အရေးယူပေမယ့် ပြည်တွင်းမှာဆက်ရှိနေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှုများ

သြဂုတ် ၂၆ – ၂၀၂၄
KG(VOM)
လူမှုကွန်ရက်ကိုကျယ်ပြန့်စွာ အသုံးပြုပြီးအကောင့်တုများစွာဖြင့် ငွေကြေးလိမ်လည်ရယူကြတဲ့ အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ပြည်တွင်းမှာ များစွာကျန်ရှိနေသေးပြီး ပုံစံမျိုးစုံနဲ့ လိမ်လည်မှုတွေ ဆက်ရှိနေတယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ပြောပါတယ်။
အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်သူတွေဟာ နည်းလမ်းပေါင်းစုံဖြင့် လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့ဘွတ်စ်၊တယ်လီဂရမ်၊Viber နဲ့ WhatsApp တွေကိုအသုံးပြုပြီး တဖက်လူကိုယုံကြည်အောင် ပြောဆိုမက်လုံးပေးကာငွေကြေးတွေကိုလိမ်လည်ရယူနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကအကောင့်မျိုးစုံနဲ့လာအပ်ကြတာ၊အ ကောင့်တွေကိုပြုလုပ်ထားတဲ့ပုံစံကလည်း အတု၊အစစ်ခွဲဖို့ခက်ပါတယ်။သူတို့ကဖေ့ဘွတ်စ်အသုံးပြုနေတဲ့သူတွေကို အဓိကပစ်မှတ်ထားတယ်၊အကောင့်လိုက်အပ်တယ်။ပြီးရင်သူတို့က Messenger ကိုအသုံးပြုပြီးစာအရင်ပို့လာတယ်။Hi,မင်္ဂလာပါပေါ့၊ပြီးတော့ သူတို့ဘယ်သူပါ၊ဘယ်မှာနေတာပါဆိုပြီးမိတ်ဆက်တယ်၊တဖက်လူရဲ့ယုံကြည်မှုနဲ့ရင်းနှီးမှုရအောင်အရင်လုပ်ပြီးမှတဖက်လူကသူတို့စည်းဝိုင်းထဲရောက်ပြီ၊ပိုင်ပြီဆိုတော့မှ သူတို့ရဲ့လုပ်ငန်းစဥ်ကိုစတော့တာပါပဲ။ စလိမ်တော့တာပေါ့၊ကျွန်တော်တုန်းကဆိုစတော့ရှယ်ယာကစားဖို့ စပြီးဆွယ်တယ်။ ဘယ်လိုကစားရမလဲဆိုတာကိုလည်းသူတို့ကပြောပြတယ်၊ သင်ပေးတယ်။အစပိုင်းမှာတော့အမြတ်အစွန်းတွေကိုသူတို့ကပေးတယ်၊လွဲပေးနေတယ်။နောက်ပိုင်းငွေကြေးအရင်းအနှီးတွေများများထည့်ပြီးကစားဖို့ပြောတဲ့အခါမှာကျွန်တော်ကလည်းသူတို့ကိုမသင်္ကာလို့ငါဆက်မကစားတော့ဘူးဆိုပြီးရပ်လိုက်တာပါ။ဒါတောင်ကျွန်တော်ငွေနှစ်သိန်းလောက်သူတို့ဆီပါသွားပါတယ်”လို့ လိမ်လည်ခံလိုက်ရသူ ရန်ကုန်သားတယောက်က ပြောပါတယ်။
ကျားဖြန့်ဆိုတဲ့ ငွေကြေးလိမ်လည်ရယူသူတွေဟာ များသောအားဖြင့် မိန်းကလေးငယ်ငယ်ချောချော တွေအဖြစ် လူမှုကွန်ရက်များပေါ်မှာ ဟန်ဆောင်ထားကြပြီး လူတန်းစားအလွှာမရွေးပစ်မှတ်ထားလိမ်လည်ကြတယ်လို့ ဆိုပါတယ်။
ဒါအပြင် သူတို့ရဲ့ ကျားဖြန့်ဂိုဏ်းတွေအတွက်အလုပ်နေရာအတွက် လူရှာဖွေရာမှာလည်း လစာများစွာပေး အပ်မယ်လို့ မက်လုံးပေးကာရှာဖွေကြတယ်လို့ ကျားဖြန့်လုပ်ငန်းတွေမှာအလုပ်လျှောက်ထားဘူးသူတယောက်က အခုလိုဆက်ပြီး ပြောပြခဲ့ပါတယ်။
“သူတို့ဆီမှာအလုပ်လျှောက်တာနဲ့ English စကား ပြောတတ်လားဆိုတာကိုဖုန်းနဲ့ အင်တာဗျူးတယ်။ အဲဒီအင်တာဗျူးအောင်ရင် သူတို့စီစဥ်ပေးတဲ့ကားနဲ့ မြဝတီလာရတာပေါ့၊သူတို့ပေးတဲ့လစာကလည်းအတော်လေးမက်လောက်စရာဆိုတော့ တချို့တွေလည်းပါသွားကြတယ်၊လိုက်သွားကြတယ်။ကျွန်တော်ကအဲ့တုန်းကအင်တာဗျူးအောင်ပေမယ့်၊သူတို့ကိုမသင်္ကာတာနဲ့ရောသူတို့ပြောတဲ့ လုပ်ငန်းသဘောသဘာဝတွေကိုသဘောမကျတာနဲ့ပဲ အလုပ်မဝင်မိလိုက်ပါဘူး။ တကယ်ရ၊မရတော့မသိပါဘူး။သူတို့စစချင်းပေးတဲ့လစာက မြန်မာငွေ ၁၀ သိန်းကနေ သိန်း ၂၀ ပါ။အခုဆိုမြန်မာလိုပြောတတ်တာနဲ့တင်သူတို့ဆီမှာအလုပ်ဝင်လို့ရတယ်လို့ပြောပါတယ်”လို့ သူက ပြောပြပါတယ်။
လက်ရှိကာလမှာ ကျားဖြန့်ဂိုဏ်းတွေကို တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းနေသလို မကြာသေးမီလပိုင်းအတွင်းက တရုတ်နိုင်ငံကအလိုရှိနေတဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)စာရင်းမှာပါတဲ့ လူတွေကို ရရှိဖို့ စီမံချက်ချဖမ်းဆီးနေတယ်လို့ဆိုထားပြီး တပတ်အတွင်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ လူ ၁၀၀ ကျော်ဖမ်းမိထားတယ်လို့ သတင်းဌာနကြီးတွေရဲ့ ဖော်ပြမှုတွေအရ သိရပါတယ်။
လတ်တလောသတင်းတွေအရ ယခု ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းမှာပင် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်နေသော တရုတ်နိုင်ငံသား ၃၀၈ ကိုလည်း ‘ဝ’ ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့တယ်လို့ သတင်းထုတ်ပြန် ထားခဲ့ပါတယ်။
ဒါအပြင် ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှာ အခု ဩဂုတ်လ ၁၂ ရက်က ဝင်ရောက် ရှာဖွေတာနိုင်ငံပေါင်း ၁၅ နိုင်ငံက လူပေါင်း ၇၇၁ ယောက်ကို ဖမ်းမိတယ်လို့ လာအိုနိုင်ငံဘက်က သတင်းဌာနတွေကရေးသားဖော်ပြထားပါတယ်။
“ဒီဘက်တွေမှာဆို ကျားဖြန့်တွေအများကြီးရှိတာပေါ့။အခုနာမည်ကြီးနေတဲ့ရွှေကုက္ကိုလ်ပေါ့၊ အဲဒီမှာတော်တော်များများကကျားဖြန့်တွေချည်းပဲ။ ပြီးတော့အဲဒီနေရာကိုတော်ရုံလူဝင်၊ထွက်သွားလာဖို့ဆိုတာကလည်းမလွယ်ကူပါဘူး။ လက်နက်ကိုင်အစောင့်အရှောက်တွေလည်း အဲဒီဘက်မှာအများကြီးရှိတယ်။သွားချင်ရင်တောင်ကြိုတင်ချိတ်ဆက်ပြီးသွားရလာရတာပေါ့။အခုအထိလည်း အဲဒီဘက်တွေမှာကျားဖြန့်တွေလုပ်နေတယ်”လို့ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီမြို့ မှာနေထိုင်သူတယောက်က ပြောပါတယ်။
ဒီလိုအွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကိုတားဆီးနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး ပြည်သူလူထုကိုအသိပညာပေးတဲ့အလုပ်တွေနဲ့သာတားဆီးကာကွယ်ရမှာဖြစ်တယ်လို့ နည်းပညာရှင်ဘလော့ကာတယောက်က အခုလိုထပ်လောင်းပြောပြပါတယ်။
“အွန်လိုင်းကနေလိမ်လည်တာတွေကိုတားဆီးနိုင်ဖို့၊ထိန်းချုပ်နိုင်ဖို့ဆိုတာကခက်ပါတယ်။ဥပမာ ကျားဖြန့်ဆိုပါစို့၊ကျားဖြန့်ဆိုတာ ဘာလဲ၊ဘယ်လိုလုပ်ငန်းအမျိုးအစားလဲဆိုတာကိုပြည်သူတွေကိုအသိပညာပေးဖို့လိုတယ်။ ဒါကြီးကမကောင်းဘူးပေါ့၊ကျားဖြန့်တို့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာပြည်သူတွေမပါဖို့ ဒါကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးတာလေးတွေကိုများများလုပ်ဖို့လိုပါတယ်”လို့ သူက ပြောပြပါတယ်။
လက်ရှိကာလအထိအွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ပြည်တွင်းမှာများစွာကျန်ရှိနေသေးပြီး နည်းပေါင်းစုံနဲ့လိမ်လည်နေကြဆဲဖြစ်တယ်လို့လည်း ဖေ့ဘွတ်စ်အသုံးပြုသူများက ဆိုပါတယ်။
“အခုကျားဖြန့်က Viber ရော WhatsApp ပါ လာလိမ်နေတယ်။ လာအိုစာလား၊ ထိုင်းစာလား မဖတ်တတ်ဘူး။ အခုတလော ဒီလိုစာတိုလေးတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။အရင်တုန်းကတော့ ဥရောပတွေကိုလိမ်တာ အဲဒီနောက် အာရှနိုင်ငံတွေ။အခု မြန်မာတွေပါ ပါလာပြီ။ ပိုက်ဆံအရ နည်းတာများတာ အရေးမကြီးပဲ ရဖို့သာ လိုရင်းဆိုတာမျိုးတွေ ဖြစ်ကုန်ပြီထင်ပါတယ်”လို့ပြည်သူတယောက်က သူရဲ့ အမြင်ကိုမှတ်ချက်ပြု ပြောပြခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW