တောင်ငူမှာ ဆည်လွှတ်ရေနဲ့ တောင်ကျချောင်းရေတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေ

စက်တင်ဘာ ၁၂ – ၂၀၂၄
SN (VOM)
ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူမြို့နယ်နဲ့ အနီးကျေးရွာ အနိမ့်ပိုင်းနေရာတွေမှာ ဆည်လွှတ်ရေနဲ့ တောင်ကျ ချောင်းရေတွေကြောင့် မနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းမှစတင်ပြီး ရေစတင်နစ်မြုပ်နေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။
တောင်ငူမြို့အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကြက်လျှာစွန်း၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ မြင်းဖြူအင်း၊ မြို့ကြီးရပ် စတဲ့ ရပ်ကွက်တွေမှာ ရေစတင် ဝင်ရောက်နေတာဖြစ်ပြီး မိုးအဆက်မပြတ် ရွာသွန်းကာ ရေတိုးနှုန်း မြန်နေတဲ့အတွက် အရေးပေါ် ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
“တောင်ငူမှာလည်း ရေတိုးမြန်နေတယ်။ မြို့နယ်အတွင်းက ကျေးရွာ စုစုပေါင်း ၂၀ ထက်မနည်း ရေမြုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ လက်ရှိ ရေမဝင်သေးတဲ့နေရာတွေလည်း အချိန်ရတုန်း ပြင်ဆင် ပြောင်းရွှေ့ထားကြဖို့လိုတယ်။ ဘာမှမဖြစ်နိုင်ဘူးထင်ပြီး မပေါ့ကြပါနဲ့လို့ ပြောချင်ပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ တောင်ငူမြို့နယ်က အ.မ.က (၁)၊ ပေါ်တော်မူ၊ လောကုတ္တရာနဲ့ မြို့ကြီးရွာဦးကျောင်း စတဲ့ နေရာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
“ဆွာဆည်လည်း ရေလွှတ်ထားတယ်။ သောက်ရေခပ်ဆည်ကြီးလည်း ရေလွှတ်ထားတယ်။ အားလုံးက စစ်တောင်းမြစ်ထဲ စီးဝင်တာဖြစ်လို့ အနိမ့်ပိုင်းတွေ အန္တရာယ် ရှိပါတယ်။ အချိန်ရတုန်း ပြင်ဆင် ပြောင်းရွေ့ထားကြစေချင်ပါတယ်။ သောက်ရေခပ်ဆည်က ရေလွှတ်ပေါက် ငါးပေါက်လုံး ဖွင့်ထားရတယ်လို့ သိရတယ်။ အရင်ဆို သုံးပေါက်ပဲ ဖွင့်တာ။ ဆည်ကြီးထဲ ရေထပ်တိုးလာလို့ ရေတံခါး ထပ်ပြီးမြှင့်ရင် အောက်ဘက်တွေ ရေထပ်တိုးလာဖို့ပဲရှိတယ်။ တောင်ငူ ရေသတိထားဖို့ လိုအပ်ပါတယ်” လို့ ဆည်မြောင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်၊ မနက်ပိုင်း ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ စစ်တောင်းမြစ်ရေဟာ လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာ တောင်ငူမြို့ရဲ့ အထက်ဘက်မှာရော၊ အောက်ဘက်မှာပါ အဆိုးရွားဆုံးအခြေအနေ (Extreme Level) အထိ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း တောင်ငူမြို့မှာ သုံးပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆွာရေလှောင်တမံ ရေလျှံလာပြီး ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW