အိမ်ကလေးအကြောင်း ဟပ်(ပ)တိုင်း
—————————————–
ကျွန်တော်က နေစရာ အိမ်ကလေးတစ်လုံးကို မြေပိုင်လေး တစ်ကွက်ပေါ် ပိုင်ဆိုင်နိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားရပုံကို အတ္တကြီးစွာ အားမနာပါးမနာ ဆက်တိုက်ရေးသားဖြစ်နေတော့ ထိုစဉ်ကာလ အကြောင်းအရာအချို့ကို သိသိနှင့် ချန်ထားခဲ့ရသည်။ တကယ်တော့ ထိုအကြောင်းအရာများက အမှတ်တရရှိလှသည့် အတွေ့အကြုံများဖြစ်ပါ၏။
အခု သရက်ကုန်းလယ်ကွင်းထဲက လယ်တောအိမ်လေးမှာ မိခင်ကြီး အပါအဝင် မိသားစုအားလုံး ပြောင်းရွှေ့ပြီး နေထိုင်နေပြီမို့ အသားမကျသေးသော်လည်း အမောပြေ အပန်းပြေ နားနားနေနေရှိစဉ် တောဘဲသံ တောကြက်သံ ချိုးကူသံ ကျွဲခလောက်သံ နွားခြူသံ နွာပေါက်လေး၏ ဘူးဘူးဘဲဘဲသံ အရှေ့နား ကြက်ခြံက ကတော်ကတော်ကြက်အစာတောင်းသံများတွင် နွားချေးရနံ့သင်း ကွင်းဖြတ်လေညင်းခံရင်း အိမ်ရှာ မြေရှာစဉ်ကာလက မှတ်မှတ်ရရ ကိစ္စအချို့ကို ပြောပြပါဦးမည်။ မပြောမဖြစ် ပြောရဦးမည့် အိမ်ကလေးအကြောင်း မဆက်မီ ဟပ်(ပ်)တိုင်းပေါ့ ချစ်မိတ်ဆွေ။
ဒေါ်ဒေါ်လူထုဒေါ်အမာနှင့် ခရီးသွားခြင်း
——————————————-
ဒေါ်ဒေါ်နှင့် ခရီးတချို့ထွက်ဖူးပါသည်။ အလွန်ပျော်စရာကောင်းပါ၏။ ခရီးအများစုမှာ ဒေါ်ဒေါ့် အိမ်က ကားနှင့်ဖြစ်သည်။ မျတ်မိသလောက် ထွက်ဖူးသော ခရီးအချို့မှာအနီးအနားဆိုလျှင် ဝါးချက်ဆေးရုံ ၁၀နှစ်မြောက်ပွဲ၊ အလ္လကပ္ပ ဝမ်းပြေ့ရွာက ဒဿမမြောက် ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော် ကမ္ပည်းမော်ကွန်း ကျောက်စာ ဗိမာန်ဖွင့်ပွဲ၊ ကျောက်ဆည် မြတ်ဗုဒ္ဓ ၏ မြတ်ဓမ္မစာကြည့်တိုက်ဖွင့်ပွဲ၊ ဆရာသိန်းဖေမြင့် အမှတ်တရ အခမ်းအနား ဘုတလင်၊ ပန်းချီဆရာကြီး ဦးအောင်ခင် ကွယ်လွန်ခြင်း ၁နှစ်ပြည့် ချင်းတွင်း နတ်ကျွန်းအောင်မြေခရီး၊ ဆရာ လင်းယုန်မောင်မောင် မွေးနေ့ မုံရွာ နှင့် ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက် ဖွင့်ပွဲတို့ဖြစ်သည်။ ဒေါ်ဒေါ်က စာပေခရီးဆိုလျှင် တစ်အုပ်တစ်မကြီး သွားရတာပျော်ပုံရသည်။
ကျွန်တော်လိုက်ဖြစ်ခဲ့သော ခရီးအများစုမှာ ဆရာညီပုလေး အထိန်းသိမ်းခံနေရစဉ် သွားရသော ခရီးများမို့ ဒေါ်ဒေါ့်မှာ ကားရှိသော်လည်း ကားမောင်းပို့မည့်သူ ကသီလင်တရှိသည်။ အလ္လကပ္ပ ဝမ်းပြေ့သွားစဉ်က ကိုအော်ပီကျယ် မောင်းသည်ထင်ပါ့။ ဆရာညီပုလေး ပြန်လွတ်ချိန် ခရီးကတော့ ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက် ဖွင့်ပွဲဖြစ်သည်။
ချင်းတွင်းနှင့် ဘုတလင်
————————-
ဒေါ်ဒေါ်နှင့် သွားရသည့်ခရီးများတွင် ကျောက်ဆည်၊ ဘုတလင်နှင့် နတ်ကျွန်းအောင်မြေ ခရီးများတွင် ဒေါက်တာသန်းထွန်းလည်း ပါသည်။ ဘုတလင်မှာက ဒေါက်တာသန်းထွန်းအပြင် ဆရာတော်ကိုပညာ(အမရပူရ)နှင့်အတူ ဆရာကျော်ရင်မြင့်၊ ဒေါ်ဒေါ့်မြေး ဘိုဘိုလန်းစင်တို့လည်းပါသည်။ ဘုတလင်ပွဲက ရန်ကုန်မန္တလေး စာရေးဆရာ တော်တော်စုံပါ၏။ မနက်ပိုင်း ဆွမ်းကပ်နှင့် အခမ်းအနားအပြီး ဘုတလင်က ဆရာသိန်းဖေမြင့်အိမ်မှာ နားနေစဉ် ဒေါ်ဒေါ်က “ဆူးငှက်ရေ..၊ မင်းမိဘများဇာတိရွာက ဒီနားမှာမဟုတ်လား၊ ဒို့ဒီလို နားနေမယ့် အတူ သွားကြရအောင်လားတဲ့။ ဒေါ်ဒေါ်က ဘယ်တုန်းကများ ကျွန်တော့်မိဘများ ဇာတိနေရာ သိနေပါလိမ့်။ ဒေါ်ဒေါ်က ဤကဲ့သို့ ရင်းနှီးကျွမ်းဝင်အောင် နေသည်။ ကျွန်တော်က မိဘများဇာတိရွာသို့ မရောက်တာ (ထိုစဉ်က) ၁၀နှစ်နီးပါးမို့ ကြိုတင် ပြင်ဆင်မှုမရှိဘဲ ဒေါ်ဒေါ် ၊ ဒေါက်တာသန်းထွန်း၊ ကိုပညာ(အမရပူရ) အပါအဝင် ဆရာများကို ရွာသို့ မခေါ်ဝံ့။ ထို့ကြောင့် “ ဒေါ်ဒေါ်ရယ် ၊ ဘုတလင်နဲ့ လှမ်းသေးတယ်ဗျ” ဟု မုသားသုံးလိုက်ရသည်။ တကယ်က ဘုတလင်အရှေ့ဘက် ၄မိုင်ခရီးပဲ ရှိပါ၏။ လမ်းကလည်း မဆိုးတဲ့။
နောက် အမှတ်တရ ခရီးတစ်ခုက နတ်ကျွန်းအောင်မြေ ဖြစ်သည်။ ဒေါက်တာသန်းထွန်းနှင့်အတူ ဆရာကြီးဦးအောင်ခင်၏ သမီးများဖြစ်သော ပန်းချီချိုချိုအောင်၊ ဖြူဖြူအောင်နှင့် မန္တလေးက ပန်းချီဆရာတွေလည်း ပါသည်။ ဒေါ်ဒေါ်နှင့် အတူ ဆရာကျော်ရင်မြင့်နှင့် ကျွန်တော်လိုက်ပါသည်။ မန္တလေးက မနက်စောစောထွက်ပြီး ညောင်ပင်ဝန်းရောက်မှ လက်ဖက်ရည် သောက်ကြသည်။ ဒေါ်ဒေါ်က ကျွန်တော်တို့ လက်ဖက်ရည်သောက်နေစဉ် ညောင်ပင်ဝန်းဈေးထဲ ပတ်ပြီး ဈေးဝယ်နေပြီ။ ခရီးထွက်တိုင်း ဒေါ်ဒေါ်က ရောက်သည့်နေရာမှာ ဈေးတွေကို ဝင်သည်။ ထွက်ကုန် သီးနှံတွေ မေးသည်။ ရောင်းရေးဝယ်တာ လုပ်ငန်းကိုင်ငန်း စူးစမ်းသည်။ ဒေသထွက် သီးနှံ အစားအသောက်နှင့် ထွက်ကုန်တွေ ဝယ်ခြမ်းသည်။ အခုလည်း ညောင်ပင်ဝန်းဈေးထဲက ခရမ်းသီးအပါအဝင် လတ်လတ်ဆတ်ဆတ် သီးနှံတွေ အသီးအရွက်တွေ ကို နပန်းခြင်းတစ်လုံး ဝယ်ကာ ထည့်သည်။ “ဒီမှာ ဇောင်ခြမ်းချဉ် အစစ်တွေရလို့ ဝယ်ခဲ့သေးတယ်။ ဖွေးပြီး ညွန့်နေတာပဲ၊ လတ်လိုက်တာ” ဟု ပြောသည်။ မုံရွာရောက်တော့ ပါလာသည့်ကားကို ကမ်းနား ညောင်တပင်လမ်းက အိမ်မှာထားခဲ့ပြီး ဘုတ်ချပ်ခေါ် မော်တော်လေးတစ်စင်း စင်းလုံးငှားကာ ချင်းတွင်းအတိုင်းစုန်ရသည်။
နွေအခါ ရေငယ်ချိန်မို့ နေပူပူမှာ ခရီးဖင့်လှသည်။ နတ်ကျွန်းအောင်မြေရွာကိုရောက်တော့ ဆွမ်းကပ် ထမင်းစားသောက်ပြီး ဘုန်းကြီးကျောင်းပေါ်မှာပဲ ပန်းချီဆရာကြီးဦးအောင်ခင် ကွယ်လွန်ခြင်း ၁နှစ်ပြည့်နှင့် ကျောက်စာ တိုင်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ ဒေါ်ဒေါ်နှင့်အတူ မိသားစုက အမှတ်တရ စကားပြောကြပြီး ဆရာကြီး ဒေါက်တာသန်းထွန်းက စာတမ်းဖတ်သည်။ အပြန်က ကျနေတွင် အဆန်ခရီးမို့ တစ်ထိုင်လွတ်သာရှိသော မော်တော်လေး ထဲမှာ တော်တော် ပင်ပန်းကြသည်။ မုံရွာရောက်တော့ ချက်ချင်း မပြန်နိုင်ကြ။ ညောင်တပင်လမ်းက တိုက်မှာ အအေးတွေ သောက်နားကြရင်း ဒေါ်ဒေါ်က တစ်ရေးတမော အိပ်စက်အနားယူပြီးမှ ပြန်ကြရသည်။
အမှတ်တရ ဆင်ဖြူကျွန်း စလင်းခရီး
————————————–
အမှတ်ရဆုံးခရီးကတော့ ဆင်ဖြူကျွန်း အောင်ဗလစာကြည့်တိုက်ဖွင့်ပွဲပေါ့။ ထိုဝန်းကျင်ကာလမှာပဲ ကျွန်တော်တို့ စားပွဲသို့ စာတစ်စောင် ရောက်လာသည်။ ၁၉၉၃ခု သြဂုတ်လမှာ ထိုစားပွဲသို့ ကျွန်တော် ရောက်ရှိခဲ့ပြီးနောက် ၁၉၉၅ ကျော်တော့ ဆရာညီစေမင်းလည်း အင်္ဂလိပ်စာတည်း တာဝန်ဖြင့် ထပ်မံရောက်ရှိလာသည်။ စာကို အမေလူထုဒေါ်အမာက ယူလာပြီး “ဒီစာလေး မင်းတို့ ဖတ်ကြည့်ကြပါဦးကွယ်။ ဖတ်ကြည့်ပြီး တို့က ဘာများလုပ်ပေးနိုင်မလဲဆိုတာ အကြောင်ပြန်ပေးလိုက်ကြပါဦး” ဟု ဆိုသည်။ စာပါ အကြောင်းအရာက စလင်းမြို့ရှိ ရဟန်း ကဗျာဆရာတစ်ဦးက သူ့ကျောင်းတွင် ကျင်းပမည့် ပညာရည်ချွန်ဆုပေးပွဲသို့ အမေလူထုဒေါ်အမာနှင့် မန္တလေးက စာရေးဆရာများ လာရောက် စေချင်ကြောင်း ဖိတ်ကြားသည့်စာ ဖြစ်သည်။ ရဟန်းကဗျာဆရာက ကိုလမင်း(စလင်း)တဲ့။ ကျွန်တော်တို့ ထိုပွဲသို့ မသွားနိုင်ခဲ့ကြပါ။ သို့သော် လူချင်း မတွေ့ဆုံဖူးကြသော်လည်း နောက်ထပ် ကိုလမင်း(စလင်း)ထံက ကဗျာတွေ၊ စာတွေ ကျွန်တော်တို့ဆီ မကြာမကြာရောက်လာသည်။ တစ်ခါတရံ တယ်လီဖုန်း ဆက်ဖြစ်သေး၏။ သူက စလင်းကို မန္တလေးသားတွေ လာစေချင်သည့် ဆန္ဒကို စာတိုင်းမှာ လှစ်ဟထားသည်။
ဤသို့ဖြင့် လများမကြာမီမှာပင် အမေလူထုဒေါ်အမာနှင့် အတူနေ သားဖြစ်သူ ဆရာညီပုလေး၊ မိဘနှင့် နှစ်ကြာရှည်ခွဲခွာပြီး အိမ်ပြန်ရောက်လာသည်။ ဆရာညီပုလေး ပြန်ရောက်ပြီး မကြာခင်မှာပင် ယခင် လူထုသတင်းစာ၏ ဆင်ဖြူကျွန်းသတင်းထောက်က ဆင်ဖြူကျွန်းတွင် မယ်အောင်ဗလ စာကြည့်တိုက်ဖွင့်ပွဲသို့ အမေလူထုဒေါ်အမာကို ဖိတ်ကြားလေသောအခါ ပြန်ရောက်လာသော သား နှင့်အတူ စိတ်ပြေလက်ပျောက် ခရီးထွက်ရန် အမေလူထုဒေါ်အမာ အားတက်သရော ဖြစ်နေ၏။ ထို့ကြောင့် ကျွန်တော်တို့နှင့် အမေလူထုဒေါ်အမာ ခေါင်းချင်းဆိုင်ကြပြီး တစ်စုတဝေး ခရီးထွက်ကြသည်။ ဆရာညီပုလေးလည်း ၁၀နှစ်ခန့် အထိမ်းသိမ်းခံရပြီး မန္တလေးပြန်ရောက်ပြီး ခရီးဖြစ်သည်။ အောင်ဗလစာကြည့်တိုက်ကို ဦးဆောင်ဖွင့်လှစ်သူက လူထုသတင်းထောက် တစ်ဦးဖြစ်ခဲ့ဖူးတာမို့ သူ့ဖိတ်ကြားမှုကို ဒေါ်ဒေါ်က တလေးတစား တုန့်ပြန်သည့်ခရီးဖြစ်သည်။
စာရေးဆရာ ၁၁ယောက် ဟောပြောပွဲ
—————————————-
စာကြည့်သင်းဖွင့်ပွဲ အကြိုအဖြစ် ဆင်ဖြူကျွန်းရုပ်ရှင်ရုံကြီးထဲမှာ စာပေဟောပြောပွဲ ကျင်းပသည်။ ကျွန်တော့်အထင် မြန်မာပြည်မှာ ဟောပြောသူအများဆုံး စံချိန်တင်သည့် ပွဲကြီးဖြစ်ပေလိမ့်မည်။ ဒေါ်ဒေါ် လူထုဒေါ်အမာ၊ ဆရာညီစေမင်း၊ ဆရာနေဝင်းမြင့်၊ ဆရာသိုက်ထွန်းသက်၊ ဆရာညိုထွန်းလူ၊ ဆရာကျော်ရင်မြင့်၊ ဆရာညီပုလေး၊ ဆရာသန်းစိုးနိုင်၊ ဆရာသင့်နော်၊ ဆရာစိုးဘားဒိုင်နှင့် ကျွန်တော်တို့ဖြစ်သည်။ စုစုပေါင်း (၁၁)ယောက်။ မပိုကြေး။ မလိုကြေး။ ရေကုန်ရေခမ်း နွှဲကြမည့် ပွဲလည်းဖြစ်သည်။ ပရိသတ်က ရုံပြည့်ရုံလျှံ၊ ကမ္ဘာ့ဖလားပွဲရှိသည်ပင် လူငယ် အများစုက စာပေဟောပြောပွဲဆီ ဦးလှည့်လာကြသည်။ ဟောပြောပွဲ မစမီ ရှေ့နောက် အစီအစဉ်ကပင် ငြင်းကြ၊ ခုန်ကြ စိတ်ကောက်ကြနှင့် ပျော်စရာကောင်းလှ၏။ ညဦးပိုင်း(၇)နာရီ မထိုးမီကပင် မြို့ခံတီးဝိုင်းအဖွဲ့နှင့် ဖျော်ဖြေကာ မြို့မှ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းသူလေးများ၏ ရုပ်သေးအစီအစဉ်ပင်ပါသေး၏။ (၇)နာရီက စ၍ ဟောပြော လိုက်ကြတာ သန်းခေါင်ကျော် သန်းလွဲ နာရီပြန်(၂)ချက်ထိုး ကျော်မှ ပြီးသည်။
ထိုခရီးစဉ်တွင် ထူးထူးခြားခြားရန်ကုန်က ဆရာသန်းစိုးနိုင် ပါလာတာကလည်း မှတ်မှတ်ရရဖြစ်သည်။ ဆရာသန်းစိုးနိုင်က ကန်တော်ကြီး အနောက်ခြမ်း ဆရာနေဝင်းမြင့် တိုက်ခန်းမှာ ခဏအလည်ရောက်ခိုက် သည်လူအုပ်ကြီးကို မြင်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် တည်းသည့် ဆွေမျိုးအိမ်ကိုပင် အသိမပေးနိုင်ဘဲ ကောက်ကာငင်ကာ လိုက်ခဲ့ခြင်းဖြစ်၏။ သူ့လို လျှပ်တစ်ပြတ် ဧည့်သည်တစ်ဦးက မြစ်ကြီးနားက ဥတ္တရလမင်း ဦးသန်းဆွေ ဖြစ်သည်။ သူက မန္တလေးသို့ အလုပ်ကိစ္စတစ်ခုဖြင့် လာသည်။ နောက်ရက်ပြန်ရံုံ၊ သို့သော် အခုလို တစ်ဖွဲ့ကြီး ခရီးသွား ကြမည် ဆိုတော့ သူ့ညီ ကိုတင့်နှင့်အတူ ကားလေးဆွဲကာ လိုက်ခဲ့ခြင်း ဖြစ်၏။ သူ့ကားလေး ပါလာတော့ ပိုလို့ အဆင်ပြေတာပေါ့။ ဒေါ်ဒေါ် လူထုဒေါ်အမာက ကိုညီပုလေး၊ ကိုကျော်ရင်မြင့်တို့နှင့်အတူ ဦးသန်းဆွေကားနှင့် ရှေ့ပြေး ထွက်သည်။ ဒေါ်ဒေါ် လူထုဒေါ်အမာ ငှားပေးသော မီနီဘတ်စ် အဲယားကွန်း မှန်လုံကားပေါ်မှာ ကိုညိုထွန်းလူ၊ ကိုနေဝင်းမြင့်တို့ စိတ်ကြိုက် သဘောကျ စီးကရက်တဖွာဖွာ၊ ကွမ်းတပစ်ပစ် လုပ်နိုင်ကြတော့၏။ ကျွန်တော်တို့ကလည်း အာတဖောင်ဖောင် အသံ တစာစာနှင့် တဝါးဝါးတဟားဟား ပြောချင်ရာ ပြောလာကြသည်။ ပျော်စရာ။ အသက်(၅ဝ)နားနးီ (၅ဝ)ကျော်ကျွန်တော်တို့မှာဒေါ်ဒေါ်နှင့် ခရီးအတူသွားရတာ ပီဘိ ၁၄၊၁၅နှစ် ကလေးငယ်လေးတွေ ပမာ။
စလင်းသို့ ခရီးဆက်
————————
ဆင်ဖြူကျွန်း ဇာတ်ရုံကြီးထဲမှာ ဆရာတော်ဦးစန္ဒိမနှင့်တွေ့လည်း ဆရာတော်က ကိုလမင်း(စလင်း)ကလောင်ဖြင့် ကဗျာတွေ ရေးနေဆဲကာလ။ ဆရာတော်က ကျွန်တော့်ဘေးထိုင်ရင်း စကားတတွတ်တွတ် ပြောသည်။ သူသိချင်သော စာပေကြောင်းချင်းရာတွေက မအများသား။ ဟောပြောပွဲပြီးတော့ ညကြီးမိုးချုပ် ဆိုင်ကယ်တစ်စီး စီစဉ်ကာ စလင်းသို့ ပြန်ကြွသွားသည်။ နောက်ရက် မနက်စာကြည့်တိုက် ဖွင့်ပွဲအပြီးစလင်းအထက စာကြည့်တိုက်ကို ဝင်ကြည့်ကာ အပြန်ခရီးစသည်။ စကုမင်းဘူးဆက်က လှည့်ပြန်မှာမို့ စလင်းညောင်နှစ်ပင်ကျောင်းကို လှည့်ဝင်ဖြစ်သည်။ ဆရာတော်မှာ ဝမ်းသာလို့မဆုံးတော့။ ရှိသမျှချကျွေး။ စကားတွေပြော ဓာတ်ပုံဆရာ အပြေးအလွှားခေါ်ကာ ဓာတ်ပုံရိုက်၊ မမောနိုင်၊ မပန်းနိုင်။ ကျွန်တော်ကတော့ မန္တလေးအဖွဲ့နှင့် ဆရာတော်ာကား အကျိုးဆောင်ဧည့်ခံသူ။ ‘ကိုဆူးရေ’ဟုခေါ်ခေါ်ပြီး ဆရာတော်က သတိရသမျှ စားစရာတွေ ကျက်သရေခန်းထဲက ရေခဲသေတ္တာထဲက မီးဖိုကြောင်ထဲက ထုတ်ခိုင်းပြီး ကျွေးမွေး၏။ အပြန် ကားပေါ်စားဖို့တဲ့ ဘီစကွတ်မုန့်ထုတ်တွေ၊ ငှက်ပျောသီးတွေ၊ အများကြီးထည့်ပေးလိုက်သည်။
ရဟန်းစာဆိုနှင့် ဒေါ်ဒေါ်လူထုဒေါ်အမာမှာလည်း စာနှင့် ဖုန်းနှင့် ရင်းနှီးပြီးသားမို့ အိမ်ရှင်ဧည့်သည် ဟု တစိမ်းမဆန်ဘဲ ကိုယ့်သားချင်း ရပ်ရွာ၊ ကိုယ့်သားချင်း ကျောင်း သို့ ရောက်လာကြသည့် မိသားစုလို ဖြစ်နေတော့သည်။ ရဟန်းစာဆို ကိုလမင်း(စလင်း)က အချိန်ရသည့်အခိုက် အမေနှင့် စာအကြောင်းပေကြောင်းပြောရင်း၊ စလင်းမြို့က နာမည်ကျော် သာသနိက ဌာနကြီးများ လိုက်ပို့သည်။ စလင်းက တန်ခိုးကြီးဘုရားများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ထို့နောက် ရှင်ဘုရင်လက်ထက်က သူကောင်းမျိုးများအကြောင်း…။
ငါတို့ ကလောင်တစ်ချောင်း တိုးသွားပြီကွယ့်
———————————————-
စလင်းမြို့တွင်း လေ့လာရေးခရီး အပြီး ညောင်နှစ်ပင်ကျောင်းမှာ စားရင်း သောက်ရင်း ပြန်နားကြတော့ ဒေါ်ဒေါ်လူထုဒေါ်အမာက “ကိုယ်တော့်ကို ရင်းရင်းနှီးနှီး ပြောရဦးမယ်။ ကိုယ်တော့် ရပ်ရွာမှာ အဖိုးတန်ကုန်ကြမ်းတွေ၊ ရေးစရာသားစရာတွေ အများကြီး ရှိနေတာကိုး။ စလင်းဆိုတာ ဘာသာရေးနှင့် ပတ်သက်ရင် လျှမ်းလျှမ်းတောက် အထင်ကရချည်းပဲလေ။ ဖေတော့မောင်တော့ ကဗျာတွေ စပ်ရုံနှင့် မတင်းတိမ်ပါနှင့်တော့။ စလင်းမြို့က ဆရာတော်ကြီး တွေ၊ အခြား သာသနိက နေရာတွေ၊ စလင်းမြို့က သူကောင်းကြီးတွေအကြောင်း ရေးပါဦး။ ကိုယ်တော့်မှာ တာဝန်ရှိ တယ်နော်” ဟု ပြောခဲ့သည်။ ဟော ကျွန်တော်တို့ ထိုခရီးစဉ်ကအပြန် လအနည်းငယ်မှာပင် ကဗျာဆရာ ကိုလမင်း(စလင်း) က ဦးစန္ဒိမ(စလင်း) ကလောင်အမည်ဖြင့် စလင်းမြို့က ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေ အကြောင်း ဆောင်းပါးတွေ ဆက်တိုက်၊ ဆက်တိုက် ရောက်လာတော့၏။
ထိုဆောင်းပါးတွေကို ဒေါ်ဒေါ်လူထုဒေါ်အမာက မပျက်မကွက် ဖတ်သည်။ အမေက ဆရာတော့်ဆောင်ပါးတွေ ဖတ်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ “ ငါတို့ ကလောင်တစ်ချောင်း တိုးသွားပြီကွယ့်” ဟု ကျွန်တော်တို့ရှေ့မှာ အားရဝမ်းသာ ပြောသည်။ ကဗျာဆရာက စကားပြေ ရေးလာသောကြောင့် ဆောင်းပါးတွေမှာ အနုအလှလေးတွေတော့ ပါသပေါ့။ ထိုအခါ ဒေါ်ဒေါ်လူထုဒေါ်အမာက ဆရာတော့်ကို ရင်းရင်းနှီးနှီးပင် စကားပြေကို ခံ့ခံ့ညားညားနှင့် အချက်အလက်အားပြုရေးဖို့ အကြံပေးပြန်သည်။ ထို့နောက် ဦးစန္ဒိမ(စလင်း)၏ ဆောင်းပါးတွေ လေးနက်ခံ့ညားလာသည်။ အဆိုပါဆောင်းပါးတွေကို စုစည်း၍ “စလင်းမြို့ကလင်းတဲ့ သာသနာ့အရောင်” ဆောင်းပါးပေါင်းချုပ် စာအုပ်လည်း လူထုကြီးပွားရေး စာအုပ်တိုက်က ထွက်ရှိလာသည်။
ကလောင်ဆိုတာ ဓားလိုပဲကွယ့်
———————————
အမေလူထုဒေါ်အမာက စာရေးဆရာတွေ အပျင်းထူပြီး စာမရေးဖြစ်လျှင် သတိပေးသည်။ တိုက်တွန်းသည်။ “ကလောင်ဆိုတာ ဓားလိုပဲကွယ့်၊ မရေးဘဲ ပစ်ထားတာကြာရင် သံချေးတက်ပြီး တုံးသွားတတ်တယ်။ ပုံမှန်ရေးဖြစ်အောင် ကြိုးစားကြ။ ဒိူ့မှာ ရေးစရာတွေ အများကြီးကွယ့်၊ စာမရေးဖြစ်လောက်တဲ့ အခြားအခက်အခဲရှိရင်လည်း ပြောကြ၊ တို့တတ်နိုင်တာ ကူညီမယ်” ဟု ပြောသည်။ ထိုသို့ အဓိပ္ပာယ်ရှိသော စကားမျိုးကို ဒေါ်ဒေါ်က တွေ့သည့်စာရေးဆရာတိုင်း ရင်းရင်းနှီးနှီးပြောသည်။ ထို့ကြောင့် ထိုသို့သောစကားကို ကဗျာဆရာ ကိုလမင်း(စလင်း) တဖြစ်လဲ ဆရာတော် ဦးစန္ဒိမ(စလင်း)ကို ပြောဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်နှင့် ဒေါ်ဒေါ်လူထုဒေါ်အမာက ဖုန်းအဆက်အသွယ် မပြတ်ရှိကြသလို၊ နှစ်စဉ် နိုဝင်ဘာ ၂၉ရက် အမေလူထုဒေါ်အမာ မွေးနေ့တိုင်း မန္တလေးသို့ ဆရာတော်က မပျက်မကွက် လာရောက်ကာ အမေနှင့် စကားတွေ ပြောဖြစ်နေသည်။ ထို့ကြောင့်လည်း ဆရာတော့်ထံက ကိုလမင်း(စလင်း)၏ ကဗျာကလောင်ထက် ဦးစန္ဒိမ(စလင်း)ကလောင်နှင့် ဘာသာရေးဆောင်းပါးတွေ ဒလဟောထွက်လာသည်။ ထိုမျှ မကသေး တင့်လွင်ကျော်ဖြိုး ကလောင်နှင့် ကျေးလက် ဘဝသရုပ်ဖော်ဝတ္ထုတွေလည်း ထွက်လာသည်။ နောက်ထပ်လည်း တောစိမ့်သား တောစိမ့်စကား ကဲ့သို့ ကျေးလက်ဟာသတွေလည်း ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ် ထွက်လာပြန်၏။ အဆိုပါ ဟောတစ်ပုဒ်၊ ဟောတစ်ပုဒ် တွေက နောက်တော့ လုံးချင်းစာအုပ်တွေ အဖြစ် ဟောတစ်အုပ်၊ ဟောတစ်အုပ် ထွက်ရှိလာပြန်၏။
ရတနာပုံကြီးပေါ် ရောက်နေပြီး၊ ရတနာပုံမှန်း မသိခဲ့ဘူး
——————————————————–
ဆရာတော်က ကျွန်တော်နှင့် တွေ့တိုင်း တစ်ခုပ်တစ်ရ စကားတစ်ခွန်း ဆိုသည်။ “ကိုဆူးရေ … ကျုပ်မှာ ဒကာမကြီး လူထုဒေါ်အမာ ကျေးဇူးက အင်မတန် ကြီးတယ်။ ကျုပ်မှာ ရတနာပုံကြီးပေါ် ရောက်နေပြီး၊ ရတနာပုံမှန်း မသိခဲ့ဘူး။ ဒီ ရတနာတွေ တတ်နိုင်သလောက် ဖော်ထုတ်တော့လည်း ရတနာနဲ့ ထိုက်တန်တဲ့ ပြုမူဆောင်ရွက်ချက်မျိုး ဖြစ်အောင် လမ်းတည့်ပေးခဲ့တယ်။ ကျုပ် တစ်ဘဝလုံးအတွက် အဖိုးတန်တဲ့ ဒကာမကြီးရဲ့ အမွေပါပဲ” တဲ့။ ထို့ကြောင့်လည်း ဆရာတော်က မန္တလေးကို သံယောဇဉ် ကြီးလှသည်။မန္တလေးဝတ္ထု။ မန္တလေးမဂ္ဂဇင်း၊မန္တလေးစာအုပ်၊ သီချင်းတောင်မန္တလေးသီချင်းမှ တီးဝိုင်းဆို မြို့မမှ အငြိမ့်ဆို အမာစိန် မြို့တော်ပေါစံမှတဲ့။ ဒါပေမယ့် ဆရာတော်က စလင်းသားစစ်စစ်ဖြစ်သည်။ ‘မန္တလေးသား ဝင်စားသလား မသိပါဘူးဗျာ’တဲ့ ဆရာတော်မိန့်ဖူး၏။
မန္တလေးပဋ္ဌာန်းဆက်များ
—————————-
စကားမစပ်၊ ဆရာတော်လိုပဲ၊ မန္တလေးသူ၊ မန္တလေးသား မန္တလေးအဆက်အသွယ်မဟုတ်ဘဲ၊ ယုတ်စွအဆုံး၊ မန္တလေးသို့ မရောက်ဖူးခင်ကပဲ၊ မန္တလေးတမ်းတမ်းစွဲဖြစ်သော သူတစ်ဦးကိုလည်း တွေ့ဖူးပါ၏။ သူက ရန်ကုန်သူစစ်စစ် ဖြစ်သည်။ မိဘများလည်း မြစ်ဝကျွန်းပေါ်သားတွေ။ ရန်ကုန်မွေး၊ ရန်ကုန်ကြီး၊ ရန်ကုန်ကျောင်းတတ်၊ ရန်ကုန်မှာပင် အလုပ်ခွင်ဝင်သည်။ ကျောင်းပြီးသည်အထိ မန္တလေးသို့ မရောက်ဖူး။ သို့သော် လူမှန်းသိတတ်ကတည်းက မန္တလေးကို စွဲလမ်းနေသတဲ့။ မန္တလေးအကြောင်းများပါသည့် စာအုပ်စာတမ်းဆို လက်ကမချ။ ထို့အတူ မန္တလေးသီချင်းပဲ နားထောင်ဖြစ်သည်။ ဇာတ်ဆိုလည်း မောင်ယဉ်အောင်၏ ပြဇာတ်များနှင့် မြို့တော်အင်အားသစ်မှတဲ့။ ၁၉၉၀ခုနှစ်ကျော် ကာလက ရန်ကုန် ဆူးလေဘုရား ဘုရားပွဲတွင် မန္တလေးမြို့မအဖွဲ့ သွားရောက် ဖျော်ဖြေတော့ ပွဲစသည်မှ အောင်စည်ယွန်း သည်အထိ မထတမ်းထိုင်ကြည့်ဖြစ်တာတဲ့။ အိမ်မှာဖွင့်သမျှ သီချင်းကလည်း မြို့မသီချင်း၊ ပြက္ခဒိန်ကိုပင်လျှင် မန္တလေး ပုံရိပ် ပါသည့် ပြက္ခဒိန်ကိုပဲ ချိတ်သတဲ့။ မဂ္ဂဇင်းတွေ ဖတ်တော့လည်း မန္တလေးစာရေးဆရာမန္တလေး ဝတ္ထုတိုတွေ ရှာဖတ် နှစ်ခြိုက်သတဲ့။
ထိုရန်ကုန်သူက ‘ကျွန်မဘာလို့များ မန္တလေးကို စွဲလမ်းနေသလဲ မသိပါဘူး။ ကျွန်မက ကံ့ကော်တောမှာ မွေးခဲ့ပေမယ့် မန္တလေး ဝတ္ထုတွေထဲမှာ ပါတဲ့ သရဖီပန်းကို မမြင်ဖူးဘဲ တမ်းနေမိတယ်။ ပန်းဒဏ္ဍာရီ ဇာတ်ကားပြပြချင်း သွားကြည့်ပြီး သရဖီပန်း တွေကို မြင်ဖူးချင်လိုက်တာ’ဆိုပြီး ကျွန်တော့်ကို ပြောပြဖူးသည်။ လုပ်ငန်းခွင်မှာကိုပဲ ဝေါ့ခ်မင်း ကက်ဆက်လေးထဲ မြို့မသီချင်းခွေဖွင့်ပြီး နားကြပ်တပ်လိုက်မှ လုပ်ငန်းတွင် သတဲ့လေ။ အင်း.. တစ်ခုတော့ ရှိတယ်။ မိဘဖက်က ဘီ၊ ဘင် တစ်ချို့ကတော့ ပါတော်မူပြီးနောက် နန်းတွင်းက ရှောင်တိမ်းပြီး မြစ်ဝကျွန်း ပေါ်ရောက်လာကြတာ လို့တော့ ကြားဖူးတယ် ဟု ဆိုသည်။
သည်တစ်ခါ ဆရာတော်ဦးစန္ဒိမ ဖုန်းဆက်လာလျှင် မေးကြည့်ရဦးမည်။ ဆရာတော်၏ ဘီ၊ ဘင် အဆက်အနွယ် မှာ မန္တလေးဇာတိ ပါလေမည်လားမသိ။
