ထိုင်းနယ်စပ်ကနေ ဖမ်းမိတဲ့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးပြားတွေ “ဝ” တပ်ဖွဲ့က အစိုးရကို လွှဲပြောင်း

ဩဂုတ်၄၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်အရှေ့ပိုင်း “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ပုံပါကျင်ဒေသနဲ့ ထိုင်းနယ်စပ်မှာ ပြီးခဲ့ဩဂုတ်လအတွင်း မူးယစ်မှောင်ခိုဂိုဏ်းတွေထံကနေ သိမ်းဆည်းရမိတဲ့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးတွေကို “ဝ” တပ်ဖွဲ့က အစိုးရတာဝန်ရှိသူတွေထံကို ဒီနေ့ လွှဲပြောင်း ပေးလိုက်တယ်လို့ သိရပါတယ်။
ပြန်လွှဲပေးတဲ့ မူးယစ်ဆေးတွေဟာ ယာဘလို့ ခေါ်တဲ့ စိတ်ကြွဆေးတွေ ဖြစ် တယ်လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
“မူးယစ်ဆေးပြားတွေပါပဲ။ အရေအတွက်က ၂.၈ သန်းလောက် ရှိပါတယ်” လို့ “ဝ” တပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးက မြန်မာကျပ်ငွေ ၁.၃၉ ဘီလီယံလောက် ရှိတယ်လို့ “ဝ” တပ်ဖွဲ့ဘက်က ဆိုပါတယ်။
ဩဂုတ်လ ၂၈ ရက်နေ့က ပုံပါကျင်မြို့ BP-(1) စခန်းနဲ့ မာစံဖော “ဝ” စခန်း ကြားနေရာ အနီးမှာ သံသယရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်း တစ်ဂိုဏ်း ဝင် ရောက်လာတာကို တွေ့တာကြောင့် ရပ်တန့် စစ်ဆေးဖို့ အမိန့်ပေးခဲ့ပေမဲ့ သံသယရှိသူတွေက မူးယစ်ဆေးဝါးတွေကို စွန့်ပစ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
တရားခံတွေ ကျန်ခဲ့တဲ့ မူးယစ်ဆေးတွေကို “ဝ” တပ်ဖွဲ့က သိမ်းဆည်းပြီး အစိုးရဘက်ကို ပြန်အပ်လိုက်တာလို့ သိရပါတယ်။
မူးယစ်ဆေး လွှဲပြောင်းတဲ့ အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံ ခရိုင်၊ ပုံပါကျင်မြို့၊ ဟွေအောကျေးရွာ ခမ်းမမှာ ပြုလုပ်ခဲ့ပြီး “ဝ” တပ်ဖွဲ့ဘက် က မူးယစ်တိုက်ဖျက်ရေးဌာနမှူး ဦးဆွိထွမ်း၊ ပြင်ပဆက်ဆံရေး ဒုဌာနမှူး ဦးကျောက်ကျက်တို့ တက်ရောက်ခဲ့ပါတယ်။
အစိုးရဘက်ကတော့ ခလရ (၆၅) ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝင်းတင်၊ မိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကျော်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နဲ့ ထိုင်းနယ်စပ်မှာ အခြေစိုက်တဲ့ “ဝ” တပ်ဖွဲ့ဟာ နယ်စပ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို အခုလိုပဲ အစိုးရတပ်ဖွဲ့ကို လွှဲပြောင်းလေ့ရှိကာ အွန်လိုင်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုး ရထံကို လွှဲပြောင်းပေးလေ့ ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW