ရေတိုက်စားမှုကြောင့် ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်က တံတားတစင်းပျက်စီး

ဩဂုတ် ၃ – ၂၀၂၆
SS (VOM)
ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်ရှိ တံတားတစင်း ဒီကနေ့ ဩဂုတ် ၃ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ကျိုးကျ ပျက်စီးသွားတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အိုင်သပြုနဲ့ ငါးသိုင်းချောင်းလမ်းမကြီးက အိုင်သပြုအထွက်ပေါ့။ အဲဒီက တံတားကျိုးတာပါ။ တံတားက ခုံးကျော်တံတားပုံစံမျိုး ဆောက်ထားတာ။ အဲဒါက ရေဝိတ်များပြီး ပွင့်ထွက်သွားတာ။ ဒီလမ်းက အဓိက လမ်းမကြီးလည်းဖြစ်တော့ သွားရေးလာရေးအတွက် ဒုက္ခရောက်ကုန်ကြတယ်။ အိုင်သပြုမြို့ထဲ ဆက်ဝင်လို့ မရတော့ဘူး။ အခုလောလောဆယ်တော့ အဲဒီမှာပဲ ကယ်ဆယ်ရေးစခန်းချပြီးတော့ အဲဒီကနေပဲ လှေတွေနဲ့ ပတ်သွားနေကြတယ်” လို့ ‌ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
အဲဒီကားလမ်းတလျှောက်အပြင် မယင်းချောင်း ချောင်းဖျားဘက်တွေမှာလည်း ရေစီးသန်မှုကြောင့် တံတားတွေနဲ့ ချဉ်းကပ်လမ်းတွေ ရေတိုက်စားခံရခြင်း၊ ရေကျော်ခြင်းတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ တာကျိုးပြီးနောက် ရေကြီးရေလျှံမှု ပိုမို ဆိုးရွားလာနေတယ်လို့ သိရပြီး နောက်ဆက်တွဲအဖြစ် ဟင်္သာတ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်မြို့တွေဘက်ကို ရေအနည်းငယ် စတင်ဝင်ရောက်နေပြီလို့ သိရပါတယ်။
“ရေက မနေ့ (ဩဂုတ် ၂ ရက်) ညကတည်းက အဆမတန်တိုးလာတာ။ ရေတိုးမြန်နေတုန်းပဲ။ လမ်းပေါ်မှာ ရပ်လို့မရအောင် ရေကအရမ်းကို အရှိန်များတယ်။ အခု ရေစဝင်နေတဲ့ မြို့နယ်တွေက လေးမျက်နှာမြို့လို အရမ်းကြီး ရေဝင်နေတာတော့ မဟုတ်သေးဘူး။ ဒါပေမယ့် အဲဒီမှာရှိတဲ့ ဒေသခံတွေကတော့ ပစ္စည်းတွေ သိမ်းဆည်းပြီး အသင့်အနေအထားနဲ့ နေနေရပြီ” လို့ နောက်ထပ် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လေးမျက်နှာမြို့ပြီးပါက ငါးသိုင်းချောင်းမြို့ဟာ အန္တရာယ်အရှိဆုံးနဲ့ ပထမဆုံး ရေရောက်နိုင်တဲ့ နယ်မြေဖြစ်ပြီး အကြောင်းရင်းကတော့ လေးမျက်နှာနဲ့ ကုန်းကြောင်း၊ ရေကြောင်း တိုက်ရိုက် ထိစပ်နေပြီး ငဝန်မြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့်လို့ သိရပါတယ်။
လေးမျက်နှာဘက်ကနေ လျှံကျလာတဲ့ ရေစီးကြောင်းနဲ့ မြစ်ရေ မြင့်တက်မှုတို့ကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တွေ၊ ကမ်းဘေးကျေးရွာတွေနဲ့ စိုက်ပျိုးမြေတွေဆီကို ရေစတင် ဝင်ရောက်နိုင်ခြေ အလွန်မြင့်မားတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ရေကြည်မြို့နယ်ဟာလည်း ရေဝင်ရောက်နိုင်ခြေ မြင့်မားတဲ့မြို့ဖြစ်ကာ အကြောင်းရင်းကတော့ ငါးသိုင်းချောင်းနဲ့ ကပ်လျက်ရှိတည်ရှိပြီး ငဝန်မြစ်ရေ သပွတ်နယ်မြေ ဖြစ်ကာ တာကျိုးရေ စိမ့်ဝင်လာမှုအပြင် မိုးဆက်တိုက် ရွာသွန်းပါက မြို့ပေါ် မြေနိမ့်ပိုင်းတွေနဲ့ ကျေးရွာတွေဆီ သဘာဝ ရေဆင်းလမ်းကြောင်းအတိုင်း ရေဝင်ရောက်လာနိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ရေကြည်မြို့နယ်ရဲ့ အောက်ဘက် ရေဆင်းလမ်းကြောင်းမှာ ရှိနေတဲ့ ကျုံပျော်မြို့ဟာလည်း ရေကြီးရေလျှံမှု ကူးစက်နိုင်ခြေ ရှိနေပြီး ဒါကာမြစ်၊ ဒါကချောင်း အပါအဝင် ဒေသတွင်း ရေဆင်းချောင်းတွေနဲ့ ဆက်စပ်နေတာကြောင့် အထက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်ကရေတွေ အောက်ဘက်ကို စီးဆင်းလာတာနဲ့အမျှ ကျုံပျော်ဘက်မှာလည်း ရေပြင် ကျယ်ပြန့်လာနိုင်တယ်လို့ ​ပြောကြပါတယ်။
အဲဒီလိုပဲ အသုတ်မြို့ဟာလည်း မြေနိမ့်ပိုင်း လယ်ကွင်းတွေနဲ့ ရေဆင်းချောင်းတွေ ပတ်လည်ဝိုင်းနေတဲ့ ဒေသဖြစ်တဲ့အတွက် အထက်ဘက်ကရေတွေ အောက်ကို သောင်တင်စီးဆင်းလာချိန်မှာ ရေဝိုင်းပြီး လယ်ကွင်းတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေဆီ ရေတဖြည်းဖြည်းချင်း တက်လာနိုင်ပါတယ်။
ဒါကြောင့် ဒေသခံတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ဘဏ်စာအုပ်၊ မြေကွက်စာချုပ်၊ ဘွဲ့လက်မှတ်တွေ စတဲ့ အရေးကြီး စာရွက်စာတမ်းတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ပလတ်စတစ်အိတ်၊ ဇစ်ပိတ်အိတ် (Waterproof Zip Lock) မှာ သေချာထုတ်ပိုးထားပြီး အဲဒီပစ္စည်းတွေကို အလွယ်တကူ ဆွဲယူသွားနိုင်မယ့် လွယ်အိတ်တအိတ်အတွင်း ထည့်သွင်းထားရမှာ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက တိုက်တွန်းထားပါတယ်။
ဒါအပြင် စားနပ်ရိက္ခာအတွက် ခြောက်သွေ့အစားအစာတွေဖြစ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကစ်နဲ့ ငါးသေတ္တာလိုမျိုး အသင့်စား အစားအစာတွေကို အနည်းဆုံးသုံးရက်စာ ပြင်ထားရမှာဖြစ်ပြီး ရေကြီးပါက သောက်သုံးရေ သန့်ရှင်းမှု အခက်အခဲ ဖြစ်တတ်တာကြောင့် သောက်ရေသန့်ဘူးတွေ (ဒါမှမဟုတ်) ရေကို ကြိုချက်ပြီး ပလတ်စတစ်ပုံးကြီးတွေနဲ့ သေချာစွာ ဖုံးအုပ် သိုလှောင်ထားရမယ်လို့ ဆိုပါတယ်။
ဒါအပြင် ရေလွတ်ရာနေရာမှာ ချက်ပြုတ်နိုင်ရေးအတွက် ဖယောင်းတိုင်၊ မီးခြစ် (ဒါမှမဟုတ်) စတိုဗ်အသေးနဲ့ ဂက်စ်ဗူးတွေကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပြီး ကျန်းမာရေးကိစ္စအတွက်ကိုလည်း သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါ ရှိသူတွေအတွက် ပုံမှန်သောက်နေကျ ဆေးဝါးတွေကို အနည်းဆုံး နှစ်လစာ ကြိုတင်ဝယ်ယူထားမယ်လို့ သိရပါတယ်။
အရေးပေါ်ဆေးအိတ်အတွက် ဓာတ်ဆားထုတ်၊ ဝမ်းနှုတ်ဆေး၊ ပါရာစီတမော၊ ပလာစတာ၊ ပိုးသတ်ဆေးနဲ့ ပိုးမွှားအကိုက်ခံရပါက လိမ်းနိုင်ဖို့ ဆေးတွေကိုပါ စုဆောင်းထားရမှာဖြစ်ပြီး ဖုန်းနဲ့ Power Bank တွေကိုလည်း ဘက်ထရီ ရာခိုင်နှုန်း ပြည့်အောင် ကြိုတင် အားသွင်းထားရမယ်လို့ ဆိုပါတယ်။
ဒါအပြင် အရေးပေါ် ဓာတ်မီး၊ မီးလုံးတွေ၊ ခေါင်းစွပ်ဓာတ်မီးတွေနဲ့ အပိုဘက်ထရီတွေကိုလည်း ပြင်ဆင်ထားသင့်ပြီး ရေစတင်ဝင်ရောက်လာပါက အိမ်တွင်း လျှပ်စစ်န္တရာယ် မဖြစ်ပေါ်စေရေးအတွက်ကိုလည်း မိန်းခလုတ်ကို ချက်ချင်း ပိတ်သင့်တယ်လို့ သိရပါတယ်။
အိမ်ထောင်စုအတွင်း ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းသူတွေ ရှိပါက ရေမတက်မီ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း (ဒါမှမဟုတ်) နီးစပ်ရာ ရေလွတ်တဲ့ ကုန်းမြင့်နဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ ကြိုတင် ပို့ဆောင်ထားရမှာဖြစ်ပြီး ကြက်၊ ဝက်၊ ကျွဲ၊ နွား အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း အစာအလုံအလောက်နဲ့အတူ ကုန်းမြင့်ပိုင်းကို ကြိုတင် ရွှေ့ပြောင်းထားရမယ်လို့ သိရပါတယ်။
အရေးကြီး အကြံပြုချက်အနေနဲ့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ သတိပေး ထုတ်ပြန်ချက်တွေကို စဉ်ဆက်မပြတ် နားစွင့်ထားသင့်ပြီး ရေကြီးပါက မည်သည့်နေရာမှာ ပြန်ဆုံကြမယ်ဆိုတာကို မိသားစုဝင်တွေအကြား ကြိုတင်တိုင်ပင် ညှိနှိုင်းထားရမယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက အသိပေး နှိုးဆော်ထားပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW