ဆူးငှက်
အလှူအတွက် အဆင်သင့်ဖြစ်ပြီ
———————————
အလှူမတိုင်မီ နောက်ဆုံးပြင်ဆင်မှု အနေနှင့် တပို့တွဲ လဆန်း၁၄ရက်နေ့မှာ တောင်လေးလုံး ကျောင်းတိုက်သို့ တစ်ခေါက်သွားကြသည်။ ဆရာတော်ဦးပညာက ဘုန်းကြီးဆွမ်းကပ်ရန်နှင့် ပရိတ်နာရေစက်ချဖို့ ပြင်ဆင်ထားသည်များ နှင့် ထမင်းကျွေးမည့် ဆွမ်းစားဆောင်နေရာများကို ပြသည်။ အလှူပွဲကျင်းပမည့် အောင်ခြင်းရှစ်ပါး ဓမ္မာရုံအတွင်း မောင်ရှင်လောင်း စင်နှင့်အတူ ခင်းကျင်း ပြင်ဆင်ထားပြီးပြီ။ အိုးသူကြီးချောင်ကို ဦးသောင်းစိန်က တာဝန်ယူထားသကဲ့သို့ ဆွမ်းကပ် ရေစက်ချ အလှူအခမ်းအနားများအတွက် ဆရာတော်၏ ညီများဖြစ်ကြသည့် ဦးစိန်ထွန်းနှင့် ဦးညွန့်မောင်တို့က တာဝန်ယူထားသည်။ ထို့ပြင် ဆရာတော်၏ တပည့် ဦးဇင်းဌေးကလည်း ဆရာတော့်ကိုယ်စား လိုအပ်သမျှ ဆောင်ရွက် ထားပြီးပြီ။
ဒီနေ့ တောင်လေးလုံး ကျောင်း တိုက်သု့ိ လာစဉ် ဆရာညိုထွန်းလူက တာရဲတန်းရုှိ သူ့အိမ်က ထွန်းစတိုးကို ဝင်ပြီး ဇနီး မဘီး ထံက ရှင်ငယ်သင်္ကန်း ၂စုံနှင့်အတူ ဓမ္မာရုံမှာဆင်ဖို့ ဆတ်တွန့်ရောင်စုံ စက္ကူတွေ စက္ကူပန်းခက်တွေ ယူခဲ့သည်။ ကျွန်တော်တို့ ရောက်မှပဲ ဓမ္မာရုံထဲမှာ ဆတ်တွန့် ရောင်စုံစက္ကူတွေ ဆင်ကြသည်။ စောင်းမူမူသိန်း တီးဝိုင်းအတွက် ဓမ္မာရုံ ခြေရင်းအပြင်မှာ စင်ထိုးဖို့ စီစဉ်ကြသည်။ မူမူသိန်းအဖွဲ့ကလည်း ပွဲကူးရာက မနက်စောစော တောက်လျှောက် ရောက်ကြမှာတဲ့။
ဆရာတော်ကတော့ ကျောင်းရှေ့ စက္ကူပန်းရုံ စင်အောက်မှာ သီတင်းသုံးရင်း နက်ဖြန် မင့်အလှူက လူစုံမှာကွ၊ ဒီနေ့ကိုပဲ ဒို့ဆီ လာနေကျ ဖောက်သည်က သတင်းကြားလို့ထင်ပါရဲ့ နက်ဖြန် ဒကာမကြီး လာမှာလား ဘယ်သူတွေ လာကြဦးမှာလဲလို့ စာရင်းလာကောက်နေပြီမောင် တဲ့။ ထိုစဉ်ကာလ တောင်လေးလုံးတွင် ကျင်းပသော ပွဲမှန်သမျှက ထိုလာနေကျ ဖောက်သည်များက လူစာရင်းသာမက ကျင်းပသည့် အစီအစဉ်တို့ကို အပြည့်အစုံ ရေစ္စတြီလုပ် မှတ်တမ်းတင် သတင်းပို့ခြင်းက ထုံးစံ ဖြစ်နေပါပြီ။ ဆရာတော့်မှာ သူတို့မေးသမျှ မြန်းသမျှ ဖြေကြားပြီး ထမင်းပါ ကျွေးလွှတ် လိုက်ရသည်ချည်း ဖြစ်သည်။
မုံရွာအမျိုးတွေလည်း ရောက်ကြပြီ
————————————-
ထိုနေ့ အိမ်ပြန်ရောက်တော့ မုံရွာက မမခင်ရီနှင့် ကိုလှဘော်လည်း ရောက်နေကြပြီ။ မမခင်ဝင်းလည်း ရောက်နေပါပြီ။ ကိုမောင်ဝင်းကတော့ မနက်စောစောမှ ရောက်လာမယ်တဲ့။ ငွေငန်းက ညီအသ်မတတွေလည်း လာကြမယ်တဲ့။ ခင်သော်ဇင်ကတော့ သူ့သား မောင်ရှင်လောင်း ၂ယောက်နှင့် သူ့ကို မိတ်ကပ်တင်ထွေးက ပြင်ပေးမှာတဲ့။ ကိုတင်ထွေးက မိတ်ကပ်ဖိုးမယူဘူး ကူမှာတဲ့ဟု ပြောပြသည်။ မိတ်ကပ်တင်ထွေးကလည်း အရှေ့ဘက် ၇၅လမ်းမှာ ဆိုင်ဖွင့်ထားကာ ကျွန်တော်တို့နှင့်က ညီအစ်ကိုတွေလို ဖြစ်နေသည်။ အရင်က လူစုံလျှင် ချွတ်ခနဲဆို မျက်ရည်လေးစမ်းစမ်းနှင့် အဘကိုသတိရနေတတ်သည့် အမေက သည်တစ်ခါ အတော်တည်ငြိမ်နေသည်။ “သြော်.. မောင်ပေါလူ ရှိသေးရင်..” ဟုပင် မတမ်းတ။ သူ့မြေး၂ယောက်အတွက် ပီတိက လွမ်းဆွတ် ဖွယ်ရာများကို ဖုံးလွှမ်းသွားပုံရသည်။
ထိုညက လှဂုဏ်ရည် ကိုကျော်ဝင်းနှင့် ဇနီး မမဒွဲဘူတို့လည်း ရောက်လာကာ အလှူအတွက် မှတ်တမ်းဗီဒီယိုနှင့် ဓာတ်ပုံကို အစအဆုံး ကူညီရိုက်ကူးပေးမည်ဟု ပြောသည်။ ထို့ပြင် စာအုပ်ငှားနေကျ ဖောက်သည် ဓာတ်ပုံ ကိုရန်နိုင်(ရတနာ) က လည်း ထိုညကတည်းက အိမ်မှာရောက်လာပြီး သူ့ကင်မရာနှင့် မှတ်တမ်းတင်ပေးနေပါပြီ။ တစ်ရပ်တည်းနေ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) လည်း ရောက်လာကာ မနက်တွင်သူ့အစီအစဉ်နှင့် သူလာပါမည်။ ဘိသိက်အစီအစဉ်အတွက် အစအဆုံးစီစဉ်ပေးပါမည်၊ မူမူသိန်းနှင့်က စောင်းဦးမြင့်မောင်ထံတွင် ဆရာတူ တပည့်မို့ အချိတ်အဆက်ရှိပါသည်ဟု လာပြောလို့ အားနာနေရ၏။
၁၃၅၈ခုနှစ်၊ တပိုတွဲ လပြည့်နေ့
———————————
ကိုင်း.. တပို့တွဲ လပြည့်နေ့တဲ့၊ အလှူနေ့ရောက်ပြီ။ လွန်ခဲ့သည့် တစ်လကမှ ဆုံးဖြတ်လိုက်သည့် အလှူက အခုတော့ ချောမွေ့စွာ ဆင်နွှဲနိုင်ပါပြီ။ ဆရာတော်၊ ဒေါ်ဒေါ်နှင့် ဆရာသမား မိတ်ဆွေများ ကျေးဇူးကြောင့် အခုထိ ကျွန်တော့်ရှိစုမဲ့စု ပိုက်ဆံလေး မကုန်သေးဘဲ အလှူပွဲ စတင် နိုင်ပါပြီ။ ကျွန်တော်ကတော့ ကိုညိုထွန်းလူ မောင်းသည့် ကြံတိုင်းအောင် လင့်ရိုဘာဖြင့် ခပ်စောစောပဲ တောင်လေးလုံးကျောင်းတိုက်သို့ သွားနှင့်သည်။ အိမ်က အမေနှင့် ခင်သော်ဇင် တို့က မောင်ရှင်လောင်း ၂ယောက်နှင့်အတူ မမခင်ရီတို့ကားနှင့် လာကြမည်။ ကျောင်းမှာရောက်တော့ ကျွန်တော် စိုးရိမ်နေ သလိုမဟုတ်ဘဲ စောင်းမူမူသိန်းအဖွဲ့က စင်ပေါ်တွင် အကျအနပြင်ဆင်ပြီးရုံမက အဖွဲ့သားအားလုံး ကလည်း ဝတ်စားပြင်ဆင်ကာ အဆင်သင့် ဖြစ်နေပါပြီ။ ဆရာတော်က သူတို့ အဖွဲ့ကို ထမင်းပင် ကျွေးထားနှင့်ပါပြီ။ ထို့ကြောင့် ဓမ္မာရုံထဲတွင် ဘူးသီးကြော်၊ လက်ဖက်နှင့် ရေနွေးကြမ်းသောက်နေကြသော စောင်းမူမူသိန်း၊ သူ့အစ်မနှင့် သူ့အဖွဲ့ကို သွားရောက် နှုတ်ဆက်ရသည်။
မနက် ၈နာရီလောက်တွင် အမေတို့လည်း ဆွေမျိုးသားချင်းများနှင့်အတူ ကား၃စီးနှင့် ရောက်လာကြပြီ။ ကားပေါ်က ဆင်းလာသည့် မောင်ရှင်လောင်းဝတ်စုံနှင့် သား၂ယောက်ကို မြင်လိုက်ရချိန် စောင်းမူမူသိန်းအဖွဲ့က အောင်စေပိုင်စေ သီချင်းကို သီဆိုတီးခတ်လိုက်တော့ ကျွန်တော့်ရင်ထဲ လှိုက်သွားသည်။ မောင်ရှင်လောင်း ဝတ်စုံလေးတွေနှင့် သား၂ယောက်က ဘီးဆံထုံးနှင့် ပုဝါစုံချနှင့် ရင်ဖုံးအင်္ကျီနှင့် ချိတ်ထဘီနှင့် အမြင်ဆန်းနေသော သူ့အမေကိုကြည့်ကာ ဘယ်ခြေလှမ်းလှမ်းရမလဲ မသိဖြစ်နေကြတော့ လှဂုဏ်ရည်က ဗီဒီယို ရိုက်သည့် ကိုစိန်လွင်က ကျောင်းပေါက်မှသည် အမေကြီး က ဦးဆောင်ပြီး ဦးလေးများ အဒေါ်များနှင့်အတူ အလှူ့ဒကာ အလှူ့အမတို့က မောင်ရှင်လောင်း၂ယောက်နှင့်သ ဝင်လာကြဖို့ စီစဉ်ပေးသည်။ ဒါနှင့် ကျွန်တော်လည်း ခင်သော်ဇင်နှင့် ယှဉ်ရပ်လိုက်တော့ ဗီဒီယိုဆရာက အလှူ့ဒကာ အလှု့အမနှင့် မောင်ရှင်လောင်းများက အမေကြီးနောက်က လာကြပါဟု လှမ်းခေါ်လိုက်၏။
အောင်ခြင်းရှစ်ပါးဓမ္မာရုံထဲက အလှူအခမ်းအနား
————————————————–
ကျောင်းပေါက်က ဓမ္မာရုံထဲ အဝင်မှာပင် ဧည့်သည်တွေ ရောက်လာကြပါပြီ။ ဓမ္မာရုံထဲမှာလည်း ဆွေမျိုးတွေ ရောက်နေ ကြပြီ။ မောင်ရှင်လောင်း၂ယောက်ကို စင်ပေါ်မှာ နေရာချပြီး မမခင်ဝင်းနှင့် သမီးဖြစ်သူ မရွှေစင်ဇော်ဝင်းတို့က ထမင်းချော့ကျွေးနေကြသည်။ ကလေးတွေက မနက်၄နာရီလောက် ကတည်းက အိပ်ရာထကြပြီး ဘာမျှမစားခဲ့ကြ ရသေးဘူးတဲ့။ ကျွန်တော်က ဆွေမျိုးများကိုနှုတ်ဆက်ပြီး ဆွမ်းစားကျောင်းဘက်မှာ ဧည့်သည်များကို ကျွေးမွေးဧည့်ခံဖို့ ထွက်လာတော့ ဆရာတော့်ကျောင်းထဲမှာ ဆရာကြီးဒေါက်တာသန်းထွန်း ရောက်နေပါပြီ။ ဆရာကြီးရှေ့မှာ ဝက်အူချောင်းကြော် ပန်းကန်လည်း ရောက်နေပါပြီ။ ဆရာကြီးကို ကျွန်တော်က ဂါရဝပြုနှုတ်ဆက်ရင်း ထမင်းသုံးဆောင်ဖို့ ဖိတ်တော့ တော်ပြီ၊ ဝက်အူချောင်းကြော်ပါရင် ထမင်းမလိုဘူးဟု ပြုံးပြုံးကြီးသြေပာရင်း ဒေါ်အမာကို စောင့်ဦးမယ် ဟု ပြော၏။ ဟော.. အင်းဝက ဆရာ၂ပါးဟု ကျွန်တော်တို့က ဂါရဝထားရသည့် ဆရာကိုလေး(အင်းဝဂုဏ်ရည်) နှင့် ဆရာ ကြည်အောင်တို့လည်း ဆိုင်ကယ်လေးနှင့် ရောက်လာကြပြီ။
ဟော ဆရာမြသောင်း(မြောက်ပြင်)၊ ဟော ဆရာနတ်မောက်ထွန်းရှိန်၊ ဟော နဂါးကိုထွန်းဦး၊ ဟော ကိုမျိုးဝင်း (မဟာနန္ဒာ)၊ ဟော ဆရာမောင်ဘနောက်၊ ဟော ပန်တျာမဌေးဌေးမြင့်၊ ဟော မေမောင်၊ ဟော မဝင့်(မြစ်ငယ်).. ။ တောင်လေးလုံးမှာ ကျင်းပသည့်ပွဲမို့ ဖိတ်စာကမ်းစရာမလို စာပေ သဘင် ပန်းချီ ဂီတ အနုပညာရှင်တွေ စုံလှ၏။ ဟော ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) လည်း ရောက်လာပြီ။ ဆရာဦးမျိုးခင်တို့ ဇနီးမောင်နှံက ရောက်သည်နှင့် အိုးသူကြီးချောင်ဝင်ပြီး ဦးသောင်းစိန်ကို လောက်လောက်ငှငြှဖစ်ဖို့ မှာကြားနေသည်။ ဆရာညိုထွန်းလူ ဆရာ သိုက်ထွန်းသက် ကြံတိုင်းအောင် ကိုအောင်မင်း ဒေါက်တာစောလှခိုင်တို့က ကျောင်းအဝင် စက္ကူပန်းရုံအောက်မှာ ထိုင်ရင်း လာသမျှဧည့်သည်တွေကို ဆွမ်းစားကျောင်းဘက် လမ်းညွှန်ကြသည်။ ဆွမ်းစားကျောင်းမှာ ထမင်းစားပြီးလျှင် မြောက်ဘက်က အောင်ခြင်းရှစ်ပါး ဓမ္မာရုံထဲသို့ အချိုပွဲ သုံးဆောင်ကြဖို့လည်း ဆော်သြနေကြ၏။ ဒီဆရာများက အလှူမဏ္ဍပ်ပေါက်က အောင်ပန်းကမ်း အပျိုလေးများ၏အလုပ်ကို သူတို့မပါတော့ ကူလုပ်ပေးနေခြင်းဖြစ်ပါ၏။
ဒေါ်ဒေါ်လည်း ရောက်လာပြီ
——————————
ထိုစဉ် ဒေါ်ဒေါ်လူထုဒေါ်အမာက သမီးမမဒေါ်တင်ဝင်း နှင့်အတူ မိသားစုနှင့် ရောက်လာသည်။ ဒေါ်ဒေါ်က စာပေဆွေမျိုးတွေ အစုံအလင်တွေ့ရလို့ ပျော်နေသည်။ ဒေါ်ဒေါ်တို့ ထမင်းစားတော့ ကျွန်တော်တို့ဇနီးမောင်နှံ၊ မမခင်ရီ မမခင်ဝင်းလည်း ရောက်လာပြီး ဒေါ်ဒေါ့်ကိုနှုတ်ဆက်ကြသည်။ ဒေါ်ဒေါ်က အစ်မတို့ မိသားစုတွေအကြောင်း မေးမြန်းသည်။ အထူးသဖြင့် ဒေါ်ဒေါ်က မမခင်ဝင်း၏ အိမ်သား ဦးဇော်ဝင်းဆုံးပါးပြီး မမ၏ နေရေးထိုင်ရေးနှင့် မမသမီးကြီး ၁၀တန်းကျောင်းသူ မရွှေစင်ဇော်ဝင်း အထိန်းသိမ်းခံရသည်များကိုပါ မေးမြန်းအားပေးသည်။ ဒေါ်ဒေါ်က ထမင်းစားပြီး ဆရာတော့် ကျောင်းထဲ သွားကာ ဆရာကြီးဒေါက်တာသန်းထွန်းနှင့် စကားပြောသည်။ ဓမ္မာရုံထဲသို့လည်း ဝင်ကာ ကျွန်တော့်အမေကိုနှုတ်ဆက်ရင်း ဘူးသီးကြော်နှင့် လက်ဖက်စားကာ မောင်ရှင်လောင်းလေးတွေကို သဘောကျနေသည်။ စောင်းမူမူသိန်း တီးဝိုင်းကလည်း မဟာဂီတသီချင်းကြီးများအပြင် နန်းတော်ရှေ့ဆရာတင် ဆရာညှာ မြို့မငြိမ်းတို့ သီချင်းများ သီဆိုတီးခတ်ဖျော်ဖြေနေ၏။
ဓမ္မာရုံထဲမှာ ဒေါ်ဒေါ်ရောက်နေချိန် ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ ဆရာစိုးနိုင် (မန္တလေးတက္ကသိုလ်) တို့က ဧည့်ခံစကားပြောကြသည်။ ဆရာမောင်သစ်လွင်(လူထု)နှင့် ရွှေဝတ်ရည် အစ်မကြီး မေသျှိသျားတို့လည်း ရောက်လာတော့ ဆရာ နတ်မောက်ထွန်းရှိန်နှင့် အတူ ဒေါ်ဒေါ့်ဘေး ဝင်ထိုင်ကြလို့ ဒေါ်ဒေါ်က ဒို့လူစုံပြီ ကိုလှပဲလိုတော့တယ်ဟု အရွှန်းဖောက်သော်လည်း ဝမ်းနည်းသံပါနေသည်။ ကျွန်တော်က နောက်ထပ် ရောက်လာသည့် ဧည့်သည်များကို အလစ်လပ်ရအောင် ဆွမ်းစားကျောင်းထဲသွား၍ ဧည့်ခံရင်း လာသမျှ ဧည့်သည်များအား နှုတ်ဆက်နေရသည်။ ဓမ္မာရုံထဲလည်း ဧည့်က အပြည့်၊ ဆွမ်းစားကျောင်းထဲလည်း ဧည့်က အပြည့်၊ ထို့ပြင် အတော်များများကလည်း ထိုင်နေကျ စက္ကူပန်းရုံအောက်က ကွပ်ပျစ်နှင့် တန်းလျားပေါ်ထိုင်ကာ ရပ်ကာ စကားတွေပြောနေကြသည်။
မောင်ရှင်လောင်းလေးတွေ အမှတ်တရဖြစ်အောင်
————————————————
ဝင်လာသည့် ဧည့်တွေက မစဲမို့ ကျွန်တော်နှင့် ခင်သော်ဇင်က ဆွမ်းစားကျောင်းထဲ စာပွဲစေ့ နှုတ်ဆက်ရင်း လိုသည့် ထမင်းဟင်းလိုက်ဖြည့်ရင်း ဧည့်ခံနေခိုက် အလှူ့ဒကာရှိလား အလှူ့ဒကာရှိလားဟူသော အသံကြောင့် ဧည့်သည်များလားဟု ဆွမ်းစားကျောင်း အဝင်ပေါက်က အသံလာရာဆီ လှမ်းကြည့်မိသည်။ ကျွန်တော့် အသိတော့ မဟုတ်၊ သို့သော် အလှူအတန်းမို့ လာသမျှက ကိုယ့်ဧည့်သည်ပဲမို့ ကြွပါဗျ၊ အထဲဝင်ပါ၊ အထဲကြွပါ ထမင်းသုံးဆောင်ဖို့ ကြွပါဟု ဖိတ်ခေါ်လိုက်သည်။ ထိုဧည့်သည်က ရပါတယ်ဗျ၊ ရပါတယ်၊ အလှူ့ဒကာကြီးရဲ့ မောင်ရှင်လောင်းတွေကို ဆင်နဲ့ အလှူလှည့်လိုက လှည့်လို့ရပါတယ်။ ဆင်စာဖိုးပဲပေးပါ၊ တောင်သမန်အင်း ပတ်လမ်းအတိုင်း ရှင်လောင်းတွေကို တင်ပြီး လှည့်ပေးပါ့မယ်ဗျ တဲ့။ ကျွန်တော်က အံ့အားသင့်သွားသည်။ ကျောင်းပေါက်မှာ လူတွေ ကလေးတွေ ရုံးစုရုံးစုနှင့် စည်ကားနေသည်။ ကျွန်တော်က ကျောင်းရှေ့ကို ထွက်ကြည့် လိုက်တော့ လမ်းပေါ်တွင် ကကြိုးတန်ဆာ အစုံအလင်နှင့် ဆင်ကြီး၃ကောင်ရောက်နေသည်။ စောစောက လာပြောသူက ဆင်ဦးစီးဖြစ်သည်။
သည်ဆင်ကြီးတွေက မကြာမီ ဆင်ဖြူကန်ကွင်းမှာ နိုင်ငံတော်အဆင့် ကျင်းပမည့် ပွဲတစ်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် ဝင်းခင်း လှည့်လည်ရန်အတွက် ပုထိုးတော်ကြီးဘုရားဝင်းအတွင်း လွန်ခဲ့သည့် အပတ်ကတည်းက စခန်းသွင်း လေ့ကျင့်နေသည့် ဆင်၃စီး တဲ့။ ဒီနေ့ ထိုဆင်၃စီးကို ကကြိုးတန်ဆာ အစုံအလင် ဆင်ယင်ပြီး ပုထိုးတော်ကြီးမှ ဦးပိန်တံတားထိပ်ထိ လမ်းလျှောက် လေ့ကျင့်ကြသည်။ ထိုစဉ် တောင်လေးလုံးကျောင်းတိုက်အတွင်း အလှူရှိတာ မြင်သောကြောင့် မောင်ရှင်လောင်းလေးတွေ ဆင်ပေါ်တင်ကာ လှည့်ပေးလိုခြင်း ဖြစ်သည်။ ထိုအတွက် ဆင်စာဖိုး ၃ထောင်ပဲ ပေးပါတဲ့။ ကိုင်း.. အခန့်သင့်လိုက်လေ။
သို့သော် ဧည့်သည်တွေကလည်း ဧည့်ကျချိန်မို့ အင်းပတ်လမ်း တလျှောက် ဆင်နှင့် လှည့်ရန် အချိန်မရတော့ပေ။ ထို့ကြောင့် ကျောင်းပေါက်မှာပဲ မောင်ရှင်လောင်း၂ယောက်ကို ဆင်၂စီးပေါ်တင် မိဘများခြံရံကာ ဓာတ်ပုံမှတ်တမ်း ဗီဒီယို မှတ်တမ်းပဲ ရိုက်လိုက်ပါ၏။ ထိုသို့ရိုက်ကူးအပြီး ဆင်ဦးစီးကို ဆင်စာဖိုး ၃ထောင်ပေးတော့ “ဟာဗျာ.. လှည့်မှ မလှည့်ဖြစ်ဘဲ မယူပါရစေနဲ့ဗျာ၊ ကျွန်တော်တို့က ကြုံကြိုက်လို့ မောင်ရှင်လောင်းလေးတွေ အမှတ်တရဖြစ်အောင် ကုသိုလ်ယူတာပါ” တဲ့။ ကျွန်တော်က အတန်တန်ငြင်းနေသော ဆင်ဦးစီးအိတ်ထဲကို ပိုက်ဆံ တစ်ထောင် ဇွတ်ထည့် ပေးလိုက်ပါတော့သည်။
မောင်ရှင်လောင်းလေးတွေကို ကကြိုးတန်ဆာအစုံ ဆင်တွေနှင့် ဓာတ်ပုံရိုက်အပြီး မကြာမီ ဘိသိက်အခမ်းအနား စတင်တော့မှာမို့ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က ဘိသိက်ခန်းအဆောင်အယောင်များကို ပြင်ဆင်နေပါပြီ။ ထိုသို့ ပြင်ဆင်နေစဉ် စောင်းမူမူသိန်းက “ အလှူ့ဒကာကြီးက ဦးကျော်ဆန်းပါ၊ အလှူ့အမကြီးက ဒေါ်ခင်သော်ဇင် မောင်မယ် နှစ်ဖြာ၊ သားရတနာ မောင်သူရိန်ထွန်းနဲ့ မောင်အောင်ပိုင်စိုး အလှူတော်မဟာ၊ သာမဏေရ ပပ္ပဇ္ဈ ၊ ချီးမြှောက် သာသနာ၊ အောင်စည်ဟိန်းလို့ ဘိသိက်တော်ဆက်၊ သွန်းလောင်း မင်္ဂလာ..” ဟု သီချင်းကို စည်ရွန်းကာ သီဆိုတော့ ကျွန်တော်လည်း မောင်ရှင်လောင်းလေးတွေကို လှမ်းကြည့်ရင်း အဘ ကို သတိရနေသည်။
