အလုံမှာ မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲထိုးသတ်မှုဖြစ်ပွား



စက်တင်ဘာ ၃၀ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်မှာ အသက် ၂၂ ဝန်းကျင်အရွယ် မိန်းကလေးတယောက်ကို ရည်းစားဖြစ်သူက ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းက တိုက်အမှတ် ၄၀ ရဲ့ လေးလွှာနဲ့ ငါးလွှာကြား လှေကားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိုးသွင်းဒဏ်ရာ များစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ရုပ်အလောင်းကို စက်တင်ဘာ ၂၈ ရက်၊ မနက် ၆ နာရီဝန်းကျင်မှာ ရပ်ကွက်နေပြည်သူ‌တွေက တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူက ဆားလင်းကြီးမြို့နယ်ကနေ ရန်ကုန်မှာ သင်တန်းလာတက်ရင်း အလုပ် လုပ်နေတဲ့သူပေါ့။ တိုက်ခန်းတခန်းမှာ သူငယ်ချင်းတွေစုပြီး နေကြတာ။ လူမှုရေးကိစ္စကြောင့် အသတ်ခံလိုက်ရတဲ့သဘောပါ။ တရားခံလို့ ယူဆရတဲ့သူကိုလည်း ဖမ်းမိထားပါပြီ။ သူတို့နှစ်ယောက်က သမီးရည်းစားတွေလို့လည်း သိရတယ်။ ကောင်လေးက အသင့်ယူလာတဲ့ ဓားနဲ့ မသေမချင်း ထိုးသတ်လိုက်တဲ့သဘောပါ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

သေဆုံးသူဟာ လည်ပင်း ထိုးထွင်း ဒဏ်ရာ တချက်၊ နံရိုးထိုးထွင်း ဒဏ်ရာ တချက်၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာ ခုနစ်ချက်ခန့်၊ လက်မှာ ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ကျောကုန်း ထိုးသွင်းဒဏ်ရာ ခြောက်ချက် အပါအဝင် ထိုးသွင်းရာ စုစုပေါင်း ၁၇ ချက်ထက်မနည်း ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့သူကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးနိုင်ခဲ့ပြီး အလုံမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ကောင်လေးက ဂျပန်မှာ အလုပ် လုပ်နေတာလို့ သိရတယ်။ အသက်ကတော့ ၂၃ နှစ်ဝန်းကျင်လောက်ပါ။ အခင်းမဖြစ်ခင် ဂျပန်ကနေပြန်ရောက်နေတာ သုံးရက်လောက်ရှိပြီပြောတယ်။ အခင်းဖြစ်တဲ့နေ့ (စက်တင်ဘာ ၂၈ ရက်နေ့) မှာ မနက် ၁၀ နာရီလေယာဉ်နဲ့ ဂျပန်ပြန်ဖို့ စီစဉ်ထားတာ။ သူ ပြန်မထွက်ခင် သတင်းအရ လေဆိပ်မှာ ဖမ်းဆီးနိုင်ခဲ့တာပါ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

အခင်းဖြစ်ရာနေရာကို အလုံမြို့မ ရဲတပ်ဖွဲ့ဝင်တွေ သွား‌ရောက် စစ်ဆေးချက်အရ အသတ်ခံရချိန်ဟာ မနက်အစောပိုင်း ၄ နာရီနဲ့ ၅ နာရီကြားဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို သံဝေဂ လူမှုကူ‌ညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo:Crd

Related posts

Leave a Comment

VOM News

FREE
VIEW