စက်တင်ဘာ ၄၊ ၂၀၂၆။
NN(VOM)
သီပေါမြို့နယ် အတွင်းမှာ အစိုးရဘက်က ပြန်ဖွင့်မယ့် စာသင်ကျောင်း ၁၇ ကျောင်းထဲက အချို့ကျောင်းတွေကို MNDAA တပ်ဖွဲ့က ခွင့်မပြုတော့လို့ ပြန်ပိတ်လိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သီပေါမြို့နယ် အတွင်းက စာသင်ကျောင်း ၁၇ ကျောင်းကို လုံခြုံရေးအရဆိုပြီး ဩဂုတ်လ ၃ ရက်နေ့မှာ အစိုးရဘက်က ပိတ်လိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပညာရေးဌာန တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပြန်ညှိနှိုင်းပြီးနောက် အခုလ ဆန်းပိုင်းမှာ ပြန်ဖွင့်ဖို့ ပြင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် စာသင်ကျောင်း အချို့ကို MNDAA တပ်ဖွဲ့ကပဲ ပြန်ဖွင့်တော့မယ် ဆိုပြီး CDM ကျောင်းဆရာမတွေကို နေရာချထားပေးလာတာကြောင့် စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ရတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ပြောရရင် သူဖွင့်မယ် ငါဖွင့်မယ်နဲ့ အားပြိုင်နေတာပေါ့။ အစကတည်းက ဖွင့်ထားတဲ့ ကျောင်းတွေကို ပိတ်လိုက်တော့ အဲလိုတွေ ဖြစ်ကုန်တာ။ အခု ကျောင်းတော်တော်များများကို ပိတ်လိုက်ရပြီ” လို့ သီပေါမြို့ဟောင်း ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
ပိတ်လိုက်ရတဲ့ ကျောင်းတွေဟာ သီပေါမြို့ဟောင်း ရပ်ကွက်၊ ဆွတ်လန်း၊ ပန်စောက်မိန်းနဲ့ ပန်ညုကျေးရွာက စာသင်ကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
“မပိတ်လို့လည်း မရဘူး။ တာဝန်ကျနေတဲ့ ဆရာမတွေကို ဖယ်ပေးဖို့ ကိုးကန့် တပ်ဖွဲ့ဘက်က ပြောတာ။ သူတို့ပဲ ဖွင့်တော့မယ်လို့ ပြောတယ်”
လို့ သီပေါမြို့ခံ နောက်တယောက်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းနေ တယ်လို့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ သီပေါမြို့နယ် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်း TNLA သိမ်းခဲ့တဲ့ သီပေါမြို့ကို အစိုးရတပ်က ပြီးခဲ့တဲ့ နှစ်မှာ ပြန်သိမ်းခဲ့ပြီး မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာအချို့ကို အစိုးရတပ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လားရှိုး-သီပေါ လမ်းပိုင်းနဲ့ သီပေါ-နမ့်လန် လမ်းပိုင်းက ကျေးရွာတွေ ကိုတော့ MNDAA ကိုးကန့် တပ်ဖွဲ့က ဆက်ပြီး ထိန်းချုပ်ထားပါတယ်။
သီပေါမြို့နယ် အတွင်းက MNDAA ကိုးကန့် တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဆောင် ကြဲရွာက အထက်တန်းကျောင်း နှစ်ကျောင်း၊ နောင်အန်ရွာ အလယ်တန်း ကျောင်းခွဲ တကျောင်း၊ ပန်ခန်း၊ မခေါ်၊ နားတောင့်၊ ပန်စောက်မိန်း၊ နောင်တုံ၊ ပန်မိတ် ကျေးရွာတွေက မူလွန်နဲ့ မူလတန်းကျောင်း ၁၄ ကျောင်းကို အခုနှစ် စာသင်နှစ်မှာ အစိုးရဘက်က ဖွင့်လှစ်ခွင့် ရခဲ့တာပါ။
ဒါပေမဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ အစိုးရဘက်က အဲဒီကျောင်းတွေကို ဩဂုတ်လဆန်းပိုင်းမှာ ပိတ်ခဲ့တာဖြစ်ပြီး အခုလဆန်းပိုင်း ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာတော့ MNDAA ဘက်က စာသင်ကျောင်းတွေကို ဖွင့်ခွင့် မပေးတော့တာ ဖြစ်ပါတယ်။
MNDAA ဘက်ကတော့ သီပေါမြို့နယ် အတွင်းက ကျေးရွာအချို့မှာ စာသင် ကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
