မုံရွာဆေးရုံကြီးမှာ ဗဟိုအဆင့်က အထူးကုဆရာဝန်ကြီးတွေ အခမဲ့ကွင်းဆင်း ဆေးကုသပေး​နေ

နိုဝင်ဘာ- ၂၈-၂၀၂၆
MW(VOM)
မုံရွာပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ရက်နေ့ ၂ရက်အတွင်း အထူးကုဆရာဝန်ကြီးတွေက အများပြည်သူတွေကို အခမဲ့ကွင်းဆင်းဆေးကုသပေး​နေပါတယ်။
ပြင်ပ​​ဆေးရုံ​တွေမှာ အစစ အရာရာ ​ဈေးကြီး​နေချိန် ပြည်သူအများစုက အားကိုးတကြီးနဲ့ လာရောက်ဆေးကုသနေကြတာတွေ့ရပါတယ်။
အခမဲ့ဆေးကုသပေးတဲ့ အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီစဉ်မှုနဲ့ ဗဟိုအဆင့်ဆေးရုံတွေ၊ ဆေးတက္ကသိုလ်တွေက အထူးကုဆရာဝန်ကြီးတွေ လာရောက်ကုသပေးနေတာပါ။
“အခုချိန် ဆေးကုရတာ ပိုက်ဆံတတ်နိုင်မှ ကုလို့ရတာ။ ငွေမရှိလို့ကတော့မလွယ်ဘူး။ အခုလိုအခမဲ့ကုပေးတာမျိုး နားစွင့်နေကြတာအများကြီးပါ။ တချို့ဆို ဖြစ်တဲ့ရောဂါသိပေမယ့် မကုနိုင်လို့ ဗမာဆေးနဲ့ကုနေတာတွေရှိကြတယ်။ ဆေးရုံတက်ကုရင်ပျောက်မယ်မှန်းသိပေမယ့် တက်ကုစရာငွေကမရှိဘူးလေ။ လွယ်တဲ့သူတွေလွယ်ပေမယ့် မလွယ်သူတွေအတွက်က အတော်မလွယ်တာပါ”လို့ မုံရွာမြို့ခံတဦးကပြောပါတယ်။
အခမဲ့ကွင်းဆင်းဆေးကုသရာမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာရောဂါ၊ ဆီးချိုနဲ့ ဟော်မုန်းဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ရင်ခေါင်းရောဂါ၊ ဆီးနဲ့ ကျောက်ကပ်နဲ့ အသည်းရောဂါတွေကို သက်ဆိုင်ရာ ပါ‌ေမာက္ခ/အထူးကုဆရာဝန်ကြီးတွေက စစ်ဆေးကုသပေးနေတာဖြစ်ပါတယ်။
“မုံရွာပြည်သူ့ဆေးရုံကြီးမှာ လက်ရှိတက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေထဲက အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသဖို့လိုအပ်သူတွေကိုလည်း စစ်ဆေးကုသပေးနေပါတယ်။”လို့ လူမှုကူညီရေးအသင်းဝင်ကပြောပါတယ်။
အခမဲ့ကွင်းဆင်းဆေးကုသတဲ့အစီအစဉ်ကို နိုဝင်ဘာ ၂၈ ရက်နဲ့၂၉ ရက် နှစ်ရက်ကြာ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ အများပြည်သူတွေကို အခမဲ့စစ်ဆေးကုသပေးနေတာပါ။
ဆေးကုသတဲ့ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မုံရွာဆေးရုံကြီးက ဝန်ထမ်းတွေအပြင် တိုင်းဒေသကြီး၊ ခရိုင်နဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းကူညီဆောင်ရွက်ပေးနေကြပါတယ်။

Related posts

✕
VOM News

FREE
VIEW