စက်တင်ဘာ ၂၈ – ၂၀၂၄
SS (VOM)
ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့အတွက် အရေးယူခံရတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ စုစုပေါင်း ၂၅၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ အဲဒီ အေဂျင်စီအသိုင်းအဝိုင်းက သိရပါတယ်။
အရေးယူခံရတဲ့ အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ဆိုင်းငံ့တာ၊ အလုပ်ခေါ်စာ အသစ်တင်ခွင့် ဆိုင်းငံ့တာတွေနဲ့ ဒဏ်ကြေးငွေ တသိန်း ပေးဆောင်စေတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
“စေလွှတ်ခဲ့တဲ့ အလုပ်သမားဦးရေရဲ့ ၅၀ ရာခိုင်နှုန်း၊ တလစာရဲ့ ၂၅ ရာခိုင်နှုန်း အထောက်အထားတောင်းတာပေါ့။ သူတို့တောင်းတဲ့စာရင်းအတိုင်း ပေးနိုင်ဖို့က ကျွန်တော် ရှေ့မှာလည်းပြောခဲ့ဖူးပါတယ်။ တော်တော်ကို ခက်ပါတယ်။ အေဂျင်စီအများစုက သူတို့ လွှတ်လိုက်တဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ်ရဖို့ ဆိုတာက ဘယ်လိုမှမလွယ်ဘူးလေ။ အလုပ်သမားတွေကို တရားဝင်နည်းလမ်းနဲ့ ငွေလွှဲပေးဖို့ စည်းရုံးရတဲ့အခါမှာလည်း တော်တော်များများက အစိုးရကသတ်မှတ်ထားတဲ့ ငွေလဲဈေးနဲ့ လုံးဝ မလွှဲချင်ကြဘူး” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေစာရင်း မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို အခု စက်တင်ဘာလကစလို့ အရေးယူမှုတွေ ဆက်တိုက် ပြုလုပ်နေတာမှာ ပထမဆုံးအကြိမ်အဖြစ် အေဂျင်စီ ၁၄၆ ခုကို အရေးယူခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာတော့ အေဂျင်စီ ၈၁ ခု၊ တတိယအကြိမ်မှာတော့ အေဂျင်စီ ၂၆ ခုကို အရေးယူမှုတွေ ပြုလုပ်ခဲ့တာပါ။
အရေးယူခံရတဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေရဲ့မိသားစုလွှဲပို့ငွေစာရင်း အထောက်အထား တင်ပြနိုင်မှု ရာခိုင်နှုန်းပြည့်မီရင် စေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ အလုပ်ခေါ်စာအသစ် တင်ပြခွင့်ကို ဆက်လက် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါအပြင် အလုပ်သမားဝန်ကြီးဌာနက အခု ၂၀၂၄ ခုနှစ်အတွက် အလုပ်သမားတွေရဲ့သုံးလစာလွှဲပို့ငွေ အထောက်အထားကိုလည်း ထပ်တောင်းထားတာကြောင့် အေဂျင်စီတွေ အကျပ်ရိုက်နေရတယ်လို့ သိရပါတယ်။
လာမယ့် အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရုံးဖွင့်ရက် တရက်ချင်းစီတိုင်းမှာ အေဂျင်စီ ၅၀ ခုစီက မန်နေးဂျင်းဒါရိုက်တာ (ဒါမှမဟုတ်) ဒါရိုက်တာ (ဒါမှမဟုတ်) တရားဝင် ကိုယ်စားလှယ်တို့က အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့ငွေ အထောက်အထားတွေကို ယူဆောင်ပြီး နေပြည်တော်ရုံးချုပ် ကို သွားရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
“ဒီအတိုင်းဆို လိုင်စင်ပြန်အပ်ရဖို့ပဲ ရှိတော့တယ်။ ရေရှည်ဆိုမလွယ်ဘူး။ သတ်မှတ်ရာခိုင်နှုန်း ပြည့်တယ်ဆိုတဲ့ အေဂျင်စီတွေကလည်း အိတ်စိုက်သဘောမျိုး လိုင်စင် ပြန်သိမ်းမခံရရေး ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိုက်လွှဲနေကြတာ။ ဒီလိုလုပ်တာကလည်း ရေရှည်အတွက်ဆိုရင် ဘယ်လိုမှ အဆင်ပြေနိုင်မယ်မထင်ဘူး” လို့ နောက်ထပ် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အေဂျင်စီတွေအနေနဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား သွားရောက် ပေးပို့တဲ့အခါ မိမိပို့ဆောင်ထားတဲ့ အလုပ်သမားဦးရေရဲ့ ရာခိုင်နှုန်း ကိုတွက်ချက်ပြီး ၁ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကြား ရရှိတဲ့ အေဂျင်စီတွေကတော့ အလုပ်ခေါ်စာအသစ် တင်ပြခွင့် (Demand Letter) ဆိုင်းငံ့ခံရမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အေဂျင်စီတွေဆီ ပေးပို့ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
သုညရာခိုင်နှုန်း ရရှိတဲ့ အေဂျင်စီတွေကိုတော့ အလုပ်ခေါ်စာအသစ် တင်ပြခွင့် ရပ်ဆိုင်းတာအပြင် အလုပ်သမားစေလွှတ်ခွင့် လုပ်ငန်းစဉ်ကိုပါ ဆိုင်းငံ့မှာဖြစ်တယ်လို့ သိရပါတယ်။
မိမိတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ရာခိုင်နှုန်းအလိုက် တွက်ချက်မှုမှာ အေဂျင်စီတွေအနေနဲ့ မိသားစုဆီလွှဲပို့ငွေ အထောက်အထား ၄၁ ရာခိုင်နှုန်း တင်ပြနိုင်မှသာ စေလွှတ်ရေး လုပ်ငန်းစဉ်တွေကို ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မှာဖြစ်သလို အလုပ်ခေါ်စာအသစ် တင်ပြခွင့်လည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်ပနိုင်ငံအသီးသီးကို တရားဝင် ပို့ဆောင်နေတဲ့ လိုင်စင်ရ အေဂျင်စီ စုစုပေါင်း ၅၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...