မြစ်လေးစင်း ရေကြီးနိုင်ခြေကြောင့် ပဲခူး၊ တောင်ငူ၊ ဘားအံနဲ့ မဒေါက် ဒေသခံတွေ သတိပြုကြဖို့လို

စက်တင်ဘာ ၁၂ – ၂၀၂၄
GG (VOM)
ပဲခူးမြစ် ၊ စစ်တောင်းမြစ်၊ သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး ထပ်မံ မြင့်တက်လာနိုင်ခြေကြောင့် ပဲခူးမြို့နယ် ၊ တောင်ငူမြို့နယ် ၊ ဘားအံမြို့နယ်နဲ့ မဒေါက်မြို့မှာနေတဲ့ ဒေသခံတွေအနေနဲ့ ရေကြီးရေလျှံ သတိပြုကြဖို့ မိုး/ဇလက သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပဲခူးမှာလည်း အနိမ့်ပိုင်းရပ်ကွက်တွေကိုမြစ်ရေတွေဝင်ရောက်နေသလို တောင်ငူမှာလည်း မြစ်ရေအတက်ကြမ်းလို့ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရပြီး ဘားအံမှာလည်း ရေဝင်ရောက်နေကာမြဝတီမြို့မှာလည်း ရေအတက်ကြမ်းလို့ကယ်ဆယ်ရေးတွေလုပ်နေရပါတယ်။
စစ်တောင်းမြစ်ရေက တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ ပေခွဲကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၂ ပေခန့် မြင့်တက်လာနိုင်သလို မဒေါက်မြို့ ရဲ့စိုးရိမ်ရေမှတ်ထက်လည်း ၂ ပေခွဲကျော်လွန်နေကာ နောက် ၁ ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။
ပဲခူးမြစ်ရေကလည်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၁ ပေ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာ နိုင်ကြောင်း၊ သံလွင်မြစ်ရေကလည်း ဘားအံမြို့ရဲ့စိုးရိမ်ရေမှတ် အထက် ၂ ပေခွဲ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ၂ ပေခွဲခန့် မြင့်တက် လာနိုင်တယ်လို့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။
သောင်ရင်းမြစ်ရေကတော့ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ် အထက် ၅ ပေခွဲ ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်းမှာ ၄ ပေခန့် ကျဆင်းလာနိုင်ပေမယ့်လည်း စိုးရိမ်ရေမှတ်အထက်မှာဆက်ရှိနေအုံးမယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ရေဆက်တိုးလာနိုင်တဲ့အခြေအနေကြောင့် တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ မဒေါက်မြို့ အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့နဲ့ မြဝတီ မြို့အတွင်းနေထိုင်သူတွေလည်း သတိပြုကြဖို့ မိုးဇလက သတိပေးထားပါတယ်။
” စစ်တောင်းမြစ်၊ တောင်ငူရဲ့ အထက်ဘက်မှာရော၊ အောက်ဘက်မှာရော EXTREME LEVEL အထိရေမြင့်တက်လာနိုင်တယ်ဆိုတဲ့ အခြေအနေက ကြောက်စရာပါဘဲ။ သတိထားကြပါလို့ပြောချင်တယ်။” လို့ ဦးဝင်းနိုင်ကလည်း ပြောပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသနဲ့ အနောက်မြောက်ပိုင်းဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်လက်တည်ရှိနေတယ်လို့လည်း မိုးဇလကအသိ ပေးထားပါတယ်။
အဆိုပါ လေပွေလှိုင်းရဲ့အရှိန်ကြောင့် ကပ္ပလီပင်လယ်ပင်လယ်အော်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေဆက်လက် အားကောင်းနိုင်ခြင်းကြောင့်ဒီနေ့ စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းကစပြီး ၁၅ ရက်နေ့အတွင်းမှာလည်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့သိရပါတယ်။
နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာလည်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ် ခြင်း ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်ထဲက တာချီလိတ်နဲ့ ကလော အပါမြို့နယ်အချို့မှာရေကြီးနစ်မြုပ်မှုတွေဖြစ်နေပြီး မြေပြိုခြင်း၊လူသေဆုံးခြင်း၊နေအိမ်တွေပျက်စီးခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေသလို နေပြည်တော်တပ်ကုန်း မှာလည်း ရေအတက်ကြမ်းလို့အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်နေရပြီး လူတွေရေစီးနဲ့အတူမျောပါပျောက်ဆုံးခြင်း၊ ပျော်ဘွယ်မြို့ မှာလည်းရေစီးနဲ့ အတူလူတွေမျောပါသေဆုံးတာတွေဖြစ်ပွားနေပါတယ်။
အလားတူ မန္တလေးတိုင်းထဲက မြို့နယ်တွေ၊ပဲခူးတိုင်းထဲက မြို့နယ်၊မကွေးတိုင်းထဲက မြို့နယ်တွေမှာလည်း မြစ်ရေတက်ပြီး ဆည်ရေတွေတိုးလို့ ဆည်အချို့ကရေတွေလွှတ်ချနေတာတွေလည်းရှိနေပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW