နိုဝင်ဘာ ၂၆၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း လမ်းမကြီး ဖြစ်တဲ့ လွိုင်လင်မြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်ပတ်ကျော် ကတည်းက မန္တလေးဘက် ဆင်းမယ့် သံတိုသံစကားတွေ ဖြတ်သန်းဖို့ ထောက်ခံချက် မရလို့ အစီးရာချီ ပိတ်မိနေကြောင်း ကုန်တင်ယာဉ်မောင်း တွေဆီက သိရပါတယ်။
“လမ်းပိတ် တာမဟုတ်ဘူး။ သံတိုသံစ ဆင်းလို့ မရဘူး။ နယ်/လုံ အခွင့်ရမှ သွားလို့ရမှာ” လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။
သံတိုသံစ ကားကလွဲပြီး ကျန်တဲ့ ကားတွေကို ပိတ်ထားတာမရှိပဲ ပုံမှန် အတိုင်း ဆင်းလို့ ရတယ်လို့ သူက ပြောပါတယ်။
“လောလောဆယ် ပါမစ်မရလို့ နော်။ နယ်လုံထောက်ခံချက်ကလည်း စစ်ဆေးဖို့ အရေးကို တန်ဆောင်တိုင်ပွဲက ရှိတော့ နားတာပေါ့။ အဲဒီ သဘော။ ကျနော်က အရင်တခေါက်က သံတို သံစနဲ့ ဆင်းလာတာ ရတယ်။ အခုတခေါက်က အဲဒါ မရလို့ ကျောက်မီးသွေးနဲ့ ဆင်းလာတာ။
ကျောက်မီးသွေးက အပြန်ကုန် မရှိလို့ တင်လာတာ။ ကားခက ဘာမှ မရဘူး။ မကိုက်ဘူးလေ။” လို့ နောက်ထပ် ကုန်တင်ယာဉ်မောင်း တယောက်ကလည်း ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးဘက် ဆင်းလာတဲ့ သံတိုသံစ တင်တဲ့ ကားတွေ ရှမ်းပြည်နယ် မြောက်ပိုင်းကနေ ဆင်းလာပြီး တောင်ပိုင်းလမ်းပေါ် လွိုင်လင်မြို့နယ်မှာ သွားခွင့်မရပဲ ပိတ်မိတန်းစီနေတဲ့ သံတိုသံစက နိုဝင်ဘာလ ၂၅ ရက်နေ့အထိ သိရသလောက် အစီးရေ ၆၀၀ ကျော်ခန့်ထိ ရှိလာပြီလို့ ဆိုပါတယ်။
ရက်ကြာ ပိတ်မိနေတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ စရိတ် ပြတ် အခက်ကြုံနေကြရတဲ့ ရက်ရှည် ထပ်စောင့် ရမယ်ဆိုရင် ကျန်းမာရေးပါ ထိခိုက်လာမယ့် အနေအထား ရှိနေကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
ပြည်နယ်အစိုးရအဖွဲ့ရဲ့ သံတိုသံစနဲ့ ဂျပ်ဖာ (ကီလို)တွေ တင်ဆောင်မှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရရဲ့ ခွင့်ပြုမိန့်ထောက်ခံချက်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်းကြီးဌာနရဲ့ သွားလာခွင့် လက်မှတ် ရေးထိုးထားတဲ့စာ ရရှိထားမှသာ လွိုင်လင်မြို့ ပူးပေါင်း စစ်ဆေးရေးဂိတ်ဖြစ်တဲ့ နေမင်းရောင်း တိုးဂိတ်ကို ကုန်တင်ကားတွေ မောင်းလာကြဖို့ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို အသိပေး ကြေညာထားပါတယ်။
အဲဒီ ရှမ်းပြည်နယ် အစိုးရရဲ့ ခွင့်ပြုမိန့်ထောက်ခံချက်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်းကြီးဌာနရဲ့ သွားလာခွင့် လက်မှတ် ရေးထိုးထားတဲ့ စာရွက်စာတမ်းတွေကို အဖွဲ့စုံ စစ်ဆေးပြီးပါက သွားလာခွင့် ချက်ချင်းပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
Photo Crd#
