အိမ်အကူအလုပ်နဲ့ ပြည်ပပြန် ထွက်မယ့်သူတွေကို ပြန်ထွက်ခွင့် မပြုတာတွေရှိလာ

ဇန်နဝါရီ ၂၉ ၊ ၂၀၂၆
CC (VOM)
ပြည်ပထွက်ပြီး အိမ်အကူ လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး တချို့ကို အလုပ်သမား ဝန်ကြီးဌာနက ပြန်လည် ထွက်ခွာခွင့် မပြုတာမျိုးတွေ ရှိလာနေတယ်လို့ စုံစမ်းသိရှိပါတယ်။
ပြည်ပက ခွင့်ပြန်အလုပ်သမားတွေရဲ့ ပြန်ထွက်ခွာခွင့် လျှောက်ထားမှုအပေါ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ စိစစ်ပြီး ပြန်လည် ထွက်ခွာခွင့်ပြုတဲ့ရာမှာ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ တဲ့ လိုအပ်ချက်ရှိလို့ ပြည့်စုံစွာ ပြန်လည်တင်ပြရန် ဆိုပြီး ထွက်ခွာ ခွင့်မပြုတဲ့ စာရင်းထဲမှာ” အိမ်အကူလုပ်သား (Domestic Worker) ဖြစ်နေ ပါသဖြင့် “ဆိုတဲ့ အချက် ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အသိပေးချက်နဲ့ ပတ်သက်ပြီး လတ်တလော သိရှိရသလောက်ကတော့ အိမ်အကူ အလုပ်နဲ့ ပြည်ပမှာသွားရောက် လုပ်ကိုင်မယ့်သူတွေထဲက OWIC အဟောင်း နဲ့ အလုပ်ရှင်အသစ် ၊ အလုပ်သစ် IPA/work visa အသစ် နဲ့ ပြန်ထွက်ဖို့ လျှောက်သူတွေကို ထွက်ခွင့်မပေးတာ ဖြစ်နိုင်ကြောင်း အေဂျင်စီတွေက ကနဦး သုံးသပ်ထားပါတယ်။
” Domestic Worker ဖြစ်နေလိုဆိုပြီး ပြန်ထွက်ခွင့် မပြုတဲ့အထဲ ပါလာတာက တနေ့က ထုတ်ပြန်တာမှာမှ စတွေ့ရတာ ။ဒါနဲ့ပတ်သက်လို့ ဝန်ကြီးဌာနဘက်က ရှင်းလင်းတဲ့ ထုတ်ပြန်ချက် မရှိတော့ သို့လောသို့လော ဖြစ်နေတာပေါ့။ အရင်ရက်တွေကတော့ ခွင့်ပြန်အိမ်အကူတွေ စာရွက်စာတမ်းစုံရင် ပြန်ထွက်ခွင့်ပြုခဲ့တာ ရှိတယ် ။.အဲဒီတော့ အခုက OWIC ထဲက နိုင်ငံ အလုပ်ရှင် နဲ့ အခုလုပ်မယ့် အလုပ်ရှင်မတူလို့ ခွင့်မပြုတာ ​ဖြစ်ဖို့များတယ်။ ဘာလို့ဆို အရင်ရက်ကထိ ခွင့်ပြန်တွေ ပြန်ခွင့်ပြုနေတာ ဆိုတော့လေ ။ ခွင့်ပြန်တွေထဲမှာ OWIC ကတ်မရှိသေးရင် ဒီမှာ လုပ်ရပါတယ်။ အချိန်တော့ကြာတယ်။ ” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ လုပ်ငန်းတခုမှ တာဝန်ရှိသူက ပြောပါတယ်။
အိမ်အကူအလုပ်နဲ့ ခွင့်ပြန်လာသူတွေထဲက OWIC ကတ်မရှိသူတွေ အနေနဲ့ OWIC ကတ် လုပ်ဆောင်ရပြီး အချက်အလက် ပြည့်စုံပါကလည်း အချိန် တလလောက်အထိ အနည်းဆုံးကြာမြင့်မှုရှိကြောင်း ၊ OWIC ကတ်လုပ်တဲ့အခါ အခွန်ဆောင်ထားကြောင်း အထောက်အထား ၊ လစာရဲ့ ၂၅ ရာခိုင်းနူန်း ငွေလွှဲထားခြင်း ၊ပတ်စ်ပို့ ၊ခွင့်စာ ၊ ပြည်ဝင်တံဆိပ်တုံး လိုအပ်တယ်လို့ သိရပါတယ်။
ပြည်ပနိုင်ငံတချို့မှာ အိမ်အကူ လုပ်ကိုင်သူတွေထဲက OWIC ကတ်မရှိသူ အချို့မှာ သူဌေးက ခွင့်စာ ထုတ်မပေးတာ ၊ လစာရဲ့ ၂၅ ရာခိုင်းနူန်းကို ပြန်လွှဲခြင်း မရှိသူတွေ အပါအဝင် ခွင့်ရက်ရှည် မရသူတွေ ရှိတာကြောင့် မြန်မာပြည်အလည်ပြန်ဖို့ရာ အခက်တွေ့ နေရတယ်လို့လည်း သိရပါတယ်။
” သတင်းတွေက အမျိုးမျိူးတွေ ထွက်နေတော့ ပြန်မလာရဲဘူး ဖြစ်နေတယ် ။ ပြန်လာပြီး ပြန်ထွက်မရရင် ဒုက္ခရောက်မှာ ။ အခုက ညမက OWIC ကတ်မရှိဘူး ။ ကတ်လုပ်မယ်ဆိုရင် ခွင့်က နှစ်လလောက်ရမှ အဆင်ပြေမှာ ။ ပြီးတော့ သူဌေးကလည်း ခွင့်စာရေးမပေးဘူးဆိုတော့ ပြန်ဖို့က မလွယ်ဘူး ။ ပြီးတော့ အိမ်အကူတွေ ပြန်ထွက်ခွင့်မပြုဘူးဆိုတာတွေလည်း တွေ့နေရတော့ မပြန်ဖို့က များပါတယ်။ ” လို့ ဒူဘိုင်းနိုင်ငံမှာ အိမ်အကူလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား အမျိုးသမီးက ပြောပါတယ်။
အိမ်အကူတွေကို ပြည်ပထွက်ခွင့်နဲ့ ပတ်သက်ပြီး ခွင့်မပြုတဲ့ ကိစ္စတွေ ရှိလာတဲ့အပေါ် အသေးစိတ်သိရှိနိုင်ဖို့ နေပြည်တော် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကို VOM မှ ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ရာ ” စာနဲ့ရေးသားပြီး နေပြည်တော်ကို လိပ်မူပြီး ပေးပို့မေးကြားဖို့ ” ပြန်လည် ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံက အမျိုးသမီး တချို့ဟာ ထိုင်း ၊ စင်္ကာပူ ၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေကို သွားရောက်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်မှု အများဆုံးရှိနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
အိမ်အကူတွေမှာ အဆင်ပြေတဲ့သူတွေရှိသလို ပွဲစားတွေရဲ့ ရောင်းစားခံရသူတွေရှိသလို အလုပ်အဆင်မပြေဘဲ ဒုက္ခရောက်နေသူတွေရှိပြီး နေရပ်ပြန်ဖို့ပင် အခက်အခဲရှိတာကြောင့် အစိုးရက ပြန်လည်ခေါ်ယူခဲ့ရတာ တွေရှိခဲ့ပါတယ်။
ဓာတ်ပုံ – MOI

Related posts

Leave a Comment

VOM News

FREE
VIEW