ပဲလက်ကျန်နည်းလာမှုနဲ့အတူ မတ်ပဲ ၊ပဲစဥ်းငုံနီစျေး စံချိန်တင်မြင့်တက်လာနေ

နိုဝင်ဘာ ၂၆ ၊ ၂၀၂၆
CC (VOM)
ပြည်ပပို့ကုန်ပဲဖြစ်တဲ့ မတ်ပဲ နဲ့ ပဲစဥ်းငုံက ပြည်တွင်းမှာ ပဲလက်ကျန် နည်းလာမှုနဲ့အတူ အိန္ဒိယကပါ ဝယ်လိုအားကောင်းလာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာ စံချိန်တင်မြင့်တက်လာတယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ FAQ တတန်ကို ကျပ်သိန်း ၄၀၃၇၀၀၀ ကျပ်အထိရှိပြီး မတ်ပဲ SQ တတန်ကို ၄၃၈၇၀၀၀ ကျပ်အထိရှိလာကာ ပဲစဥ်းငုံနီတတန်ကို ၄၄၉၇၀၀၀ ကျပ်သိန်းရှိလာပါတယ်။
လက်ရှိမှာ မတ်ပဲက ပြည်တွင်းမှာ ပဲလက်ကျန်အလွန်နည်းလာပြီး ပွဲရုံတွေမှာပင် လက်ကျန်မရှိတော့ဘဲ ​လှောင်လက်တချို့လက်ထဲမှာသာ လက်ကျန်ပမာဏ အနည်းငယ်ရှိကြောင်း ၊ နယ်ပွဲရုံတွေမှာ မတ်ပဲလာရောင်းသူ အလွန်ရှားသွားပြီလို့သိရပါတယ်။
အိန္ဒိယက မတ်ပဲဝယ်လိုအားကောင်းလာချိန်နဲ့ ပြည်တွင်းမှာ ဆောင်းမတ်ပဲ ပြန်စိုက်ချိန်ရောက်ပြီး မတ်ပဲလက်ကျန်မရှိချိန်တိုက်ဆိုင်ပြီး စျေးတက်လာတာဖြစ်ကြောင်း ၊ ရှေ့ဆက်ပြီး မတ်ပဲက အတက်ဘက်မှာပဲ ရှိနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
” အိန္ဒိယက အဝယ်ရှိတော့စျေးတက်လာတာပါ။အခုက ဒီဘက်မှာနေ့တိုင်းတောင် ပဲအရောင်းအဝယ်မရှိဘူး။ပဲတွေက ကုန်သလောက်ဖြစ်နေပြီ။ပဲအသစ်တွေကလည်း မဝင်သေးဘူး။ ” လို့ ဟင်္သါတကုန်စည်ဒိုင်မှ တာဝန်ရှ်သူတယောက်က ပြောပါတယ်။
မိုးမတ်ပဲအသစ်ကိုတော့ ပွဲရုံတွေက ပိဿာ ၂၀ တတင်း ၈၀၀၀၀ မှ ၉၀၀၀၀ ကျပ်အကြားသာ စျေးဖွင့်ပြီး မတ်ပဲအဟောင်းကိုတော့ ၁၂၄၀၀၀ ကျပ်စျေးဖွင့်ဝယ်ယူနေပါတယ်။
အလားတူ ပဲစဥ်းငုံနီကလည်း ပြည်တွင်းမှာ လက်ကျန်အဟောင်းနည်းလာသလို ပဲအသစ်ကလည်း ဝင်ရောက်မှုနည်းနေပြီး အိန္ဒိယက ဝယ်လိုအားကောင်းတာကြောင့် စျေးနူန်းဆက်တိုက်မြင့်တက်လာတာ ဖြစ်ပါတယ်။
ပဲစဥ်ငုံနီက ပြည်တွင်းစျေးကွက်ထဲမှာ ပွဲရုံတွေက ပဲအဟောင်းကို ၁၃၁၀၀၀ ကျပ် စျေးပေးပြီး ပဲအသစ်ကိုတော့ ၁၄၀၀၀၀ ကျပ်အနိမ့်ဆုံးစျေးပေး ဝယ်ယူမှုရှိနေပါတယ်။
” ပဲစဥ်းငုံက မတ်ပဲနဲ့မတူဘူး ။ မတ်ပဲက အဟောင်းကိုပိုကြိုက်တယ်။ ပဲစဥ်းငုံကတော့ အသစ်ကအရည်အသွေးပိုကောင်းလို့ အသစ်ကစျေးရတယ်။ ပဲစဥ်းငုံကလည်း လက်ကျန်ကမရှိသလောက်ဖြစ်တော့ စျေးက တောက်လျှောက်တက်လာတာ။ ” လို့ ကုန်သည်တယောက်က ပြောပါတယ်။
မတ်ပဲ နဲ့ ပဲစဥ်းငုံနီစျေးတွေ စံချိန်တင်မြင့်တက်လာတာခြင်းတူပေမယ့် မတ်ပဲကတော့ FAQ စျေးနဲ့ RAW အဖွင့်စျေးက ကွာဟမှု ၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်မှု စတဲ့ကုန်ကျရိတ်မြင့်တက်မှုကြောင့်ဆိုပြီး မတ်ပဲပိဿာ ၂၀ တတင်းကို စျေးကွက်ပေါက်စျေးထက် ၁၀၀၀၀ ကျပ်လောက်စျေးနှိမ်ခံနေရပါတယ်။
ပဲစဥ်းငုံနီကတော့ စျေးကွက်ပေါက်စျေးနဲ့ သိပ်ပြီးကွာဟမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW