ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ PV နဲ့ သွားမယ့်သူအများစု လေဆိပ်ကနေ လှည့်ပြန်နေရ

ဩဂုတ် ၂၄ – ၂၀၂၄
SN (VOM)
ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ သွားရောက်မယ့် လူငယ် အမျိုးသား၊ အမျိုးသမီးတွေ လေယာဉ်ပေါ် တက်ခွင့်မရဘဲ ရန်ကုန်လေဆိပ်မှ လှည့်ပြန်နေရတယ်လို့ ပြည်ပသွားမယ့်သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှ နိုင်ငံကူးလက်မှတ် PV ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပထွက်ခွာမှုတွေကို လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေမှာ စိစစ် တားမြစ်သွားမှာဖြစ်တယ်လို့ နစက က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဆီ သွားရောက်မယ့်သူတွေကို လေဆိပ်မှာ တားဆီးမှုတွေ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။
“လေဆိပ်မှာ အမေးခံရတဲ့ မေးခွန်းတွေက ဘယ်သွားမှာလဲ၊ ဘာသွားလုပ်မှာလဲ၊ အပြန်လက်မှတ်၊ Hotel booking နဲ့ Show money ပြခိုင်းတယ်။ လေဆိပ်က ဝန်ထမ်းတွေ ပြောတာကတော့ ဒူဘိုင်းသွားမယ့်သူ အယောက် ၁၀၀ မှာ အယောက် ၅၀ လောက် ပြန်လွှတ်ပြီးပြီတဲ့။ထိုင်းကတော့ အနည်းအကျဉ်းပဲ ပြန်လွှတ်ခံရတယ်တဲ့။ ဒီအချိန် ဘယ် လဝက (လူဝင်မှုကြီးကြပ်ရေး) ကမှ အလည်အပတ် ထွက်မယ်ပြောရင် မယုံကြတော့ဘူး။ သွားမယ့်နိုင်ငံအခြေအနေကို ကြည့်တယ်။ ဒီကထွက်နိုင်ဖို့က မလွယ်တော့ဘူး” လို့ ပြည်ပကို ထွက်ခွာခွင့် မရရှိလိုက်သူတယောက်က ပြောပါတယ်။
လက်တလော ရရှိတဲ့ သတင်းတွေအရ ဩဂုတ် ၂၁ ရက်ကစပြီး ပြည်ပကို PV နိုင်ငံကူးလက်မှတ်နဲ့ ပထမဆုံးအကြိမ် ထွက်ခွာမယ့် အသက် ၄၀ အောက် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ ထွက်ခွာမယ့်ရက် တရက်အလိုမှာ လေဆိပ်မှာ ကြိုတင် ဖောင်ဖြည့် အကြောင်းကြားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ထွက်ခွာမယ့်သူအတွက် အာမခံသူတယောက် လိုအပ်ကာ လက်မှတ်ထိုး တာဝန်ခံထားရမှာ ဖြစ်ပြီး ထွက်ခွာသူပြန်မလာပါက အာမခံသူက တာဝန်ယူဖြေရှင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
“အခုက ပြည်ပကို ပထမဆုံးအကြိမ် သွားမယ့်သူတွေကို ပိုပြီး တင်းကျပ်နေတာ။ တရက်ကို အယောက် ၂၀ ၊ ၃၀ လောက်ရှိတယ်၊ ပြန်လွှတ်နေတာ။ အသိတယောက်ဆို PV နဲ့ ပထမဆုံးအကြိမ်သွားဖို့လုပ်နေတာ။ လေဆိပ်ကနေ ပြန်လွှတ်ခံနေရတာ နှစ်ခေါက်ရှိပြီ။ စာအုပ်ကြည့်ပြီး PV ဆိုတာနဲ့ တန်းပြန်ခိုင်းတာ။ ကျောင်းသွားတတ်မယ်ပြောလည်း မရဘူး။ PV မှာ ခရီးသွားရာဇ၀င်ရှိပြီး အထောက်အထား ပြည့်စုံရင်လည်း အသက် ၃၅ နှစ်အောက်ဆိုတာနဲ့ ပြန်လွှတ်တယ်” လို့ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ လူငယ်တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ခွာခွင့် မရရှိသူတွေအနေနဲ့ ပြည်ပနိုင်ငံအသီးသီးကို တိုက်ရိုက်လေကြောင်း၊ တဆင့်ခံလေကြောင်းတွေနဲ့ သွားရောက်မယ့် လေယာဉ်လက်မှတ်ခ၊ ဟိုတယ်ခ အပါအဝင် တခြား ကုန်ကျစရိတ် ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနကတော့ အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ရယူပြီးမှသာ တရားဝင်အလုပ်သွားလုပ်ကြဖို့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက် ထွက်လာပြီးနောက်ပိုင်း အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ့ရော အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ပါ ပြည်ပထွက်ခွာမယ့်သူတွေကို လေဆိပ်မှာ ပိုပြီးတင်းကျပ်လာတာလို့ ပြည်ပထွက်ခွာမယ့်သူတွေက ပြောပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW