ဆူးငှက်
အမည်ခံ ကုန်ထုတ်သ/မတဲ့
———————————
ထိုခေတ် ထိုစဉ်အခါက ကုန်ထုတ်သမဝါယမဟူသည် ပါဝင်သော အသင်းသားများက အမည်ခံမျှသာဖြစ်ပြီး လုပ်ငန်းရှင် များက အစိုးရထံမှ ကုန်ကြမ်းပစ္စည်းများကို အစိုရထုတ်ဈေးဖြင့် လွယ်ကူစွာ ထုတ်ယူနိုင်ရေးအတွက် ဟန်ပြ ထူထောင် ထားကြသော အသင်းတွေက အများစု ဖြစ်သည်။ အစိုရထုတ်ဈေးဖြင့် ရရှိထားသော ကုန်ကြမ်းများကို ပြင်ပ ဈေးကွက်သို့ လက်လွှဲရောင်းချခြင်းဖြင့် ချက်ချင်းလက်ငင်း အကျိုးအမြတ်များစွာရရှိသည်။ ထို့ကြောင့် ကုန်ကြမ်းကို ထုတ်ရောင်းကာ ကုန်ချောကို ဟန်ပြထုတ်လုပ်ရန်အတွက်သာ ကုန်ထုတ်သမဝါယမအသင်း ဆိုင်းဘုတ်အောက်၌ အလုပ်သမားငှား ထားခြင်း ဖြစ်သည်။ ထုတ်ယူရရှိသော ကုန်ကြမ်းနှင့် ကုန်ချောအရေအတွက် ကိုက်ညီရန်အတွက်လည်း ကြိုတင် စာရင်းညှိထားပြီး ဖြစ်သည်။
ဖိနပ်ကုန်ထုတ်သ/မ က ထိုသို့မဟုတ်။ မူလစတင် ဖွဲ့စည်း ကတည်းကပင် ပုဂ္ဂလိက ရှူးဖိနပ်လုပ်ငန်းမှ နစ်နာကြေးငွေဖြင့် အလုပ်ထွက်လာကြသော ရှူးဖိနပ်လုပ်သားများက အစုငွေ ၅၀ကျပ်စီဖြင့် စုဆောင်းကာ လုပ်သားစုပေါင်း ဖိန်လုပ်ငန်းအနေနှင့် ထူထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်သားပိုင် စုပေါင်းအသင်းကနောက်ထပ် အသင်းသားများထပ်မံ ဝင်ရောက်လာကာ လုပ်ငန်းအောင်မြင်သောအခါ ဖိနပ်ကုန်ထုတ်သမဝါယမအသင်းအနေနှင့် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် ဥက္ကဋ္ဌ အတွင်းရေးမှူး အပါအဝင် အမှုဆောင် အဖွဲ့ကလည်း ဖိနပ်လုပ်သား အသင်းသားများဖြစ်သည်။ အလုပ်ရုံအတွင်း အလုပ်လုပ်ကိုင်နေသူများကလည်း အသင်းသား အလုပ်သမားများဖြစ်သည်။ ထို့ကြောင့် အသင်း၏ ပရိဘောဂ၊ လုပ်ငန်းသုံးပစ္စည်း၊ ကုန်ကြမ်းကုန်ချောနှင့် သမဝါယမဥပဒေအရ ခွဲဝေပြီး အကျိုးအမြတ်အားလုံးသည် လုပ်သားများက ပိုင်ဆိုင်ကြသည်။
ကိုယ်တုံးလုံးကျွတ် အစည်းအဝေး
—————————————
ထိုစဉ်က သမဝါယမဌာနတွင် ညွှန်ကြားရေးမှူး တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက မြန်မာပြည်တွင် ကုန်ထုတ် သမဝါယမအသင်း စစ်စစ် တစ်သင်းဟု အမြဲ ရည်းညွှန်းပြောဆိုသည်။ ထိုပုဂ္ဂိုလ်က သမဝါယမနှင့် ပတ်သက်၍ အလွန် စိတ်ဝင်စားကာ သမဝါယအကြောင်း ကမ္ဘာနှင့်ချီ၍ နှံ့စပ်တတ်သိသူဖြစ်သည်။ သူက မြန်မာပြည်၏ ဆိုရှယ်လစ် သမဝါယမ များထက် အရင်းရှင်နိုင်ငံကြီးများ၏ သမဝါယမ စစ်စစ်များကို သဘောကျ လေ့လာ ကျေညက် ထားသူလည်း ဖြစ်၏။ မန္တလေး၏ နွေနေ့လယ်ခင်းတစ်ခုတွင် ဖိနပ်ကုန်ထုတ်သ/မက ဥက္ကဋ္ဌအပါအဝင် အမှုဆောင်အဖွဲ့များက နွေရာသီ မီးဘေး စီမံချက်အတွက် လိုအပ်ချက်များကို ညှိနှိုင်းကြ၏။
နွေနေ့လယ် သွပ်မိုးဂိုဒေါင်ဟောင်း အလုပ်ရုံကြီးထဲမို့ အားလုံးမှာ အပေါ်အင်္ကျီကို စွပ်ကျယ်မျှပင်မပါဘဲ ပုဆိုးကိုလည်း ဒူးခေါင်းအထိ ပင့်ကာ ညှိနှိုင်း ပြောဆိုနေကြ၏။ အားလုံးက ခပ်လွယ်လွယ်ပင် ကျွန်တော့်စာပွဲရှေ့မှာ ဝိုင်းထိုင်ကာ ပြောကြဆိုကြသည်။ စာပွဲပေါ်တွင် ဈေးချိုဆိုင်က စာရင်းကောက်ပြန်လာသည့် ဒု ဥက္ကဋ္ဌက အရီးတောင်း ကြက်ခြေနီသုတ် ဝယ်လာ၍ ပန်းကန်ထဲထည့်ကာ ဇွန်းနှင့် ကော်စားကြရင်း ရေနွေးကြမ်းဓာတ်ဗူးထဲက ရေနွေးကို ပန်ကန်လုံကိုယ်စီနှင့် ငှဲ့ကာ သောက်ရင်း ပုဆိုးခါးပုံစဖြုတ်ကာ ချွေးသုတ်ရင်း ပြောကြ စားကြနှင့် အရှိန်ရနေသည်။
အစည်းအဝေးသို့ ရောက်လာသည့် ဧည့်သည်
————————————————
ထိုစဉ် အလုပ်ရုံအတွင်း တစ်ယောက်က ဝင်လာသည်။ ဝင်လာလာချင်း ကျွန်တော်တစ်ယောက်သာ တံခါးဖက် မျက်နှာမူထားလို့ မြင်ရသည်။ ကျန်သူများက ကျောပေးထားကြ ဘေးစောင်း ထိုင်နေကြလို့ ချက်ချင်း မမြင်ကြပေ။ ဝင်လာသူက ကျွန်တော်တို့ဘက် လှည့်ကြည့်လိုက်တော့ မျက်လုံးထဲထိ စီးကျနေသော ချွေးများကြောင့် ဘယ်သူဘယ်ဝါ မသဲကွဲပေ။ ဖိနပ်ဝယ်လာသည့် ဧည့်သည်ပဲ ထင်လို့ အလုပ်ရုံရှေ့က ဖိနပ်အရောင်း ကောင်တာဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ထိုပုဂ္ဂိုလ်က လက်ဝါးလေးကာပြပြီး ရောက်သည့်နေရာတွင် ရပ်ကာ ပြုံး၍ ကြည့်နေသည်။ ထိုစဉ်မှာ ကျွန်တော်လည်း လူပုံကို သဲကွဲစွာမြင်လိုက်ပြီး ချက်ချင်းမတ်တတ်ရပ်ကာ “ဟာ.. ညွှန်မှူးကြီး ကြွပါခင်ဗျ၊ ကြွပါခင်ဗျ” ဟု ပြောမှ ကျန်အမှုဆောင်များလည်း နောက်သို့ လှည့်ကြည့်ကာ ဟာကတည်း ပြိုင်တူ အာမေဋိတ်သံထွက်၍ အလျင်အမြန် ပုဆိုးပြင် ဝတ်ကြ၊ ကမန်းကတန်း အင်္ကျီတွေ ဝတ်ကြသည်။ ကျွန်တော်လည်း ထိုင်ခုံနောက်မှီပေါ် တင်ထားသည့် အင်္ကျီကို အမြန်ယူဝတ်ရ၏။
ထိုအခါ မထင်မှတ်ဘဲ ရောက်လာသူ သမဝါယမ ညွှန်ကြားရေးမှူးက လက်ကာ၍ “ နေပါနေပါ၊ ထိုင်ကြပါ၊ ထိုင်ကြပါ။ ဒါမှ အလုပ်သမားပိုင် သမဝါယမစစ်စစ်က တကယ့် အစည်းအဝေးပုံစံပါဗျာ။ ကျွန်တော်ဖြင့် မြင်မြင်ချင်း သဘောကျလွန်းလို့ပါ။ ကင်မရာသာပါရင် ဓာတ်ပုံရိုက် ထားလိုက်ပါသေးတယ်။ ဒါပဲဗျ။ အစည်းအဝေးဆိုတာကလည်း လိုအပ်ရင် လိုအပ်သလို နေရာမရွေး ပကာသနမပါ စည်းဝေးရမှာပဲဗျ။ ခင်ဗျားတို့ အမှုဆောင်ဆိုတာကလည်း အရေးပေါ်စည်းဝေးဖို့ လိုအပ်ရင် အလုပ်သမား တွေမို့ လုပ်ငန်းခွင်က ထလာပြီး စည်းဝေးရတာပဲဗျ။ တိုက်ပုံလည်းမလိုဘူး၊ အင်္ကျီလည်း မလိုပါဘူးဗျာ၊ စည်းဝေး ခန်းမလည်း မလိုပါဘူး၊ လုပ်ငန်းခွင်ထဲ အခုလို ဝိုင်းဖွဲ့ပြီး စည်းဝေးကြရမှာပဲ။ ဒါက တကယ့် အစစ်တွေဗျ။ ပြီးတော့ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းနဲ့ဗျာ၊ သဘာဝကျလိုက်တာ” ဟု ချီးမွမ်းသည်။
တကယ့် လုပ်သားပိုင် သမဝါယမတဲ့
——————————————-
တကယ်လည်း သူကိုယ်တိုင် ဝင်ထိုင်ပြီး လက်ဖက်သုတ်စာ ရေနွေးကြမ်း သောက်သွား၏။ ထိုစကားဝိုင်းတွင် ထိုစဉ်ကာလ လူသူအရောက်အပေါက် နည်းလှသော မြို့စွန် ခင်စောမူ ကွေ့တွင် တိုင်းသ/မ က မြသီတာ အမည်ဖြင့် စားသောက်ကုန် အရောင်းဆိုင် ဖွင့်လှစ်မှုကို “ ဘယ့်နှယ်ဗျာ၊ အများပြည်သူက အချိန်တိုအတွင်း ကုန်ပစ္စည်းတွေ လွယ်လင့်တကူ ဝယ်ယူနိုင်ဖို့ စီစဉ်ရမှာကို ဆင်ဖြူကန်သုဿာန်ကို အသုဘပို့မှ ရောက်ကြရမယ့်နေရာမှာ အရောင်းဆိုင် ဖွင့်ရတယ်လို့ဗျာ” ဟု ဝေဖန်တာ မှတ်မိ နေသည်။ ထိုနေ့က သူမြင်တွေ့သွားသော အင်္ကျီကိုယ်တုံးလုံးချွတ်များနှင့် လက်ဖက်သုတ်တစ်ပွဲ ရေနွေးကြမ်း တစ်အိုးနှင့် ဖိနပ်ကုန်ထုတ်သ/မ အစည်းအဝေးအကြောင်းကို ထိုညွှန်ကြားရေးမှူးချုပ်က သမဝါယမဂျာနယ်တွင် ချီးကျူး ရေးသားခဲ့သည်။ ထို ညွှန်ကြားရေးမှူး မှာ သမဝါယမဝန်ကြီးဌန လုပ်ငန်းစီစစ်ရေးမှ ဦးအေးမောင် ဖြစ်ပါသည်။
ထို့ကြောင့်လည်း ထိုစဉ်က ကုလသမဂ္ဂ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ကုန်ထုတ် သမဝါယမအသင်းကို လေ့လာရန် ရောက်ရှိလာသော စီမံခန့်ခွဲရေးနှင့် ကုန်ထုတ်လုပ်မှု အကြံပေးအရာရှိ Mr Heeperma နှင့် ငွေကြေးစီမံခန့်ခွဲမှု အကြံပေး အရာရှိ Mr Gema တို့ကို မန္တလေး အနောက်တောင်မြို့နယ်က ဖိနပ်ကုန်ထုတ်သမဝါယမအသင်းသို့ ညွှန်ကြားရေးမှူးချုပ် က ခေါ်ဆောင် ပြသခဲ့သည်။
အလုပ်ရုံရှိ အလုပ်သမားများ အားလုံးလိုလိုသည် အသက်၁၈နှစ်ပြည့်ပြီးသည်နှင့် သတ်မှတ်ထားသည့် အစုငွေ ထည့်ကာ အသင်းသား အဖြစ်ခံယူနိုင်သည်။ အသင်းသားဖြစ်ပါက အမှုဆောင်အဖြစ် အရွေးချယ်ခံနိုင်သည်။ တစ်နှစ်တစ်ကြိမ် အစုပေါ် အမြတ်ငွေကို ခံစားနိုင်၏။ ပြောကြစို့ဆိုလျှင် အလုပ်သမားသက်သာဆိုင်မှ ဝန်ထမ်းများမှအပ အလုပ်ရုံ လက်အောက်ရှိ အသက်၁၈နှစ် ပြည့်ပြီးသူများထဲတွင် အသင်းဝင်မဖြစ်သူမှာ ကျွန်တော်တစ်ယောက်သာ ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ရုံးဝန်ထမ်းသာ ဖြစ်ပြီး ဖိနပ်ချုပ် အလုပ်သမားမဟုတ်သောကြောင့် အသင်းဝင်ခွင့် မရှိပါ။
ဆူးငှက်
