ရခိုင်မှာ မိုးစပါး ဧကခြောက်သိန်းသာ စိုက်ပျိုးနိုင်လို့ လာမယ့်နှစ် စားနပ်ရိက္ခာဖူလုံရေး အခက်တွေ့နိုင်

စက်တင်ဘာ ၁၂ – ၂၀၂၄
SS (VOM)
မိုးစပါးစိုက်ပျိုးရာသီမှာ သွင်းအားစုစျေးတွေ အဆမတန် မြင့်တက်လာတာနဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာ အခု ၂၀၂၄ ခုနှစ်အတွင်း မိုးစပါးစိုက်ဧက ခြောက်သိန်းခန့်သာ စိုက်ပျိုးနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးစပါးဧက ခြောက်သိန်းခန့် စိုက်ပျိုးမှုနှုန်းဟာ ရခိုင်တပြည်လုံး အတိုင်းအတာအနေနဲ့သာ စိုက်ပျိုးနိုင်တာဖြစ်တဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာ အဲဒီဒေသရဲ့ စားနပ်ရိက္ခာဖူလုံရေးဟာ စိန်ခေါ်မှုတရပ် အဖြစ် အခက်တွေ့နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တပြည်လုံး အတိုင်းအတာနဲ့တောင် ခြောက်သိန်းလောက်ပဲ စိုက်နိုင်တာဆိုတော့ ဒီနှစ်က စိုက်ဧက က ထက်ဝက်နီးပါးလောက် လျော့ကျသွားတာပေါ့။ တိုက်ပွဲတွေကြောင့်ရော၊ ရေကြီးရေလျှံမှုကြောင့်ရော စပါးခင်းတွေ တော်တော်များလည်း ပျက်စီးကုန်တယ်။ ပြန်ပြီးစိုက်ပျိုးဖို့ ဆိုတာကလည်း သွင်းအားစုဈေးတွေ အဆမတန် မြင့်တက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး” လို့ ဒေသခံ တောင်သူတယောက်က ပြောပါတယ်။
စိုက်ပျိုးထားပြီးဖြစ်တဲ့ လယ်မြေတွေဟာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခဲ့မှုတွေကြောင့် ဧက ငါးသောင်းကနေ ရှစ်သောင်းကြား ပျက်စီးနေတယ်လို့ ဆိုပါတယ်။
လယ်တဧက စိုက်ပျိုးနိုင်ဖို့ သွင်းအားစုစရိတ် အနည်းဆုံး ၁၀ သိန်းခန့် ကုန်ကျမှုရှိနေတဲ့အတွက် တောင်သူတွေအနေနဲ့ ရင်းနှီးငွေ မရှိတာကြောင့် ပျက်စီးသွားတဲ့ လယ်မြေတွေ ပြန်လည် စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ကိုယ်ပိုင် လယ်ထွန်စက်တွေနဲ့ လယ်ယာမြေတွေ အများကြီးလုပ်ကိုင်တဲ့သူက ကြီးမားတဲ့အခက်အခဲ မရှိပေမယ့် လယ်အနည်းစုသာ လုပ်ကိုင်ကြတဲ့သူတွေမှာတော့ စျေးတွေမြင့်လာတဲ့အတွက် ကြွေးမြီတွေတင်လာပြီး ဝမ်းရေးခက်ခဲတဲ့အထိ ဖြစ်သွားရတယ်လို့လည်း သိရပါတယ်။
“တချို့ဆို ဓာတ်မြေသြဇာတွေ စျေးကြီးတော့ ချေးငှားပြီး ဝယ်သုံးရတယ်။ ဧကတွေ အကုန်လုံးတော့ ဓါတ်မြေသြဇာမကျွေးနိုင်ပေမယ့် တတ်နိုင်သလောက်လေးတော့ ကျွေးပါတယ်။ စပါးထွက်လာရင်လည်း စပါးစျေးက ကောင်းနေဦးမှပေါ့။ စပါးအထွက်နှုန်းလည်း မကောင်းတဲ့အပြင် စပါးစျေးကပါ မကောင်းဘူးဆိုရင်တော့ ကျွန်တော်တို့ တောင်သူတွေအတွက် နောက်နှစ်ကျရင် နာလန်ပြန်ထူဖို့ မဖြစ်နိုင်တော့ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပြည်နယ်လုံး အတိုင်းတာအနေနဲ့ မိုးစပါးစိုက်ပျိုးဧက ရှစ်သိန်းဝန်းကျင်ကနေ ၁၁ သိန်းဝန်းကျင်ရှိပြီး တိုက်ပွဲမဖြစ်မီကာလက ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပေမယ့်လည်း တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် စပါးဧက ခြောက်သိန်းခန့်သာ စိုက်ပျိုးနိုင်ကာ နှစ်စဉ် တဖြည်းဖြည်းချင်း စိာက်ဧက လျော့ကျလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW