လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသမှာ အကူညီလို​နေချိန် နေအိမ်ဖောက်ထွင်းခိုးယူမှုတွေဖြစ်​နေ

ဩဂုတ် ၃ ၊ ၂၀၂၆
GG (VOM)
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှု လေးရက်ကြာတဲ့အထိရှိလာပြီး ရေဆက်တိုးနေတာကြောင့် ပိတ်မိသူတွေရှိနေဆဲဖြစ်လို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးဖို့ ၊ အစားအစာ ၊သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ မြစ် ရေဆက်တိုးနေတဲ့အတွက် ရေနစ်မြုပ်တဲ့ ဧရိယာပိုကျယ်လာတဲ့အပြင် ရေစီးလည်းကြမ်းတဲ့အတွက် တချို့ရွာဘက်တွေမှာ အကူအညီအထောက်အပံ့တွေ မရောက်သေးတဲ့အပြင် နေထိုင်မရတော့လို့ ရွှေ့ပြောင်းပေးဖို့ လိုအပ်သူတွေလည်း ရှိနေတယ်လို့သိရပါတယ် ။
ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ ၊သောက်ရေသန့် ၊ဆေးဝါး ၊ ဖယောင်းတိုင်တွေ ၊ အမျိုးသမီးလစဥ်သုံး ၊ အဝတ်အစား စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မဝင်ရသေးတဲ့ရွာတွေ ဆက်ဝင်ဖို့ကြိုးစားချိတ်ဆက်နေကြပါတယ် ။ တာပေါ်နေကြတဲ့ သူတွေ ၊မြစ်နီးတအိမ်လုံးမြုပ်တဲ့ အိမ်တွေအပြင် ရေဝင်ဧရိယာတိုးလာလို့ ပြောင်းလာသူတွေအပြင် အပေါ်ထပ်ရေထိတော့မှာပေမယ့် သူခိုးကြောက်လို့မပြောင်းလာဘူး ဆိုတဲ့ သက်ကြီးတွေလည်းရှိပါတယ် ။ ရေသန့် နဲ့ ဟင်းအခြောက်တွေ ပို့ဆောင်ဖို့ကြိုးစားနေသလို အမျိုးသမီးလစဉ်သုံး ၊ ခြင်ဆေး၊ ယားနာလူးဆေး၊ ကလေးဒိုင်ပါ၊ ဗိုက်အောင့်ကြသူများလို့ air x ၊ probiotic လည်းလိုကြပါတယ်။ ” လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေမေတ္တာ လူမှူကူညီရေးအသင်းမှ မရွှေလဲ့က ပြောထားပါတယ် ။
လူမှုကူညီရေး အဖွဲ့တွေအနေနဲ့ လည်း အားလုံးနဲ့ချိတ်ဆက်ပြီး ကျေးရွာဘက်တွေက ပိတ်မိသူတွေကို ကူညီရွှေ့ပြောင်းပေးတာ ၊ အစားအစာနဲ့သောက်ရေသန့်တွေ ဝေငှ နေပေမယ့်လည်း ရေနစ်မြုပ်ဧရိယာကျယ်လာတဲ့အတွက် ကူညီကယ်ဆယ်ရေးပိုင်းမှာ လိုအပ်ချက်တွေများလာပြီး ရေနစ်မြုပ်နေရာတိုင်းကို ရောက်ဖို့ ကြန့်ကြာမှုရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲက ညောင်ဝိုင်းရွာ၊ ဒေါင့်ကြီးရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်လောက်က လူဦးရေ ၁၀၀၀ ဝန်းကျင်ဟာ ပိတ်မိနေပြီး ကုန်းမြင့်နေရာမှာ နေထိုင်နေရသလို သခွတ်ချောင်းအုပ်စု၊ ဝဲဒေါင့်ကျေးရွာမှာလည်း လူဦးရေ ၆၀ လောက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ ကယ်ဆယ်ရေးအဖွဲ့ တွေ မရောက်သေးတဲ့အတွက် ရေဘေးသင့်သူတွေ ဒုက္ခရောက်နေတာကြောင့် ဒီနေ့မှာ ထီးထာကရင်လူငယ်များပရဟိတဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး နှင့် ကူညီ ထောက်ပံ့ရေးတာဝန်ခံ စအိုင်ထီခန့် တို့အဖွဲ့က ကူညီကယ်ဆယ် ရွှေ့ပြောင်းဖို့ သွားရောက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ လေးမျက်နှာမြို့ကနေ အိုင်သပြုရွာကြီးကိုသွားရာလမ်းတလျှောက်လုံးမှာလည်း ရေလွှမ်းမိုးထားတာကြောင့် ကားသွားလို့မရတော့အထိဖြစ်နေတဲ့အပြင် ဒီကနေ့ ဩဂုတ် ၃ ရက်မှာဆိုရင် အိုင်သပြုနဲ့ ငသိုင်းချောင်းလမ်းပေါ်က လက်သမားရွာအနီးရှိတံတားတစင်း ပြိုကျပျက်စီးသွားတဲ့အပြင် ရွာဘက်တွေမှာလည်း ရေဝင်ရောက်မှုရှိနေတယ်လို့သိရပါတယ်။
အိုင်သပြုရွာထဲက ရပ်ကွက်တချို့မှာဆိုရင်လည်း ရေဝင်နေပေမယ့် နေအိမ်မှာပဲ နေထိုင်သူတွေအများအပြားရှိတာကြောင့် အစားအစာနဲ့အကူညီထောက်ပံ့တွေလိုအပ်နေတယ်လို့ သိရပါတယ် ။
” အိုင်သပြု ၊မန်းကျောင်းရပ်ကွက် ရွာအဆုံးပိုင်းတော်တော်အခြေအနေဆိုး ဒုက္ခရောက်နေပါတယ်။အများစုက လက်လုပ်လက်စားတွေ ဖြစ်လို့ အစားအသောက် ဆန်၊ ထင်းက အစခက်ခဲ‌‌နေပါတယ်။ အိုင်သပြုမှာ မန်း‌ကျောင်း ရပ်ကွက်က ရွာအဆုံးပိုင်းက ရေစဝင်တဲ့နေရာလည်းဖြစ်သလို အနိမ့်ဆုံးနေရာလည်းဖြစ်လို့ ရေက လူလက်တလံကျော်ပါတယ်။ အလှူရှင်တွေလာရင်လည်း ရွာအဆုံးဘက်ကိုရောက်အောင်လှူပေးစေချင်ပါတယ်။ ရွာတန်းကရှည်တော့ လှူတဲ့အဖွဲ့တွေလာရင်မသိကြလို့ပါ ။ဖုန်းလိုင်းမမိ ဖုန်းအားမရှိကြပါ။ အစားအသောက်ဆေးဝါး သောက်သုံးရေ အကုန်လိုပါတယ်။ မန်းကျောင်းမှာ ရွာခံအများစုနဲ့ စစ်ဘေးရှောင်တွေပါ။ ” လို့ ဒေသခံက ပြောပါတယ် ။
​လေးမျက်နှာမြို့နယ်အရှေ့ခြမ်းက ပြည်သူတွေမှာ ရေကြီးနစ်မြုပ်မှုကြောင့် ဒုက္ခရောက်နေသဖြင့် ကယ်ဆယ်ရေးစခန်းတွေမှာ ရွေ့ပြောင်းနေရချိန် လူစောင့်မရှိတဲ့ အိမ်တွေက ပစ္စည်းတွေ ခိုးယူခံရတာတွေရှိလာနေတယ်လို့ သိရပါတယ်။
ဒါကြောင့် လေးမျက်နှာမြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မြစ်ရေဆက်တိုးနေပေမယ့်လည်း အိမ်လုံခြုံရေးအတွက် စိတ်မချသဖြင့် မရွှေ့မပြောင်းဘဲ နေအိမ်မှာပဲ ဆက်နေထိုင်သူတွေရှိနေတဲ့အတွက် အဲဒီလို နေထိုင်သူတွေအတွက် စားစရာတွေ သောက်ရေသန့် အကူညီတွေ အများအပြားလိုအပ်နေတယ်လို့ သိရပါတယ်။
သူခိုးတွေဟာ အဆိုပါ ဒေသမှာ လက်ရှိဖြစ်နေတဲ့ ဖုန်းလိုင်းမမိခြင်း ၊ညဘက် လူမရှိခြင်း ကိုအခွင့်ကောင်းယူပြီး ညဘက်တွေမှာ ကယ်ဆယ်ရေးလှေအဖြစ် ပုံဖျက်ပြီး နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
” အမှတ် ၃ ရပ်ကွက်မှာဆိုရင် အိမ်တွေဖောက်ပြီးခိုးထားကြတယ် ။ ကျန်တဲ့ရပ်ကွက်တွေလည်း ခိုးတာတွေရှိနေတယ်သိရတယ်။ ခိုးတဲ့သူတွေက ညဘက်ကျမှ အေးအေးဆေးဆေးဝင်ခိုးကြတဲ့ပုံ ဖြစ်နေတယ်။.ရေကြီးနေတော့ညဘက်က လူပြတ်တယ်လေ ။ အဲဒီသူခိုးတွေကြောင့် အခုအိမ်စောင့်အဖြစ် နေနေကြတာ ။ ရေကြီးလို့ အိမ်အောက်ထပ်မြုပ်ရင် အပေါ်ထပ်မှာ ရသလောက်နေနေကြတယ်။ ရေဘေးဒုက္ခရောက်ပါတယ်ဆို သူခိုးကကြောက်ရပြန်တယ်။” လို့ ဒေသခံက ပြောပါတယ် ။
ဒါကြောင့် မရွှေ့မပြောင်းဘဲကျန်နေတဲ့ ရေဘေးသင့်သူတွေရဲ့ လုံခြုံရေးနဲ့ နေအိမ်တွေ ဖောက်ထွင်းခံရမှုကနေ ကာကွယ်နိုင်ဖို့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ညဘက်မှာ လှည့်ကင်းစီစဉ်ပြီး ဥပဒေစိုးမိုးရေး အမြန်ဆုံးလုပ်ဆောင်ပေးရန် ဒေသခံတွေက တောင်းဆိုမှုတွေရှိနေ ပါတယ်။
လေးမျက်နှာမြို့နယ်အရှေ့ခြမ်းမှာ ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေတာကြောင့် ပြည်သူတွေရေဘေးသင့်ပြီး အကူအညီတွေ လိုအပ်နေသလို လေးမျက်နှာမြို့နယ် အနောက်ခြမ်းမှာ ရှိတဲ့ ဒေသခံပြည်သူတွေမှာလည်း စစ်ရေးအခြေအနေကြောင့် အစားအစာ ဝယ်ယူရခက်ပြီး ဒုက္ခရောက်နေတယ်လို့ သိရပါတယ် ။
အရင် ရေမကြီးခင်ကဆိုရင် လေးမျက်နှာမြို့နယ်အနောက်ခြမ်းက ပြည်သူတွေဟာ အရှေ့ဘက်ခြမ်းကို လာရောက်ပြီး စားနပ်ရိက္ခာအပါအဝင် စတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူရတာဖြစ်ကြောင်း အခုရေကြီးနစ်မြုပ်နေတာကြောင့် သွားလာဖို့ခက်ခဲသွားတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲ ရှိပြီး အကူညီလိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” လေးမျက်နှာ အနောက်ခြမ်းကရွာတွေအနေနဲ့ကလည်း အရှေ့ဘက်မှာ ရေကြီးနေပြန် ၊ အနောက်ဘက်က နယ်မြေအခြေနေကြောင့် သွားမရတော့ သူတို့လည်း စားရေးသောက်ရေး တော်တော်ခက်ခဲကြပါတယ် ။ အဲဒီ ဘက်က လူတွေ ပိတ်မိနေပါတယ် အနောက်ဘက်က လည်း စစ်ဖြစ်နေပါတယ် အရှေ့ဘက်ခြမ်းမှာလည်း တာကျိုးလို့ အလယ်မှာ ပိတ်မိနေပါတယ် စျေးဝယ်လိုမရတော့တာပါ။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိလေးမျက်နှာမြို့နယ်အရှေ့ခြမ်းမှာ ငဝန်မြစ်ရေကာ တာကျိုးပေါက်မှုကြောင့် မြို့ပေါ်ရပ် ​ကွက် ၅ ခု၊ ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၃ ၁၅၈ လုံး၊ အိမ်ထောင်စု ၃၂၁၅ စု၊ လူဦးရေ ၁၄ ၀၅၆ ယောက် ရေဘေးသင့်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားရှိတယ်လို့ ဩဂုတ် ၂ ရက်နေ့ အစိုးရထုတ်ပြန်တဲ့ စာရင်းအရသိပါတယ်။
ဓာတ်ပုံ – လူမှုကူညီရေး အသင်းများ

Related posts

Leave a Comment

VOM News

FREE
VIEW