စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ၄၈ နာရီအတွင်း မိုးကြီးမြေပြိုမှု သတိပြုဖို့လို

အောက်တိုဘာ ၂ – ၂၀၂၄
GG (VOM)
စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ လာမယ့်အောက်တိုဘာလ ၅ ရက်နေ့အတွင်း မိုးကြီးပြီး လေပြင်းတိုက်ခြင်းနဲ့အတူမြေပြိုနိုင်တာတွေနဲ့ ပတ်သက်ပြီး မိုး/ဇလနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
“၄၈ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမိုးကြီးနိုင်တယ်။ ဒေသအလိုက်နဲ့နေရာကွက်ပြီး မိုးကြီးနိုင်မယ့်အခြေအနေရှိနိုင်တဲ့အနေအထားဆိုတော့ အရမ်းကြီးစိုးရိမ်ရလောက်တဲ့အနေထားမဟုတ်သလို အရမ်းကြီးပေါ့လို့ရတဲ့ အနေအထားလည်းမဟုတ်ဘူး။ သဘာဝဘေးဆိုတာက မမျှော်လင့်တဲ့အချိန်မှာဖြစ်နိုင်တယ်။ ဒါပေမယ့် တချို့ခန့်မှန်း ပြောဆိုထားတဲ့ မိုးရေချိန်ကတော့ အရမ်းများလွန်းနေကြတယ်။ အဲဒီလောက်သာရွာရင် ဒါမှန်တယ် အရေးပေါ်ရွှေ့ပြောင်းရမယ့်အနေအထားမျိုးပါ။ အများကြီးရွာရင်တော့ မြေပြိုတောင်ပြိုတာကတော့ ဖြစ်တတ်တယ် ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းပြည်နယ်မှာ ဒီနေ့အောက်တိုဘာလ ၂ရက်နေ့လယ်ကစပြီး ၄၈ နာရီအတွင်း မိုးအလွန်များနိုင်တာကြောင့် အဆိုပါဒေသနေထိုင်သူတွေအနေနဲ့ သတိထားပြုဖို့ သတိပေးပြောဆိုထားပါတယ်။
” နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးနဲ့ လဟယ်ကြား၊ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခန္တီး နဲ့ ထမံသီ ကြား၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းကပ်ရက်က တောင်ကြောပေါ်မှာ ၄၈ နာရီအတွင်း မိုးအလွန်များ(HEAVY RAINFALL IN 48 HOURS) နိုင်တာကြောင့် မနေ့ကလဲ သတိပေးခဲ့ပြီးပါပြီ။ ဒီနေ့ ထပ်ပြီး သတိပေးပါဦးမယ်။ကယ်ဆယ်ရွှေ့ပြောင်းချိန်တော့ မမှီနိုင်တော့ပါ။ ” လို့ ဦးဝင်းနိုင်ကပြောပါတယ်။
အလားတူ မိုးလေဝသတွေခန့်မှန်းပေးနေတဲ့ စုစုစံကလည်း စစ်ကိုင်းတိုင်းထဲက ခမ်းပတ်၊ မော်လိုက် ၊ဖောင်းပြင်၊ ဟုမ္မလင်း၊ ထမံသီ ၊နန်းယွန်း ၊လေရှိး ၊ခန္တီး ၊ လဟယ် ဒေသတွေမှာ ၄၈ နာရီအတွင်း မိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်လို့ သတိပေးထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာလည်း မိုးများစွာရွာသွန်းနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက်(၁.၁၈ လက်မအထက်)မိုးများနိုင်တယ်လို့ ဦးဝင်းနိုင်ကသတိပေးထား ပါတယ်။
လက်ရှိ လေရှီးနဲ့လဟယ်ဒေသမှာ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေက နေရာတိုင်းမှာ မရကြောင်း၊ရာသီဥတုအနေနဲ့ မိုးဖွဲဖွဲရွာတာရှိပေမယ့် လေငြိမ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လဟယ်ဒေသကမဖွံ့ဖြိုးသေးတဲ့ဒေသလေးပါ။ မိုးကတော့ဖွဲဖွဲရွာတယ်။လေတော့ငြိမ်နေတယ်။ ပြောင်းရွှေ့ကြတာမျိုးတော့ သိပ်မတွေ့ရသေးဘူး။အခြေအနေစောင့်ကြည့်နေကြတယ်၊ ဘေးကင်းဖို့ဆုတောင်းနေရတယ်။ ” လို့လဟယ်ဒေသခံတယောက်ကပြောပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် နေရာအချို့မှာ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်သတိပြုကြဖို့ မိုးဇလက လည်းသတိပေးထားပါတယ်။
အလားတူ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြ သူတွေ အနေနဲ့လည်း ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့လိုသလို ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့လိုအပ်ကြောင်း အသိပေး ထားပါတယ် ။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ နဲ့ အနောက်ဘက်မှ ရွေ့လျား လာတဲ့ လေပွေလှိုင်းရဲ့ အရှိန်နဲ့ အပူပျံတက်တိမ်ဖြစ်ထွန်းမှု အားကောင်းခြင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာတဲ့ လေအေးတွေ့ဆုံမှု ကြောင့် မိုးကြီးပြီး လေတိုက်ခြင်းနဲ့အတူ မြေပြိုခြင်း ရေကြီးခြင်းတွေဖြစ်ပေါ်နိုင်တာဖြစ်တယ်လို့ မိုး/ဇလ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW