လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ထွက်ပြေး

ဘေရွတ်၊ စက်တင်ဘာ-၃၀-၂၀၂၄
ရတီ(VOM)
လက်ဘနွန်ကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ပြည်သူ သိန်းချီပြီး ဆီးရီးယားကို ဖြတ်ကျော် ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။
“နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေက ဆက်ဖြစ်နေတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ နယ်စပ်ဖြတ်ကျော်ဂိတ် လေးခုမှာ ကူညီပေးနေတယ် ”လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ခုနှစ်ရက်အတွင်း ဆီးရီးယားကို လူရှစ်သောင်းထိ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာလည်း အစ္စရေးဟာ လက်ဘနွန်ရှိ ဟဇ်ဘိုလာပစ်မှတ်တွေကို အပြင်းအထန် တိုက်ခိုက်နေပြီး တိုက်ခိုက်မှုတွေအတွင်း လက်ဘနွန်မှာရှိတဲ့ ဟားမတ်စ်ခေါင်းဆောင်တယောက် သေဆုံးခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့က ပြောပါတယ်။
သီးခြားအနေနဲ့ ပါလက်စတိုင်းလွတ်မြောက်ရေး ပေါ်ပြူလာတပ်ဦး စစ်သွေးကြွအုပ်စုရဲ့ ခေါင်းဆောင်သုံးယောက်ဟာလည်း ဘေရွတ်မြို့လယ်ကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးကတော့ မှတ်ချက်မပေးပါဘူး။ ဒါဟာ တောင်ပိုင်းဆင်ခြေဖုံးရှိ ဟဇ်ဘိုလာတို့ရဲ့ အခြေစိုက်စခန်းအပြင် ဘေရွတ်ဝန်းကျင်ပစ်မှတ်တွေကိုပါ အစ္စရေးက စတင်တိုက်ခိုက်လာတာဖြစ်ပြီး လက်ဘနွန်ကို မြေပြင်ထိုးစစ်ဆင်မယ်လို့လည်း အရိပ်အမြွတ် ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW