝါယမ၊ ဒီနေရာက ရုပ်ရှင်ရုံဟု အနာဂတ် မြို့ပြ ပုံစံသည် နက်ဖြန်ရောက်ရင်ပဲ နိုင်လွန်လမ်း ဖြူးဖြူး၊ မာကျူရီ တထိန်ထိန်၊ ဘတ်စ်ကား တဝီဝီနှင့် နယူးယောက်မြို့ကြီး ရှုံးလောက်အောင် ပေါ်ပေါက်လာတော့မည့်အလား အာပေါင် အာရင်းသန်သန် ပြောပြမည်။ “ထောင့်ကွက်ယူပါလား၊ ရုပ်ရှင်ရုံနဲ့လည်းနီးတယ်၊ ဈေးနဲ့လည်း နီးတယ်လေ”ဟု တိုက်တွန်းမည်။

 

လေပူတစ်ချက် ဝှေ့သည်။ ဖုန်လုံးတို့ ဝေါခနဲ ပြိုကျသွား၏။ ကန်သင်းရိုးပေါ်မှာ ရပ်ရင်း လေထဲ လွင့်မပါသွားအောင် ထိန်းလိုက်ရသည်။ အရှေ့ဆီလှမ်း ကြည့်တော့ သစ်ပင်မရှိ၊ ရိုးပြတ်လယ်တောတို့ တမျှော်တခေါ်၊ ဟိုတစ်စုသည် တစ်စုတဲအိမ်လေးအချို့တော့ တွေ့ရသည်။ ဝါးလုံးတိုင်လေးတွေ ထိုးထိုးထောင် ထောင်။ ရှမ်းရိုးမသည် တံလျှပ်ပြားတွင် အရိပ်ပြပွဲလိုတဖျပ်ဖျပ်။ မြို့သစ်မြေကွက်များကို စိတ်ဝင်စားသူတွေကတော့ လတ်တလော လူနေရပ်ကွက်ဖြစ်နေကြသည့် (က) (ခ) အကွက်များကို စိတ်ဝင်စားသည်။ ဒုတိယ စဉ်းစားကြတာ (ဆ)ရပ်ကွက်။ အခု ထောင့်ကွက် ယူပါလားဟု ဘိလပ်မြေအိတ်ခွံပေါ် ခဲတံ ဘောလ်ပင် ရောင်စုံတွေနှင့် ရေးဆွဲထားသည့် မြေပုံပေါ် လက်ညှိုး ထောက်ပြသည့် နေရာက ရှင်ပင်အုန်းအင်း ဘုရားရှေ့ လမ်းအသစ် ဖောက်ရန် ဖို့ထားသော မြေပုံကြီးဖြစ်သည်။

 

 

 

၃၀၀ဝိ တန်မြေကွက်တဲ့

—————————-

 

ဖို့မြေပေါ်က လှမ်းကြည့်တော့ အရှေ့မြောက်ထဲ တမျှော်တခေါ် ပျပျမျှသာ မြင်ရသည်။ ဘာလမ်းမှ မရှိ၊ အဆောက်အဦး ဝေလာဝေး။ ပွဲစားက လက်ရှိ လူအနေများသည့် ရှင်ပင်အုန်းအင်း ဘုရားအနီး နေရာတွေက ပေ၄၀ ပေ၆၀တစ်ကွက် ၁သောင်းလောက် တန်တာ မလိုက်နိုင်သော ကျွန်တော့်ကို ထိုပျပျနေရာက တစ်ကွက် ငွေကျပ်၃ထောင်နှင့် ထောင့်ကွက်ယူပါလား ဆိုတာ စေတနာနှင့် ဆိုတာထက် အကြံအဖန် လား ရွှဲ့ပြောတာလား ဟူသော အတွေးက အလေးသာသည်။ ၃၁၅ကျပ်စား လခစားလေး ကျွန်တော့်အဖို့ ၁သောင်းတန် မတတ်နိုင်တော့ မရေရာသော ၃ထောင်တန် (၁၀လ လခစာ) ငွေကြေးကို မစွန့်စားရဲတာ သဘာဝကျ ပါသည်။

 

သို့သော် မကြာလိုက်။ ဗိုလ်ရရွာ ပြောင်းရွှေ့လိုက်သောအခါ မြို့သစ်မြေပုံ တစ်မျိုး ပြောင်းလဲသွား ပြန်၏။ ဗိုလ်ရနေရာတွင် မြေကွက်များ ရိုက်၍ ရရှိသွားသူများက လူစွမ်းကောင်းများပင် မဟုတ်လော။ ထိုအခါ ဗိုလ်များသာ ရသော ”ဗိုလ်ရ” အကွက်များကို စိတ်ဝင်စားကြပြန်သည်။ ထိုနေရာများမှာ ကတ္တရာလမ်း အရင်ခင်းမှာ သေချာသည်။ လျှပ်စစ်မီး အရင်ရမှာ သေချာသည်။ ထင်သည့်အတိုင်းပင် ရွာခံတို့၏ တဲများမှ ထန်းလက်များပင် မဖြုတ်ခွာရမီ ပေကြိုးဆွဲ၏။ ထုံးဖြူ တား၏။ ကျောက်ကြီးချ၏။ လမ်းမီးအတွက် မျှောတိုင် စိုက်၏။ မကြာမီ ကတ္တရာ လမ်းမသစ် တစ်လမ်း ဘွားခနဲ ပေါ်လာပြန်သည်။ မကြာမီ ဗို့အားပြည့် လျှပ်စစ်မီး ၂၄နာရီ အပြည့်ရလာ၏။ မကြာမီ တယ်လီဖုန်း လိုင်းများ ရောက်လာ ၏။

 

ကုန်လွန်ခဲ့သော နှစ်၄၀ ဝန်းကျင် ရှင်ပင်အုန်းအင်းဘုရားအနီး အသစ်ဖောက် လမ်း၏ ဖို့မြေ ကုန်းမို့မို့ပေါ်က တစ်ကွက်ကို ငွေကျပ်၃ထောင်နှင့်ယူပါ့လား၊ ထောင့်ကွက်လေဟု ပွဲစားက ဘိလပ်မြေအိတ်ခွံပေါ် ခဲတံ ဘောလ်ပင် ရောင်စုံတွေနှင့် ရေးဆွဲထားသည့် မြေပုံပေါ် လက်ညှိုးထောက်ပြသည့် နေရာကအခု ၆၂လမ်းနှင့် ငုဝါလမ်းထောင့် နေရာလောက်ဖြစ်မည်။ ကျွန်တော်တို့ တက်ကြည့်ခဲ့သော ဖို့မြေပုံကြီးက မနော်ဟရီလမ်းမကြီး အနောက်ထိပ်လေ။

အခုဆို သိန်းပေါင်း သောင်းကြီး ဂဏန်းလောက် တန်နေရောပေါ့။

 

 

 

ပါရမီနှင့် လွဲရပြန်ပြီ

——————–

 

ထိုမြို့သစ်မြေကွက်များတွင် လူနေရပ်ကွက်က မြေက သောင်းဂဏန်းမို့ မလိုက်နိုင်။ ကိုယ်လိုက်နိုင်မည့် ၃၀၀၀ကျပ်တန် မြေကွက်က ထိုစဉ်က လမ်းပင်မပေါက်။ အမြော်အမြင်မရှိလို့ ငွေ၃၀၀၀ပင် ရင်းနှီးမြှုတ်နှံ မထားနိုင်။ ထို့ကြောင့် မြို့သစ်က မြေလေးတစ်ကွက် ဝယ်ရန် စိတ်ကူးလည်း အရာမထင်ခဲ့ပေ။ ကျွန်တော်က ကိုအောင်သန်းက တဆင့် မြို့သစ်မှာ မြေကွက် ကြည့်သည် ဆိုတော့ ကျွန်တော့ကို တလေးတစားခင်မင်လှသည့် မောင်ထွန်းညွန့်ကလည်း သူတို့ရပ်ကွက် အနီးက အကွက်အသစ်ရိုက်ထားသည့် မြေကွက်တွေ ပြသည်။ သူတို့အရပ်က ၁၉လမ်း မင်းတဲအီကင်း၏ မြောက်ဘက်မှာရှိသည်။

 

မောင်ထွန်းညွန့်က ညှပ်ဖိနပ်ချုပ်သည့် လူငယ်၊ သူက လက်ရာကောင်းသည်။ ကျျွန်တော်စီးမည့် ဖိနပ်ဆိုလျှင် သူပဲ ချုပ်ပေးသည်။ သူ့အိမ်ရောက်တော့ သူ့အိမ်၏ အရှေ့ဘက်တည့်တည့် ပြဝက်လောက်မှာ လယ်ကွင်းတွေကို အကွက်ရိုက်ထားသည့် ေ မြကွက်များကို ပြသည်။ ကန်သင်း ဘေးမှာ အုပ်အုပ်ဆိုင်းဆိုင်း သစ်ရိပ်ဝါးရိပ်များလည်း ရှိ၏။ အရှေ့ဆီ ကြည့်လိုက်တော့ မန္တလေးတောင်ကြီးက ဆီးမိုးထားသည်။ ကွင်းကို ပေ၄၀ × ပေ၆၀ အတိုင်း ဝါးလုံးတိုင် ထောင်ကာ ဂုံနီကြိုးများဖြင့် အကွက်ရိုက်ထားသည်။ တစ်ကွက်ကို ၇၀၀ဝိ တန်မှ တစ်သောင်းတန်အထိ အစားစားရှိသည်။ မောင်ထွန်းညွန့်က သူတို့အိမ်နှင့် အနီးဆုံး မြောက်ဘက်လှည့် အကွက်ကို ယူစေချင်သည်။ ပိုင်ရှင်ကို ငွေအရစ်ကျ သွင်းနိုင်ဖို့ ပြောပေးမည် ဆို၏။ ကျွန်တော် အင်းမလှုပ် အဲမလှုပ်နှင့် ပြန်ခဲ့ပါ၏။ ထိုနေရာများကား ယခု ၁၄လမ်း ပါရမီရိပ်သာဟု ခေါ်ကြသည့် တန်ဖိုးမြင့်နေရာများပင် ဖြစ်ပါ၏။

 

ကိုင်း။ မြေလေးတစ်ကွက် လိုချင်သူ ကျွန်တော့်မှာ ယခုအခါ သိန်းပေါင်း သောင်းချီတန်သည့် မြေကွက်များကို ငွေ၃၀၀ဝိ နှင့် ငွေ ၇၀၀ဝိ မသုံးဝံ့ခဲ့သည်မှာ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဟု ဆိုရမည် ဖြစ်ပါ၏။ မြေဆိုတာ ကံစပ်မှလည်း ရသတဲ့လေ၊ ဤသို့ပဲ စိတ်ဖြေရပါသည်။ သို့သော် မြေကဲ့သို့ လာဘ်မဝင်ခဲ့သော်ငြား အသက် ၂၅နှစ်နီးပါး လူပျိုကြီး ကျွန်တော့်မှာ စုတ်ဝင်ဖို့ လမ်းစပေါ်ပြန်ပါပြီ။ အဲ့ဒီ ဆိုင်းတန်း မီးလောင်ပြင်ပါပဲလေ။

 

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW