ဇန်နဝါရီ ၂၉ – ၂၀၂၆
SN (VOM)
ကမ္ဘာ့ရွှေဈေး ထပ်မံစံချိန်တင် အတက်ကြမ်းနေမှုနဲ့အတူ ပြည်တွင်းက အခေါက်ရွှေ တကျပ်သား ဈေးနှုန်းဟာလည်း ကျပ် သိန်း ၁၂၀ ဝန်းကျင်ကို ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၅၁၄ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၇၀ ကျော် ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။
“ကမ္ဘာ့ရွှေဈေးကလည်း စံချိန်တင်တယ်လေ။ ၅၅၀၀ ကျော်သွားတယ်။ အဲဒီတော့ ဒီမှာလည်း စံချိန်တင် ၁၂၀ ဖြစ်သွားတာပါ။ ရွှေဈေး အတက်ကြမ်းလာတယ် ဆိုတော့ အကုန်လုံးကတော့ ကြောက်လန့်ပြီး ရှောင်နေကြတယ်။ ဖမ်းတယ်ဆီးတယ်တော့ မကြားမိသေးဘူး။ တချို့လည်း ခေါ်ယူ စစ်ဆေးခံရတယ်လို့ သတင်းတွေတော့ ထွက်တယ်။ confirm တော့ မဖြစ်သေးဘူး” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
လက်ရှိ ဈေးကွက် အနေအထားကတော့ ရောင်းရဝယ်ရ ခက်နေတဲ့ အခြေအနေမှာ ရှိနေကာ တချို့သော လုပ်ငန်းရှင်တွေကတော့ အဖမ်းအဆီးတွေ ရှိလာမှာကို စိုးရိမ်အတွက် ဆိုင်ပိတ်ထားပြီး ရှောင်နေကြတယ်လို့ သူက ပြောပါတယ်။
“တချို့ဆိုင်တွေကတော့ အရောင်းပိတ်ထားပေမယ့် အဝယ်တော့ လက်ခံပေးနေကြတယ်။ လာရောင်းတဲ့သူရှိရင် ဝယ်ပေးကြတယ်။ တချို့ကလည်း လာရောင်းတဲ့သူရှိမှ ဝယ်ပေးမယ်ဆိုတာမျိုးလည်း ရှိကြတယ်။ တချို့ဆိုင်တွေကျတော့လည်း လာမေးရင် ပစ္စည်းမရှိဘူးပြောပြီး အရောင်းအဝယ် ရပ်ထားကြတယ်။ အဲဒီလိုမျိုးလေးတွေတော့ ရှိကြပါတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုတွေကြောင့် ပြည်တွင်း ရွှေဈေးတွေလည်း လိုက်ပါ မြင့်တက်လျက်ရှိပြီး တရက်အတွင်း ကျပ် ၁၁ သိန်းကျော်ဝန်းကျင် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
“အခုက ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန် ဖြစ်တယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေ လုံခြုံစိတ်ချရတဲ့ရွှေကို ပိုပြီး အာရုံစိုက်၊ ဝယ်ယူ စုဆောင်းလာကြတယ်။ ဝယ်လိုအား များနေတဲ့အတွက် ရွှေဈေးတွေက စံချိန် အထပ်ထပ်ချိုးပြီး အဆမတန် တက်လာတာ” လို့ နိုင်ငံရေး၊ စီးပွားရေး ပညာရှင်တယောက်က ပြောပါတယ်။
လက်ရှိ နောက်ဆုံး ပထဝီဝင်နိုင်ငံရေး အုံကြွမှုကတော့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကနေဒါနိုင်ငံအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်မယ်ဆိုတဲ့ သတင်းဖြစ်ပြီး ဒီဆုံးဖြတ်ချက်က ရွှေဈေးကွက်ကို ပိုပြီး လှုပ်ခတ်စေခဲ့တယ်လို့ ဆိုပါတယ်။
“အခုနှစ်ထဲမှာ အဖိုးတန်သတ္တုတွေ ဈေးတက်လာအောင် အဓိက မောင်းနှင်တဲ့သူက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်လို့တောင် ပြောလို့ရတယ်။ အခုလည်း ကနေဒါကို တရုတ်နဲ့ ကုန်သွယ်မှု ဆက်လုပ်ရင် ရာနှုန်းပြည့် အခွန်စည်းကြပ်မယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့က ထရမ့် အသိပေးထားတာရှိတယ်။ ဒီလို အရေးတွေကြောင့်ပဲ ရွှေဈေးက အထိန်းအကွပ်မဲ့ ဖြစ်နေတာ” လို့ သူက ပြောပါတယ်။
ဒါအပြင် အမေရိကန်နဲ့ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) တို့ကြား ဂရင်းလန်းကျွန်းနဲ့ ပတ်သက်လို့ စစ်ရေး တင်းမာနေမှုတွေကလည်း ရွှေဈေးနှုန်းကို မြင့်တက်နေစေတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။
“နောက်တချက် အမေရိကန်က အီရန်ကို ဝင်တိုက်မယ့်အရေးကလည်း နေ့လား၊ ညလား ဖြစ်နေတယ်။ အကယ်၍သာ အမေရိကန်နဲ့ အီရန် စစ်ဖြစ်ပြီဆိုရင် ရွှေဈေးက အခုပိုပြီး ထောင်တက်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ၆၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်၊ နှစ်စမှာတော့ ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပလက်တီနမ်ငွေဈေးတွေလည်း စံချိန်တင် အမြင့်ဆုံးကို ခုန်တက် ရောက်ရှိနေတာမှာ အရင်က တကျပ်သားဈေး ကျပ် သောင်းဂဏန်း ဝန်းကျင်သာ ရှိခဲ့ရာမှ လက်ရှိမှာတော့ ကျပ် သုံးသိန်းဝန်းကျင်အထိ စျေးမြင့်တက်လာတယ်လို့ သိရပါတယ်။
မြန်မာ့ရွှေဈေးဟာ အမေရိကန်ဒေါ်လာနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျပေါ်မှာ မှီတည်နေတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာကြောင့် ပြည်တွင်းက ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၀၂၀ ကျပ်ဝန်းကျင်၊ အဝယ် ၃၉၂၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါတယ်။
Photo – CJ
