စက်တင်ဘာ ၄ ၊ ၂၀၂၆
Shy + GG (VOM)
ဗန်းမော်မြို့ကို အစိုးရတပ်ရဲ့ စစ်ကူလာတဲ့ စစ်သင်္ဘောတွေဆိုက်ရောက်လာပြီးနောက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ မနက် အစောပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ကြောင်း ၊ အစိုးရ တပ်ဖွဲ့ရဲ့ စစ်သင်္ဘောတွေကတော့ မနေ့က စက်တင်ဘာလ ၃ ရက်နေ့မှာ ဗန်းမော်ကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
“ဒီမနက် မိုးမလင်းခင် ကတည်းက ဗန်းမော်မှာ တိုက်ပွဲ ပြန်ပြင်းထန်နေပြီ။ သေင်္ဘာတွေ ကမ်းကပ်ထားတဲ့ နားတွေရောပဲ။ အရင်နှစ်ကတည်းက ရှိထားတဲ့ စစ်သည်တွေရော ထွက်လာတယ်။ နေရာအနှံ့က အင်အားပေါင်းပြီး တိုက်နေတာလို့ သိရတယ်။ စစ်တပ်ဘက်က အင်အား ၆၀၀ လောက် ဝင်လာနိုင်တယ်လို့လည်း သိရတယ်”လို့ ဒေသခံအမျိုးသားက ပြောပါတယ် ။
တပ်မတော် စစ်သင်္ဘောတွေဟာ ဗန်းမော်မရောက်ခင် ရွှေကူအကျော် ဇင်းဘုံကျေးရွာနဲ့ စင်ခန်းတံတားနေရာနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်သင်္ဘောနှစ်စီး အလံဖြူထောင်ပြီး KIA ပူးပေါင်းတပ်ဖွဲ့ထံ ဝင်ရောက်ခဲ့ကြောင်း ၊ စစ်ရေယာဥ်တွေလည်း လက်နက်ထိမှန်ပြီး နစ်မြုပ်မှုတွေရှိခဲ့တယ်လို့ KIA ဘက်က ရုပ်သံဖိုင်တွေနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ရုပ်သံဖိုင်ထဲမှာတော့ အမျိုးသားတွေများသလို အမျိုးသမီး နဲ့ ကလေးငယ်တွေလည်းပါဝင်တာ တွေ့ရပြီး အဲဒီစစ်သင်္ဘောပေါ်က စစ်သည် ၁၅၁ ယောက် ၊ ရဲတပ်ဖွဲ့ဝင် ၁၇ ယောက် ၊ အမျိုးသမီး+ ရဲမေ ၁၆ ယောက်နဲ့ ကလေး ၆ ယောက်တို့ကို ထိန်းသိမ်းထားကြောင်း KIA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောဆိုနေပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အခုရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် နဲ့ တပ်ထောက်ခံသူတချို့ကတော့ အလံဖြူထောင်ပြီး ဝင်သွားတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ၊ မိတယ်ဆိုတဲ့သူတွေကလည်း ရွှေမျှောလုပ်သူတွေနဲ့မိသားစုဝင်တွေ ဖြစ်တယ်လို့ ပြောဆိုနေတာလည်း တွေ့ရပါတယ်။
တချို့ကလည်း စစ်သင်္ဘောနှစ်စီး အလံဖြူထောင်ပြီး လက်နက်ချသွားတာဟုတ်ကြောင်း ၊ အဲဒီထဲမှာ စစ်သားတွေနဲ့ အမျိုးသမီး ၊ ကလေးငယ် ၊ နေရပ်ပြန်စစ်ရှောင်တွေ ပါကြောင်း ပြောဆိုနေကြပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ဘက်ကို စစ်ကူပို့တဲ့ စစ်သင်္ဘောတွေပေါ်မှာ ကလေးငယ်နဲ့ အမျိုးသမီးတွေကို လိုက်ပါစေတာနဲ့ပတ်သက်ပြီး မဖြစ်သင့်ကြောင်း ၊ ခုလိုဖမ်းခံရတာနဲ့ပတ်သက်ပြီး မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ တပ်ထောက်ခံသူတချို့ကလည်းပြောဆိုနေပါတယ်။
” ဒီလောက်လူအများကြီး ရာချီနေတဲ့အထဲ အမျိုးသမီးတွေရော ၊ ကလေးတွေရောပါနေတာတောင်ကိုယ်ချင်းမစာ မသနားဘဲ ပါးပါးလေးထိတာပါတို့၊ လုပ်ကြံပြီးပြောတာပါတို့ ၊ ရုပ်သံအဟောင်းကြီးပါတို့၊ ကမ်းကပ်နိုင်တာ အများကြီးပါတို့နဲ့ ပြောနေကြတာ ဒုက္ခရောက်သူတွေကိုတောင် မစာနာနိုင်ဘဲ ဖုံးတာလိုလို ၊ဖိတာလိုလိုနဲ့။ ဒီလိုလမ်းကို ဒီလိုသွားခိုင်းတဲ့သူတွေ ဘာတွေတာဝန်ယူလဲမသိဘူး။ ” လို့ သူ့ရဲ့အမြင်ကို ပြောဆိုထားပါတယ်။
လက်ရှိမှာ ဖမ်းမိထားတဲ့ စစ်သုံးပန်းတွေကို KIA က လိုင်ဇာကို ပို့လိုက်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အဆိုပါ စစ်သင်္ဘောနှစ်စီး အလံဖြူထောင်တဲ့ကိစ္စ ၊ သင်္ဘောတွေ တိုက်ခိုက်ခံရပြီး ရေမြုပ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ KIA ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးသလို အစိုးရဘက်ကလည်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာတော့ ဗန်းမော်ကို ရေကြောင်းကနေ စစ်ကူအင်အားရာနဲ့ချီဝင်ရောက်ထားပြီး မြေပြင်စစ်ကြောင်းထိုးမှုလည်း လုပ်နေသလို လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ပေးနေပါတယ်။
ဓာတ်ပုံ – CJ
