ဆူးငှက်
မန္တလေးအလှူ
—————
မင်္ဂလာဆောင်မှာ မင်္ဂလာလက်ဖွဲ့အဖြစ် ရေးစပ်ပေးခဲ့သည့် သီချင်းက ဂန္ထဝင်မြောက်စွာ အမျိုးသား အမွေအနှစ် အဖြစ် တင်ကျန်ရစ်သည့် အကြောင်း ပြောဖြစ်တော့ အလားတူပင် အလှူအတွက် အကူအပံ့အဖြစ် ရေးစပ်လှူဒါန်းခဲ့သည့် သီချင်းကလည်း ဂန္ထဝင်မြောက်စွာ အမွေအနှစ်ဖြစ်ခဲ့ပုံလည်း ပြောပါဦးမည်။
မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များအတွက် သားယောက်ျားလေးအရွယ်ရောက်လာလျှင် မြတ်စွာဘုရား သာသနာအတွင်း သွတ်သွင်းရှင်ပြုကာ သမီးမိန်းကလေးကိုလည်း နားသမင်္ဂလာဆင်ယင်ပြီး ဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ် တို့ကို လှူဖွယ်ဝတ္ထု အစုစုတို့ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုသည်။ ဒါကို လှူသည်။ အလှူပြုလုပ်သည်။ အလှူတော်မင်္ဂလာဟု သုံးနှုန်းကြသည်။ သာမဏေရ ပဗ္ဗဇ္ဇမြောက် ချီးမြောက်ခြင်း၊ ကဏ္ဍဝိဇ္ဈန မြတ်နားသမင်္ဂလာဆင်ယင်ခြင်းအလှူတော်ဟု ခေါ်ဆိုကြသည်။
မဏ္ဍပ်နှင့် စပ်ပန်းချီ
——————-
ထိုအလှူကို ဖိတ်ကြားသောအခါ ‘တရားပရိတ်တော် အတူတကွ နာယူကြည်ညိုနိုင်ပါရန် လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်’ ဟု ဖိတ်စာမှာ ရေးသားလေ့ရှိကြသည်။ မန္တလေးမှာ အလှူများကို ရှေးက မဏ္ဍပ်ကြီးများ ထိုးပြီး တခမ်းတနား ကျင်းပလေ့ ရှိသည်။ ပန်းဆယ်မျိုး လက်မှုအနုပညာ ထွန်းကားသည့် မန္တလေးမှာ လက်ဝါအတတ်ပညာဟု ခေါ်ဝေါ်သည့် စပ်ပန်းချီပညာလည်း ထွန်းကားသည်။ ရှေးကတော့ ပန်းချီဆရာ မှန်သမျှ စပ်ပန်းချီနှင့် မကင်းနိုင်ကြပေ။ ပန်းချီပညာကိုစတင်သင်ကြားလျှင် စပ်ပန်းချီဆရာထံ အရင်လေ့လာသင်ယူကြရသည်။ စပ်ပန်းချီဆရာက သုမင်္ဂလ၊ ဒုမင်္ဂလ နှစ်မျိုးစလုံးမှာ မဏ္ဍပ်အထည်သာမက ဗုဒ္ဓဝင်၊ နိပတ်တော်၊ ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ စသည့် ပန်းချီကားများနှင့်လည်း လက်စွမ်းပြလေ့ရှိသည်။
မန္တလေးမှာ နာမည်ကျော် စပ်ပန်းချီ ဆရာကြီးများရှိသည်။ သူတို့၏ စပ်ပန်းချီလုပ်ငန်းတွေက အလှူမဏ္ဍပ်ကြီးများ ငှားရမ်းနိုင်သလို တတ်နိုင်လျှင် အသစ်လည်း အပ်နိုင်သည်။ ကိုယ့်အလှူမှာ ကိုယ့်စိတ်ကူးနှင့် ဖြစ်ချင်သည့် မဏ္ဍပ်ပုံစံအသစ် အပ်နှံတာမျိုးတွေလည်း ရှိပါသည်။ လွန်ခဲ့သော နှစ်၅၀လောက်က မန္တလေးမြို့လယ်က အလှူကြီးမှာ ပုဂံအနန္ဒာမုခ်ဦးပုံ မဏ္ဍပ်အသစ်ကြီးကို တွေ့ဖူးသည်။ ထိုနှစ်တွေကပဲ မန္တလေးက နာမည်ကျော် တိုင်းရင်းဆေးတိုက်ကြီးက အလှူမှာလည်း မဏ္ဍပ်ကြီးတစ်ခုလုံး ဒေါင်းရုပ်တွေနှင့်ချည်း အသစ်ဆင်ထားသည်။
အလှူမတိုင်ခင် တစ်ပတ်လောက်ကတည်းက အလှူအိမ်ရှေ့မှာ မဏ္ဍပ် စထိုးပါပြီ။ မဏ္ဍပ်အများစုက ရတနာပုံခေတ် မြနန်းစံကျော် ရွှေနန်းတော်ကြီး အဆောင်အယောင်ပုံစံတွေ ဖြစ်သည်။ မုခ်ဦးပေါ်မှာ ဘုံခုနစ်ဆင့် ပြာသာဒ်ပေါက် ထား၏။ မဏ္ဍပ်ဦးခန်းမှာ ဘုရားဆောင် ထားရှိသည်။ ပြီးလျှင် သံဃာစင်နှင့် မောင်ရှင်လောင်းစင် နားသစင် ပါရှိသည်။ မဏ္ဍပ်ထဲမှာတော့ စားပွဲကုလားထိုင် မထားဘဲ ခန်းလုံးပြည့် ကော်ဇောတွေ ခင်းထားသည်။ မဏ္ဍပ်အဝင် မုခ်ဦးအောက်မှာတော့ ဆက်တီခုံပုလေးတွေ တစ်ဖက်တစ်ချက် တန်းစီထားပြီး လုံမငယ်လေးတွေ ထိုင်ကာ အလှူလာ ပရိသတ်ကို အောင်သပြေပန်းလေးတွေ ကမ်းကြသည် တကယ်တော့ အလှူမဏ္ဍပ်ဆိုတာ အလှူကာလအတွင်း မြတ်စွာဘုရားရှင် သီတင်းသုံးဖို့ တည်ဆောက် လှူဒါန်းထားသည့် ရွှေကျောင်းတော်ကြီးအလား သဏ္ဍာန်ဖြစ်သည်။
ထို့ကြောင့် မဏ္ဍပ်ကြီးပြီးသည်နှင့် ဘုရားဆင်းတုတော်တစ်ဆူကို ပင့်ဆောင်ပြီး မဏ္ဍပ်ဘုရားဆောင်မှာ သီတင်းသုံးပူဇော် ထားရှိသည်။ အလှူမဏ္ဍပ်ကြီးမှာ ဘုရားဆင်းတုတော် သီတင်းသုံးကတည်းက အလှူရှင်က ဧည့်ခံ ကျွေးမွေးနေပါပြီ။ ညစဉ်ညတိုင်း ရပ်မိရပ်ဖတွေ၊ ကာလသားတွေ၊ အပျိုတွေ စုဝေးရောက်ရှိလာကြပြီး အလှူနေ့အတွက် ချက်ပြုတ် ဧည့်ခံရေးက အစ ဝိုင်းဝန်း ကူညီရမှာတွေ အားလုံး ညှိနှိုင်း တိုင်ပင် တာဝန်ခွဲဝေကြပါပြီ။ အလှူမတိုင်မီ ရက်တွေကတော့ တစ်ရပ်ကွက်လုံးက အလှူ၏ ဝေယျာဝစ္စအတွက် အိမ်ရှိလူကုန် အလှူအိမ်မှာပဲ ဝိုင်းဝန်းကြသည်။ အလှူအိမ်ကလည်း လာသမျှ လူအားလုံးကို ထမင်းရည်ချောင်းစီး ကျွေးမွေးသဖြစ် တစ်ရပ်ကွက်လုံး မီးခိုးတိတ်ပါပဲ။
အလှူဝင်ဗြော
—————-
အလှူဝင်နေ့မှာ မွန်းတိမ်းတာနှင့် ဧည့်ခံမည့် ဆိုင်းအဖွဲ့ ရောက်လာပါပြီ။ မဏ္ဍပ်ရှေ့ ပေ၂၀၀လောက်အကွာမှာ ဆိုင်းအဖွဲ့အတွက် လေးတိုင် နှင်းစင်လေး သပ်သပ်ရပ်ရပ် ထိုးထားသည်။ ဆိုင်းအဖွဲ့က နှင်းစင်အောက်မှာ ဗိမာန်ကို ဆင်ပါသည်။ အလှူဝင် ညတွင် လာသမျှ ပရိသတ်အားလုံးအတွက် ဆိုင်းအဖွဲ့က တီးမှုတ် ဖျော်ဖြေဧည့်ခံမှာမို့ နောက်ရက် အလှူကြီးနေ့အတွက် မဏ္ဍပ်အတွင်း အပြင်အဆင်တွေ ဆိုင်းနားထောင် ပရိသတ်ကြောင့် ပျက်စီးကုန်မှာ စိုးသောကြောင့် အခုလို မဏ္ဍပ်အပြင်မှာပဲ ဆိုင်းဧည့်ခံ စေခြင်း ဖြစ်သည်။ ဒီအစဉ်အလာက ရွာစားကြီးစိန်ဗေဒါတို့ လက်ထက် ကတည်းကပါပဲ။ ဆိုင်းအဖွဲ့ကနှင်းစင်အောက် ပြင်ဆင်ပြီးတာနှင့် ညနေစောင်းသည်နှင့် ဆိုင်းအဖွဲ့ ရောက်ပါပြီဆိုတာ ကြားကြားသမျှ အသိပေးသည့် အနေနှင့် ဗျောရိုက်ပါတော့သည်။ ကြေးနောင် မောင်းဆိုင်း ဒိုးချောင် နှဲကြီး ပလုတ်တုတ် အုပ်စုံနှင့် မောင်းကြီးထုပြီး တီးမှုတ်သည့် ဗြောသံဖြစ်သည်။
အလှူအဖွင့်အဖြစ် တက်ကြွ ကြည်နူးဖွယ် ဗြောသံကို စတင် ကြားလိုက်တော့ ဝမ်းသာမျက်ရည် လည်ရပြီပေါ့။ မန္တလေးဆိုသည်မှာ အနုပညာတွေ ပျော်ဝင်နေတဲ့မြို့မို့ ရပ်ကွက် အတော်များများမှာ ဆွမ်းကြီးခံ တီးဝိုင်းလေးတွေ ရှိသည်။ အတော်အသင့် တီးတတ် မှုတ်တတ်ကြသည်။ ဒီလိုရပ်ကွက်မျိုးမှာ အလှူရှိလို့ ဆိုင်းအဖွဲ့ရောက်လာပြီဆိုလျှင် ဆိုင်းလည်း ဆင်ပြီး ညနေစောင်း ဆိုင်းတစ်ဖွဲ့လုံး ကျွေးရုံမှာ ထမင်းစားနေချိန် ရပ်ကွက်ခံ လူငယ်လေးတွေက ဆိုင်းထဲဝင်ပြီး ကိုယ်တိုင်ဗျောရိုက်ကြသတဲ့။ ဒါကို အရပ်သားတီးလုံးဟု ခေါ်သည်။
အလှူဝင်ည
————
အလှူဝင်ညမှာ ဆိုင်းဧည့်ခံချိန်ရောက်တော့ ဆိုင်းဝိုင်းက ဖန်ပန်းတောင်းကြီးတွေမှာလည်း မီးလုံးတွေ ထွန်းညှိလို့..။ ပတ်မထမ်း ပဉ္စရူပရုပ်မှာလည်း မီးဆိုင်းတွေ ဆင်ထားလု့ိ။ ဖန်ရောင် မှန်ရောင်တွေ ပြိုးပြက်လင်းလက်နေသည့် ဆိုင်းဝိုင်းမျက်နှာမူရာ ခပ်လှမ်းလှမ်းမှာ တာဝတိံသာက နတ်ဘုံ နတ်နန်းပမာ မဏ္ဍပ်ကြီးက ရွှေတောင်ပေါက်သည့်အလား မီးလုံးမီးဆိုင်းရောင်စနှင့် ဟည်းထနေသည်။ မဏ္ဍပ်ရှေ့မှာ နတ်သားရုပ်လုံးတွေနှင့် ဥယျာဉ်လည်း ဆင်ထားသည်။ မဏ္ဍပ်ထဲမှာ မြို့မျက်နှာဖုံး သူဌေးသူကြွယ် များနှင့် မင်းစိုးရာဇာများ စသည့် အထူးဧည့်သည်တွေကို အလှူရှင်က ဧည့်ခံကျွေးမွေးနေသည်။ မနက်အလှူမှာ တာဝန်ဝတ္တရားတွေ ကိုယ်စီနှင့်မို့ အလှူဝင်ညမှာ ကြိုလာလေ့ရှိသည့် ဧည့်သည်များမို့ အလှူရှင်ကလည်း ဂရုတစိုက် ဧည့်ခံနေသည်။
အလှူဝင်ည မဏ္ဍပ်ထဲမှာ မြို့မတူရိယာအသင်းက ငြိမ့်ငြိမ့်ငြောင်းငြောင်း သီဆို တီးမှုတ်နေ၏။ ဒီလိုအချိန်မှပဲ မြို့မိမြို့ဖတွေက မြို့မကို စိမ်ပြေနပြေ နားဆင်နိုင်သည်။ အသင်းကနာယကကြီးတွေ အမှုဆောင်တွေ နှင့်လည်း အသင်းနှင့် ပတ်သက်တာတွေ ဆွေးနွေးနိုင်သည်။ တီးလုံးတီးကွက် ကိစ္စ သီချင်းကိစ္စတွေ ပြောဆို အကြံဉာဏ် ပေးနိုင်သည်။ ရှေးက မန္တလေးမြို့မိမြို့ဖတွေဆိုတာ ဂီတနှင့် ကင်းသူ မြို့မနှင့် ကင်းတဲ့သူ ခပ်ရှားရှားရယ်ပါ။
ပါရမီတော် သီချင်းကို ရေးစပ်ခဲ့
——————————–
မန္တလေးကမြို့မိမြို့ဖ မျက်နှာကြီးသူဌေး ဓားတန်းဦးသန့်နှင့် ဒေါ်အေးမြင့်တို့မှာ သားသမီးကိုးယောက် ထွန်းကား ခဲ့ပါသည်။ သားသမီးတွေ အရွယ်ရောက်လာတော့ မိဘဝတ္တရား ရှိသည်နှင့်အညီ သားယောက်ျားလေးတွေကို သာမဏေ ဘောင် သွပ်သွင်းပြီး သမီးတွေကို နားသမင်္ဂလာဆင်ယင်ပေးဖို့ ဝတ္တရားရှိလာပြီ။ ထို့ကြောင့် ၁၉၄၂ခုနှစ်ဝန်းကျင် ကာလတွင် ကနဦး မွေးဖွားသည့် သားကြီးသမီးကြီး ၅ယောက်ကို ရှင်ပြုနားသ အလှူပေးဖို့ စီစဉ်ပါသတဲ့။ လှူဖွယ်ပစ္စည်းတွေလည်း ဝယ်ခြမ်းပြီးပါပြီ။ အလှူဖိတ်စာလည်း ရိုက်ပြီးပါပြီ။
ဒီတင် ဒုတိယကမ္ဘာစစ်မီးက ရုတ်ခြည်း ရောက်လာသောကြောင့် အလှူပစ္စည်းများကို ပုလင်းဝင်းရှိ မိမိတို့ လှူဒါန်းထားသော ခေမာသီဝံကျောင်းတိုက်ထဲ အပ်ပြီး စစ်ပြေးလိုက်ကြရပါသတဲ့။ စစ်ကြီးအတွင်း ကျောင်းတိုက်ကို မီးရှို့ခံရလို့ ပစ္စည်းတွေလည်း ဆုံးရံှုးပြီး မလှူလိုက်ရပါဘူးတဲ့။ သို့သော် ဓားတန်းဦးသန့်ဆိုတာ မြို့မအသင်း စတင်တည်ထောင်သူမှာ တစ်ဦးအပါအဝင် ဖြစ်လေသောအခါ အလှူမှာ မြို့မက ဧည့်ခံ သီဆိုတီးမှုတ်ဖို့ သီချင်းတစ်ပုဒ် မြို့မငြိမ်းကိုယ်တိုင် စပ်ထား တိုက်ထား ပြီးပါပြီတဲ့။ ဒီသီချင်းက ပါရမီတော်ဆိုတဲ့ သီချင်း ဖြစ်ပါ၏။ သို့သော် အလှူ မဖြစ်မြောက်သဖြင့် မသီဆိုလိုက်ရပေ။
ဓားတန်းဝင်းထဲက အလှူ
—————————-
စစ်ကြီးပြီးသွားသည့်အချိန် အားလုံး အခြေတကျဖြစ်သည့် ၁၉၄၆ခုနှစ်ရောက်မှ မူလစီစဉ်ထားသည့် အလှူကို နေအိမ် တည်ရှိရာ ဓားတန်းဝင်းထဲမှာ မဏ္ဍပ်ကြီးထိုးပြီး ကျင်းပဖြစ်တော့သည်။ သားကြီးသမီးကြီးများ ဖြစ်သည့် ညွန့်ညွန့်၊ ကိုကိုကြီး၊ ရီရီ၊ မောင်သန်းတင်(မောင်သန်းထွဋ်)၊ မောင်ကျော်ညွန့်တို့နှင့်အတူ အလှူ့ဒကာနှင့် ညီအစ်ကိုဝမ်းကွဲ ဆီဦးသိန်း ဒေါ်အာယားတို့၏ သားသမီးများ ဖြစ်ကြသည့် မကြင်သန်းနှင့် မောင်ကျော်ညွန့်ကြီးတို့လည်း အလှူမှာ ရှင်လောင်းနားရံများအဖြစ် ပါဝင်ခဲ့ကြသည်။ ထိုအလှူကြီးရောက်မှ မြို့မငြိမ်း၏ ပါရမီတော်သီချင်းကို ခံ့ညားစွာ တီးမှုတ်သီဆို ဧည့်ခံခဲ့ပါသည်။ နောက် ၁၉၅၄ခုနှစ် ရောက်တော့ ဓားတန်းဦးသန့်နှင့်ဒေါ်အေးမြင့်တို့ကပဲ သားငယ်သမီးငယ်တွေကို အလှူကြီးပေးပြန်ပါ၏။
ဒီတစ်ကြိမ်မှာတော့ မောင်မြင့်သိန်း၊ ကြည်ကြည်၊ စန်းစန်း၊ နွယ်နွယ်တို့က ရှင်လောင်းနဲ့ နားသတွေဖြစ်သည်။ ဒီအလှူမှာလည်း မြို့မက ဧည့်ခံရမှာမို့ မြို့မငြိမ်းက အလှူနှင့် စပ်ဆိုင်ရာ သီချင်း၂ပုဒ်ရေးစပ် ဒါနပြုခဲ့ပြန်သည်။ ဆရာငြိမ်းက သူ့သီချင်း၂ပုဒ်ကို အလှူ – ၁ ၊ အလှူ – ၂ ဟု မှတ်သားခဲ့သည်။ အလှူ -၁ ဆိုသည်မှာ အခုအခါ အလှူပွဲတိုင် မပါမဖြစ် ‘ မိဘတို့မှာ ချီးမြှင့်အပ်ပါသော ပုတ္တဒါရသ၊ သင်္ဂဟော မင်္ဂလာ၊ အာမိသာနုဂ္ဂဟ ဓမ္မာနုဂ္ဂဟ ဟောတော်မူရာ၊ ဒါယကာ ဘုရားသာသနာ အမွေခံယူကာ’ အစချီသည့်သီချင်းဖြစ်သည်။ အလှူ – ၂ ကတော့ ‘ ဗုဒ္ဓုပါဒ ကြုံခဲကြုံရ ဒုလ္လဘအခါမှာ၊ လွတ်မြောက်ပါလိုကြောင်းရည် ကျင်လည်ကြရ သြဃလေးဖြာ၊ မဂ္ဂင်ဖောင်ပျံ ကူးခတ် အမတ ကမ်းယံဦးကပ်ခြင်းငှာ၊ ရှင်ပင်ရိုက်ရာ နှင်းလျက် သာမဏေဘောင်သွင်း ရွက်ဆောင်စေတာ’ အစချီသည့် သီချင်းဖြစ်သည်။
တစ်ချိန်က မန္တလေးအလှူများတွင် ဒါနကုသိုလ် ပါဝင်ခဲ့ကြသည် ဆိုရာတွင် ရုပ်ဝတ္ထုပစ္စည်း ငွေကြေးမျှသာ မဟုတ်ဘဲ အနုပညာနှင့် ကုသိုလ်ပါဝင်ခဲ့မှုသည် နောင်လာနောက်သားများအထိ တိမ်းညွတ် အကျိုးရှိစေသော လူသာဓုခေါ် နတ်သာဓုခေါ် ဒါနပစ္စည်းများအဖြစ် တင်ကျန်ရစ်ခဲ့သည်မှာလည်း အမှတ်တရဖြစ်ပါ၏။
ကြိုက်တဲ့အချိန်လာ၊ ကြိုက်သလောက်စား
———————————————
မန္တလေးတွင် အလှူ မင်္ဂလာဆောင်များ ဧည့်ခံရာတွင်လည်း ဖောဖောသီသီ လွတ်လွတ်လပ်လပ်ရှိသည်။ မည်သည့် အချိန်ကျမှ မည်၍မည်မျှသာ စားသောက်ရမည်ဟု အကန့်အသတ်မရှိခဲ့ပေ။ ဖိတ်စာတွင်ပါဝင်သည့် အချိန်အတွင်း ကြိုက်သလောက် စားသောက်သုံးဆောင်နိုင်သည်။ များသောအားဖြင့် နံနက် ၈နာရီမှ မွန်းတည့် ၁၂နာရီအတွင်း ဧည့်ခံကျွေးမွေးကြသည်။ မင်္ဂလာဆောင်များတွင် အေးဂျင့်ဟုခေါ်သော ကိုယ်စားလှယ်လုပ်ငန်းများက မဏ္ဍပ်မှအစ စာပွဲ ကုလားထိုင် စာပွဲခင်း ပန်းအိုး များနှင့်အတူ အစားအသောက်များအထိ တာဝန်ယူကြသည်။
မင်္ဂလာဆောင်မှာက မတ်တတ်စာပွဲများနှင့် ကုလားထိုင်များကို အခင်း အစွပ်များနှင့် ပြင်ဆင်ထားပြီး ကော်ဖီ လက်ဖက်ရည် မိုင်လို အိုဗာတင်း နှင့် ပလိန်းကိတ် ပန်းကိတ်အစုံ ဖြစ်ကာ မပါမဖြစ်က အဆာစုံနှင့် လက်ဖက်ပွဲ ဖြစ်သည်။ စီးကရက်ကိုမူ ဧည့်ခံသည့် ကာလသားများက ဘူးလိုက်ဆောင်ထားပြီး ဆေးလိပ်သောက်မည့် ဧည့်သည်ကို တစ်လိတ်ချင်း တည်ခင်းကာ မီးညှိပေးသည်။
အလှူမှာက မဏ္ဍပ်အပြည့် ကော်ဇောများခင်းထားပြီး တချို့က ထမ်းကျွေးရုံ သပ်သပ်ထိုးထားပြီး ထမင်းဟင်း ကျွေးမွေးပြီး မဏ္ဍပ်ထဲတွင်မှ အချိုပွဲ သုံးဆောင်စေသည်။ အချို့ကမူ ဒန်ပေါက်ထမင်းနှင့် ထောပတ်ထမင်းများ ကျွေးမွေးကြ၏။ မဏ္ဍပ်ထဲတွင် ကော်ဇောများပေါ်၌ စာပွဲပုလေးများ ကလပ်များကို စာပွဲခင်းများနှင့် ခင်းထားသည်။ ထိုစာပွဲ ကလပ်များနှင့် ကော်ဖီ လက်ဖက်ရည် ထိုးမုန့် ဆနွင်းမကင်း မာစကပ် ခနုံထုပ် လက်ဖက် စသော အချိုပွဲများ တည်ခင်းကြ၏။ ရှေးက ထိုအချိုပွဲ အစားအစာများအား ဈေးချိုသူ ပွဲကတော်ကြီးများက အလှူအိမ်မှာပင် ကိုယ်တိုင်လာရောက်၍ ကျိုချက် ပြုလုပ်ပေးကြ၏။ ဈေးချို ပန်းဆိုးတန်းရပ်မှ အလှူအတမ်းများအတွက် ပန်းကန်နှင့် အိုးခွက်နှင့် ဟင်းလိုက်ချိုင့် ဇွန်းခက်ရင်းအထိ ငှားရမ်းသော ဦးသိန်းမောင် ဒေါ်မတို့၏ ပန်းကန်တိုက်က အချိုပွဲ အစားအသောက်များအထိ ပြုလုပ်ပေးသည်။
အလှူ မင်္ဂလာဆောင် အပြန်
——————————–
ထိုစဉ်ကာလ အလှူမင်္ဂလာဆောင်များတွင် မဏ္ဍပ် အဝင်တွင် အောင်သပြေပန်းလေး ကမ်းသလို လက်ဖွဲ့ပြီး အထွက်တွင် ရွှေပတ်ပွဲထိုင် ဆေးလိပ်ကြီးများနှင့်အတူ စက္ကူယပ်တောင်များလည်း ကမ်းကြ၏။ အချိ့သော မျက်နှာကြီးအလှူများက အလှူပြန်အဖြစ် တိုက်ပန်းကန်ပြားများ၊ အကြမ်းပန်းကန်များ၊ တဘက်များလည်း ကမ်းကြသည်။
အလှူမင်္ဂလာဆောင် အပြန် ကမ်းကြသည့် ပစ္စည်းများတွင် ရှေးက စက္ကူယပ်တောင်ကြီးများကို အလှူ့ရှင် မင်္ဂလာ့ရှင် နံမည်များ ဘလောက်ပြုလုပ် ရိုက်နှိပ်ကမ်းခြင်းမှာ မန္တလေး၏ အမှတ်အသားဖြစ်ရုံသာမက အလွန်လည်း အသုံးတည့် လှ၏။ တစ်နှစ်တွင် ၈လမှ ၁၀လအတွင်း ပူအိုက်၍ဖြစ်စေ၊ ပေများထူထပ်လှသော ခြင်များကို ခပ်ရမ်းလို၍ ဖြစ်စေ ထိုယပ်တောင်ကြီးများက အသုံးတည့်သောကြောင့် ယပ်တောင်တွင် ပါရှိသည့် အလှူ့ရှင် မင်္ဂလာ့ရှင်များကို အမြဲ အမှတ်ရ နေစေတော့သည်။ ထိုသို့ စက္ကူယပ်တောင်များ မန္တလေးတွင် စတင်ပြုလုပ်ဖြစ်ကြပုံကလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
ဉာဏ်ဉာဏ် ယပ်တောင်
————————–
စက္ကူယပ်တောင်များကို ၂၉လမ်း၊ ၈၄လမ်းနှင့် ၈၅လမ်းကြား ဝါးတန်းရပ်ရှိ ရှေးမြူနီစီပယ်လူကြီးဟောင်း ဦးဘခြုံနှင့် ဇနီး ဒေါ်ဉာဏ်ဉာဏ်တို့က စတင်ပြုလုပ်ခဲ့သည်။ ဦးဘခြုံလျှပ်စစ်ပုံနှိပ်တိုက်နှင့် ဉာဏ်ဉာဏ် ယပ်တောင် လုပ်ငန်းဟု အမည်တွင်သည်။ ဂျပန်ခေတ်က ဂျပန်စစ်သားများနှင့် အတူပါလာသော ဂျပ်စက္ကူဖြင့် ပြုလုပ်သည့် ယပ်တောင်ကို မြင်တွေ့ရာမှ အတုယူပြုလုပ်ခြင်း ဖြစ်သည်။ ဂျပ်စက္ကူယပ်တောင်က အဝိုင်းဖြစ်သည်။ ထိုအဝိုင်းက ဂျပ်စက္ကူများ အစား ဝါးဖြင့် ကိုင်းသီ အရိုးထည့် စက္ကူကပ်ပြီး ၃တွန့် ၅တွန့် ၇တွန့်ပုံ ယပ်တောင်များ တီထွင်ခဲ့သည်။
ဦးဘခြုံက ရှေးခေတ် မြို့စာရေး၏ သားဖြစ်ပြီး လယ်ကြီးဇာတိဖြစ်သည်။ ယပ်တောင်အတွက် ဝါးကိုင်းများကို ဝါးပင်ဝါးတောပေါသည့် ရေတံခွန်တောင် အနောက်ဘက် ရေကြည်ရွာက မှာရ၏။ ဦးမြ၊ ဦးချော၊ ဒေါ်အံ့တို့ကအစ သူ့ဆွေစဉ်မျိုးဆက်အထိ ယပ်တောင်ဝါးလုပ်ငန်း လုပ်ကိုင်ကြသည်။ ဒေါ်ဉာဏ်ဉာဏ်က ဂျပန်ယပ်တောင်ကို ခွာကြည့်ပြီး ဂျပ်စက္ကူအရိုးပေါ် ဝါးတံကပ်၍ ပြုလုပ်ကြည့်သည်။ သို့သော် အသုံမခံ၊ ခဏနှင့် ပျက်သည်။ ထို့နောက် အရိုးနှင့် ကိုင်းတံကို ဝါးတစ်ချောင်းတည်း ဖြာပြီး သံပူဖြင့် ကိုင်းပေါက်ဖောက်၍ ဝါးချောင်းဖြင့် ထိုးကာ သီသည့် ပုံစံကို တီထွင်ခဲ့သည်။ မူလစတင်စဉ်က ဝါးကိုင်းတံကို အလက်၃၀ထိ ဖြာခဲ့သည်။ နောက်တော့ အလက် အစိတ်ကို မူသေထား ဖြာာကသည်။
စက္ကူယပ်တောင်လုပ်ငန်း
—————————
စက္ကူယပ်တောင်များ ပြုလုပ်ကာစက နာရေးတွင်သာ စတင်ကမ်းခဲ့၏။ လွတ်လပ်ရေးရပြီး နောက်မှ ငွေဖလားအတွင်း ပန်းတွေဝေနေအောင် ထိုးထားသည့် ဘလောက်ဒီဇိုင်း ပြုလုပ်တီထွင်ကာ မင်္ဂလာယပ်တောင်အဖြစ် စတင် သုံးခဲ့သည်။ နောက်တော့ ဥဒေတယံအစချီ ဥဒေါင်းမင်းဂါထာနှင့်အတူ အမြီးဖြန့်၍ က နေသော ဒေါင်းရုပ်နှင့် ဒီဇိုင်းကိုလည်း ပြုလုပ်ကာ အလှူများတွင် ကမ်းခဲ့ကြသည်။ သည့်နောက် နေရာစုံတွင် သုံးနိုင်ရန်အတွက် စံပြယပ်တောင် အမည်ဖြင့် ရေ မြေ တော တောင် ရှုခင်း ပန်းချီပုံများ နှင့် ငှက်ပုံများဖြင့် Think You စာတန်းပါ ယပ်တောင်များလည်း ထုတ်လုပ်လာသည်။ ထိုစဉ်အခါက အလှူ မင်္ဂလာဆောင်များအနေနှင့် ဆက်စပ်သည့် ကြိုက်ရာ ဒီဇိုင်းကို ရွေးကာ ကြိုက်သည့် အရေအတွက် အတိုင်း အသင့်ဝယ်ယူကြသည်။ နောက်မှသာ အလှူ့ရှင် မင်္ဂလာ့ရှင်များက မိမိတို့ နံမည်ဖြင့် ပုံနှိပ် ထားသည့် ယပ်တောင်များကို အော်ဒါမှာယူကြသည်။
စက္ကူယပ်တောင်ကို စတင် တီထွင် ထုတ်လုပ်ခဲ့သည့် ဦးဘခြုံ ဒေါ်ဉာဏ်ဉာဏ်တို့ထံတွင် ၉နှစ်သမီးကတည်းက ပညာသင်ယူခဲ့သော ဒေါ်ရီရီက အေးရီယပ်တောင်အမည်ဖြင့် အိမ်တော်ရာမြောက်ပေါက်တွင် ခွဲထွက်လုပ်ကိုင်ခဲ့ရာ ယခုတိုင် သက်ရှိထင်ရှားနှင့် ယပ်တောင်လုပ်ငန်းကို လုပ်ကိုင်ဆဲ ဖြစ်သည်။ အေးရီယပ်တောင်က မင်းကွန်း ဆရာတော်ကြီး၏ “ရုပ်နာမ် ဓမ္မ သင်္ခါရတို့ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း..” အစချီ သံဝေဂလင်္ကာကို ရိုက်နှိပ်ထားသည့် ယပ်တောင်ကိုလည်း ဆရာတော်ကြီး၏ ခွင့်ပြု ချီးမြှင့်မှုဖြင့် ထုတ်လုပ်ခဲ့သည်။ ထို့ပြင် မဟာဂန္ဓာရုံ ဆရာတော်ကြီး၊ မစိုးရိမ်တိုက် ပဋ္ဌာန်းဆရာတော်ကြီးတို့၏ ဓမ္မလင်္ကာများကိုလည်း ဆရာတော်ကြီးများက ချီးမြှင့်ခဲ့သဖြင့် ယပ်တောင်များ ရိုက်နှိပ် လှူဒါန်း ဖြန့်ချိခဲ့သည်။ မန္တလေးတွင် ဉာဏ်ဉာဏ် ယပ်တောင်လုပ်ငန်း နောက်တွင် တရုတ်တန်းက အောင်မြန်မာ၊ ရသာတန်းက ဦးထွန်းအေး၊ အိမ်တော်ရာမြောက်မုခ်က အေးရီ ယပ်တောင်လုပ်ငန်းတို့က ထင်ရှားခဲ့သည်။
ဆူးငှက်
