သင်္ဘောသား လူသစ်တွေကို PS နဲ့ ပြည်ပအလည်ပတ်ထွက်ခွင့်ပိတ်

စက်တင်ဘာ ၄ ၊ ၂၀၂၆
GG (VOM)
အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေကို အခုလစက်တင်ဘာ ၁၅ ရက်ကစပြီး သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) နဲ့ ပြည်ပနိုင်ငံတွေကို အလည်အပတ်ထွက်ခွာခွင့်ပိတ်လိုက်ပြီလို့ သင်္ဘောသားဌာနခွဲ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
ဒါကြောင့် အမျိုးသားလူသစ် သင်္ဘောသားနဲ့ အမျိုးသမီးသင်္ဘောသားတွေအနေနဲ့ ပြည်ပထွက်ခွာမယ်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှာ PS ကနေ PV အမျိုးအစားကို ပြောင်းလဲ ထွက်ခွာရမယ်လို့ သိရပါတယ်။
ပုံမှန်ဆိုရင် PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ် ၊ လူဟောင်းအားလုံးဟာ ပြည်ပကို ခရီးထွက်ပါက ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန Department of Marine Administration ( DMA) ခွင့်ပြုချက်နဲ့ သွားခွင့်ရရှိခဲ့ပါတယ်။
အခုကတော့ PS ကိုင်ထားတဲ့ သင်္ဘောသား လူသစ်တွေအနေနဲ့ ပြည်ပထွက်မယ်ဆိုရင် PS မှ PV ပြောင်းရမှာဖြစ်ပြီး သင်္ဘောလိုက်မယ်ဆိုပါက PV မှ PS ကိုပြန်ပြောင်းရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” အရင်စနစ်က သင်္ဘောသားလူသစ် ၊လူဟောင်းတွေ သင်္ဘောတက်ဖို့မဟုတ်ပဲ ပြည်ပနိုင်ငံတခုခုကို အလည်အပတ်သွားချင်ရင် အဲဒီ PS Passport နဲ့ပဲ DMA က ထွက်ခွာခွင့်ပေးတယ်။ အခုတော့ လူဟောင်းတွေပဲ PS passport နဲ့ အလည်အပတ်ခရီးကို DMA ခွင့်ပြုချက်နဲ့ သွားလို့ရတော့တာမျိုးဖြစ်သွားတယ်။ သင်္ဘောသားစာအုပ် CDC/ သင်္ဘောသား Passport PS ယူထားပြီး သင်္ဘောတခါမှ မတက်ရသေးတဲ့ လူသစ်တွေက PS နဲ့ အလည်အပတ်ခရီး ထွက်လို့မရတော့ဘူး။သင်္ဘောတက်မယ်ဆိုရင် ရတယ် ။ အလည်အပတ်သီးသန့် ထွက်ချင်ရင် PS ကနေ PV ပြန်ပြောင်းရမယ်။သင်္ဘောတက်မယ်ဆိုရင် PV ကနေ PS ပြန်ပြောင်းရမယ်။ ပြောင်းတဲ့အခါ လုပ်ငန်းစဥ်ကမြန်မှာလားဆိုတာက သေချာမသိဘူး ။ ” လို့ သင်္ဘောသား တယောက်က ပြောပါတယ်။
ပြည်ပကုမ္ပဏီနဲ တိုက်ရိုက်စာချုပ်ချုပ် ဆိုထားခြင်းမရှိပဲ ဌာနမှာ တရားဝင် SRPS လိုင်စင်မရှိတဲ့ ကုမ္ပဏီ၊ ကြားခံလူပုဂ္ဂိုလ်၊ ပွဲစားတွေက သင်္ဘောသားကို တရားမဝင်စေလွှတ်မှုကြောင့်သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံတချို့ရှိ လုပ်ငန်း ခွင်ကို ရောက်ရှိတာမျိုးရှိနေတာကြောင့် PS နဲ့ ပြည်ပအလည်အပတ်ထွက်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။
ဒါအပြင် ဌာနမှ ခွင့်ပြုထားခြင်းမရှိတဲ့ ငါးဖမ်းသင်္ဘောတွေပေါ်ကို စုဆောင်းခေါ်ယူစေလွှတ် ခံရခြင်း၊ ပြည်ပကုမ္ပဏီနဲ့ ခိုင်မာတဲ့စာချုပ်စာတမ်း ချုပ်ဆိုမှုမရှိဘဲ ကုမ္ပဏီ၊ ကြားခံ လူပုဂ္ဂိုလ်များ၊ ပွဲစားများရဲ့ ဆက်သွယ်စေလွှတ်ခြင်းကြောင့် ရသင့်ရထိုက်တဲ့ လစာနှုန်းထားမရခြင်း၊ လစာဆုံးရှုံးခြင်း ၊ တရားမဝင်မှောင်ခိုပစ္စည်း တင်ဆောင်တဲ့ သင်္ဘောပေါ်မှာ လုပ်ကိုင်ရခြင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းခံနေရတယ်လို့ ဆိုပါတယ်။
အာမခံမရှိတဲ့ သင်္ဘောပေါ်မှာ လုပ်ကိုင် ရခြင်းကြောင့် ထိခိုက်မှုနဲ့ အသက်အာမခံလျော်ကြေး မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်အတိုင်း မပြည့်မီခြင်း၊တရားဝင်စာချုပ်စာတမ်း ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားတွေရဲ့ အကျိုးခံစား ခွင့်ကို ထိရောက်စွာ ဆောင်ရွက်မပေးနိုင်ခြင်း၊ထွက်ခွာခဲ့တဲ့ သင်္ဘောနှင့် တာဝန်ထမ်းဆောင်ခဲ့တဲ့ သင်္ဘောမတူညီတဲ့အတွက် သင်္ဘောသားတွေရဲ့ ပင်လယ်ပြင်လုပ်သက်မရရှိသလို သင်တန်းတက်ရောက်ခွင့်လည်း.မရရှိဘူးလို့ ဆိုပါတယ်။
ဌာနရဲ့ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူခြင်းမရှိဘဲ ရုံးခန်းဖွင့်လှစ်ပြီး Social Media မှတဆင့် လူသစ်စုဆောင်းခေါ်ယူ စေလွှတ်နေသူတွေ အတွက် တရားမဝင် ထွက်ခွာခွင့်ရရှိနေခြင်း၊SIRB (CDC) မှာ ရာထူးလိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက်လိမ်လည် ရယူခြင်း၊ သက်ဆိုင်ရာ ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ သင်တန်းများတက်ရောက် ပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်ကို စေလွှတ်ခြင်း ဖြစ်ပေါ်နေတာကြောင့် PS နဲ့ အလည်ပတ်ထွက်ခွင့်ကို ပိတ်လိုက်တာဖြစ်ပါတယ်။
အဲဒီလိုပိတ်လိုက်တဲ့အပေါ် Myanmar Seafarers Support Network (MSSN)အဖွဲ့က “ဒီလိုလုပ်ဆောင်မှုတွေကို ပြုလုပ်နေတဲ့ တရားမဝင်အေးဂျင့်တွေ၊ ပွဲစားတွေ၊ စည်းကမ်းဖောက်ဖျက်တဲ့ Recruitment လုပ်ငန်းတွေကို ထိရောက်စွာ စစ်ဆေးအရေးယူရမယ့်အစား၊ တရားဝင်သင်္ဘောသားတွေရဲ့ Passport အသုံးပြုမှုနဲ့ ခရီးသွားလာခွင့်ကိုပါ ကန့်သတ်ဖို့ ဘာကြောင့်လိုအပ်တာလဲ။ SIRB/CDC မှတ်တမ်းတွေကို တိကျစွာ Verification ပြုလုပ်ခြင်း၊ Sea Service မှတ်တမ်းတွေကို စစ်ဆေးခြင်း၊ Training Certificate တွေကို အတည်ပြုစစ်ဆေးခြင်း၊ တရားမဝင်အေးဂျင့်နဲ့ ပွဲစားတွေကို ထိရောက်စွာ အရေးယူခြင်းက ပြဿနာရဲ့ အရင်းမြစ်ကို ပိုမိုတိုက်ရိုက်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ မဟုတ်ဘူးလား” လို့ ပြောပါတယ် ။
လက်ရှိမှာ PV ကနေ အခြားပတ်စ်ပို့အမျိုးအစားကို ပြောင်းတာနဲ့ပတ်သက်ပြီး အစိုးရဘက်က တင်းကြပ်ထားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ထုတ်ပြန်စာမှာ ဖော်ပြချက်အရဆိုရင် PS အမျိုးအစားကိုင်ထားတဲ့ သင်္ဘောတက်ပြီးသား လူဟောင်းတွေကတော့ PS နဲ့ပဲ ပြည်ပနိုင်ငံကို ထွက်ခွာခွင့်ရရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW