စက်တင်ဘာ ၄ – ၂၀၂၆
SS (VOM)
အွန်လိုင်းစလော့နဲ့ လောင်းကစားဂိမ်းတွေကြောင့် ငွေကြေးဆုံးရှုံးတာ၊ အကြွေးပတ်လည် ဝိုင်းလာတာတွေ ဖြစ်လာပြီး စိတ်ဖိစီးမှုများကာ ရာဇဝတ်မှု ကျူးလွန်တာ(ဒါမှမဟုတ်) ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းလိုမျိုး လူမှုရေးဆိုးကျိုးတွေ အခုနောက်ပိုင်းမှာ ပိုပြီး အဖြစ်များလာနေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်းနဲ့ ဓမ္မပါလလမ်းထောင့်ရှိ တိုက်အမှတ် (၄၅)၊ ပထမထပ်မှာ တဦးတည်းနေထိုင်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတယောက် အသတ်ခံရမှု ဖြစ်ခဲ့ပါတယ်။
အွန်လိုင်းစလော့ဂိမ်း ဆော့ရာကနေ ငွေကြေးတွေ အမြောက်အမြား ဆုံးရှုံးပြီး ငွေလိုနေတဲ့ ဉာဏ်စိုး ဆိုသူဟာ သူငယ်ချင်းဖြစ်သူရဲ့ မိခင်ကို ဓားနဲ့ထိုးသတ်ကာ ရွှေထည်ပစ္စည်းတွေကို လုယက်သွားခဲ့တယ်လို့ သိရပါတယ်။
“ကျုးလွန်သူက ကျွဲဂိမ်းရှုံးနေတာလို့ သိရတယ်။ အသတ်ခံရသူရဲ့သားနဲ့ သူငယ်ချင်းတွေ။ သူ့သူငယ်ချင်း ရှိစဥ်ကတည်းက အဲဒီအိမ်မှာ ဝင်၊ ထွက် သွားလာနေတာ။ သေဆုံးသူရဲ့သားက မလေးရှားမှာ အလုပ်လုပ်ဖို့ ထွက်သွားတာ သုံးပတ်လောက်ပဲ ရှိဦးမယ်။ ခင်ပွန်းဖြစ်သူကလည်း အရင်ကတည်းက ဆုံးသွားပြီ၊ သားကလည်း အဝေးရောက်နေချိန် ဆိုတော့ အိမ်မှာ တယောက်တည်း ရှိနေတဲ့အချိန် အသတ်ခံလိုက်ရတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူ ဉာဏ်စိုးဟာ တောင်ဥက္ကလာပမြို့နယ်၊ (၁၂) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အသက် ၂၀ နှစ်အရွယ်ရှိကာ ပြင်သစ်ဘာသာစကား ပထမနှစ် တက်ရောက်နေသူလို့ သိရပါတယ်။
ဉာဏ်စိုးဟာ ပြစ်မှု ကျူးလွန်ရာမှရရှိခဲ့တဲ့ ရွှေထည်ပစ္စည်းတချို့ကို တောင်ဥက္ကလာပမြို့နယ်မှာ ရောင်းချခဲ့ပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်ရှိ The Waiting Lodge Hotel ရဲ့ အခန်းအမှတ် (B-06) မှာ သွားရောက်တည်းခို နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
ဉာဏ်စိုးကို ဖမ်းဆီးရမိရေးအတွက် ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက်၊ ည ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က အဲဒီ ဟိုတယ်အတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရဲစခန်းမှာ ကနဦးပုဒ်မ ၃၀၂ နဲ့ စစ်ဆေး အရေးယူထားတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်မှာ ၁၂ ဘီးယာဉ်မောင်းသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက် စလော့ဂိမ်းရှုံးတာကြောင့် ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာမှာ အွန်လိုင်းစလော့ဂိမ်း လောင်းကစားရာကနေ အကြွေးတွေများလာတဲ့ မူလတန်းပြ ကျောင်းဆရာမတယောက်၊ ဓားပြတိုက်မှု ကျူးလွန်ရာကနေ လူသတ်မှု ဖြစ်ခဲ့ပါသေးတယ်။
မူလတန်းပြဆရာမ နုနုထွေးဟာ ဒေါ်မြကြည်နဲ့ သမီးဖြစ်သူ မစန်းစန်းအေးတို့ သားအမိနှစ်ယောက်တည်း နေထိုင်တဲ့ နေအိမ်အတွင်း ဝင်ရောက် ဓားပြတိုက်ခဲ့တာမှာ သားအမိနှစ်ယောက်က ပြန်လည် ခုခံတဲ့အတွက် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ ထိုးခဲ့တာလို့ သိရပါတယ်။
ဓားထိုးခံရသူ သားအမိ နှစ်ယောက်လုံးဟာ ဆေးကုသမှု ခံနေစဉ်အတွင်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရပြီး ပြစ်မှုကျူးလွန်သူ နုနုထွေးကို ပင်းတယမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၅၈ နဲ့ ၃၂၆ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အသက် ၂၀ ကျော်အရွယ် ကျွဲဂိမ်းကစားသူတယောက် ကြိုးဆွဲချ သေဆုံးခဲ့သလို ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း သာကေတမြို့နယ်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ်ရှိတဲ့ အမျိုးသားတယောက်လည်း ဂိမ်းကြောင့် အကြွေးတင်ပြီး မဆပ်နိုင်တော့တဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော့် ဒီကူညီမှုသက်တမ်းအရ ဒီလို စလော့ဂိမ်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာတွေ ခုနောက်ပိုင်း တော်တော်လေး များလာတာ တွေ့ရတယ်။ အခုနှစ်ထဲမှာ ပိုဆိုးလာတယ်။ ဒီလိုဂိမ်းတွေကို အလွန်အကျွံ မလုပ်ကြဖို့လိုတယ်။ ဖြစ်နိုင်ရင် လုံးဝ အစမလုပ်ဘဲ နေကြစေချင်တယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့လည်း ဒီလို စလော့ဂိမ်းတွေနဲ့ ပတ်သတ်ပြီး အေးဂျင့်လုပ်နေတဲ့သူတွေ၊ အွန်လိုင်း၊ ဖုန်း message နဲ့ Viber မှာ စလော့ဂိမ်း မိတ်ဆက်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ဒီ စလော့ဂိမ်းတွေနဲ့ ပတ်သက်လို့ အရေးယူမှုအပိုင်း အရမ်း အားနည်းနေတာကို တွေ့ရတယ်” လို့ လူမှုကူညီရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း အောက်တိုဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ စလော့ဂိမ်းဆော့ရာမှ အကြွေးတင်သွားတဲ့ လူငယ်တယောက် ကြိုးဆွဲချ အဆုံးစီရင်မှုတခု ဖြစ်ခဲ့သလို ဩဂုတ် ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မှာ သူငယ်ချင်းရဲ့ဖုန်းကို ခဏယူပြီး အွန်လိုင်းလောင်းကစားဂိမ်း ဆော့ရာကနေ ငွေကျပ် ခုနစ်သိန်းရှုံးသွားလို့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
ပုံစာ – ဗဟန်းမြို့နယ် လူသတ်မှုကျူးလွန်သူ