အလှူမှာ အဘကို သတိရ
—————————
နစ္စဂီတ ဝါသနာပါလှသော အဘက သူ့မြေးလေးတွေအလှူမှာ ဆိုင်းသံကြားရုံနှင့် ကျေနပ်နေမှာ သေချာသည်။ ကျွန်တော်က တွေးတောနေစဉ် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က ဘိသိက်တော်ဆက် သိုရင်းဖြူ၊ ကတ္တီပါစလွယ်၊ ပိုးခေါင်းပေါင်း၊ တောင်ရှည် ပုဆိုးနှင့် ဓမ္မာရုံ အပြင်ဘက်မှာ အဆင်သင့် ဖြစ်နေပါပြီ။ ဆရာက ကျွန်တော်တို့ ဇနီးမောင်နှံနှင့် မောင်ရှင်လောင်းတွေကို လှမ်းခေါ်ပြီး သူ့နောက်မှာ တန်းစီ နေရာယူစေသည်။ ဓမ္မာရုံအတွင်း မိခင်ကြီးနှင့်အတူ အလှူ့အမ၏ မိခင်နှင့် ဆွေမျိုးများ ကျွန်တော့် အစ်မ အစ်ကိုနှင့် ဆွေမျိုးများလည်း နေရာယူပြီးပါပြီ။ စောင်းမူမူသိန်း၏ သီချင်းအပြီး ဘိသိက်အခါတော်ဟု တီးဝိုင်းက အချက်ပေးလိုက်သည်နှင့် စောင်းမူမူသိန်းက မင်္ဂလာဗျောညွန့်ကို သီဆိုလိုက်သည်။
စောင်းသံနှင့်အတူ ဗျောသံတွင် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) ဦးဆောင်ကာ မောင်ရှင်လောင်း၂ပါး၊ အလှူ့ဒကာနှင့် အလှူ့အမတို့က ဓမ္မာရုံအတွင်း ဘိသိက်အခမ်းအနားအတွက် ခင်းကျင်းထားသည့် နေရာသို့ တစ်လှမ်းချင်း ဝင်ရ၏။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၏ စံနစ်ကျလှသည့် ဘိသိက်အဖွင့်ကို ရှေ့ဆုံးက အားပေး နေကြသော ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာကြည်အောင်၊ ဆရာမောင်ဘနောက်၊ ဆရာမြသောင်း (မြောက်ပြင်)တို့က အံ့အားတသင့် ဖြစ်နေကြသည်။ ဒါမှ ကိုယ့်လူဟု ဂုဏ်ယူနေကြသည့် မျက်နှာပေး ဖြစ်ကြသည်။ ကျွန်တော်က ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)၏ နောက်က “ မင်္ဂလာဗျောညွန့်” သီချင်းသံနှင့် အတူ ခြေလှမ်း မမှားအောင် လိုက်ရင်း သားမောင်ရှင်လောင်းတို့ ပုခုံးကို ကိုင်ကာ လှိုက်ခနဲ ဆို့တက်၍ မျက်ရည်ဖြိုင်ဖြိုင်ကျတာ ဣန္ဒြေပင် မဆည်နိုင်တော့။
ကဲ.. တစ်ခုတော့ အောင်ချေပြီ။
ဆူးငှက်
