စက်သုံးဆီ ဝယ်ယူခွင့် ကဒ်စနစ်လုပ်မယ့်အပေါ် ဝေဖန်မှုတွေရှိနေ

အောက်တိုဘာ ၄ – ၂၀၂၄
GG (VOM)
စက်သုံးဆီကို ဝယ်ယူခွင့်ကဒ်နဲ့သာ ရောင်းချပေးဖို့အတွက် ဝယ်ယူခွင့်စမတ်ကဒ်စနစ်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိသူတွေက လုပ်ဆောင်နေပြီး ဒီစနစ်အပေါ် ပြည်သူတွေက ဝေဖန်မှုတွေလည်းရှိနေပါတယ်။
လက်ရှိ လူမှုကွန်ရက်မှာတော့ စက်သုံးဆီ ဝယ်ယူခွင့်ကဒ်ဆိုပြီး အစိမ်းရောင်နဲ့အဝါရောင်ကဒ် တွေထွက်ပေါ်နေရာ အဝါရောင်စမတ်ကဒ်က ကားအတွက် စက်သုံးဆီဝယ်ယူနိုင်မှာဖြစ်ပြီး အစိမ်းရောင်ကဒ်က ဆိုင်ကယ်နဲ့အခြားစက်တပ်ယာဥ်တွေအတွက် စက်သုံးဆီ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။
ဆီဝယ်ယူခွင့်ကဒ်ကို ယာဉ်နဲ့ တပါတည်း ယူဆောင်လာရမှာဖြစ်သလို ဝယ်ယူခွင့်ကတ်မှာ ပါရှိတဲ့ ယာဉ်အမှတ်နဲ့သာ ဆီဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်း၊ကဒ်က ယာဉ်ပိုင်ဆိုင်မှုနဲ့သာ သက်ဆိုင်ခြင်းမရှိစေရလို့ ကဒ်မှာဖော်ပြထားပါတယ်။
” အဝါနဲ့အစိမ်းကဒ်တော့တွေ့တယ်။အပြင်မှာတော့ ကဒ်လုပ်ရတာလည်းမရှိသေးဘူး။ ပိုက်ဆံပေးဝယ်ရတာတောင်လိုသလောက်မရတော့ဘူးဆိုတော့ ခက်တယ်။အလကားပေးတာလည်းမဟုတ်ဘူး။ ဝယ်ယူခွင့်ကဒ်ဆိုကတည်းက သူတို့အကန့်အသတ်နဲ့ပဲရောင်းမှာ မေးစရာမလိုဘူးအကုန်သိတယ်။အဲဒီစနစ်မျိုး ကျွန်တော်မှမဟုတ်ဘူး ဘယ်သူမှမမကြိုက်သလိုလက်မခံဘူး။” လို့ ပြည်သူတယောက်ကပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီဝယ်ယူခွင့်စမတ်ကဒ်ပုံစံတွေလည်း ထွက်ပေါ်နေပြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနဘက်ကလည်း စက်သုံးဆီကို ကဒ်နဲ့ဝယ်ယူတဲ့စနစ်ကို အကောင်ထည်ဖော်နေတယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှအမည်မဖော်လိုသူ တယောက်က ကပြောပါတယ်။
ကဒ်စနစ်အကောင်ထည်ဖော်နေတာကိုသာ အတည်ပြုပြီး ကားနဲ့ဆိုင်ကယ်အပါအဝင်စက်ပစ္စည်းတွေအတွက် ရောင်းချပေးမယ့် စက်သုံးဆီပမာဏကို မသိသေးကြောင်း၊ ကဒ်စနစ်စတင်ပါက တရားဝင်ကြေငြာမှာဖြစ်တယ်လို့သိရပါတယ်။
” လိုင်းပေါ်မှာစက်သုံးဆီဝယ်ယူခွင့်ကဒ်ဆိုပြီး ကျွန်တော်တို့လည်းတွေ့ပါတယ်။ကျွန်တော်တို့မှာ အများပြည်သူကို မကြေညာသေးဘဲလုပ်နေတာတော့ရှိတယ်။ အဲဒီလိုကဒ်တွေနဲ့ တရားဝင်လုပ်နေပြီဆိုတာမျိုးတော့မရှိသေးဘူး။ သို့သော်ဒီအဝါကဒ်အစိမ်းကဒ်ဆိုပြီး မပြောနိုင်ပေမယ့် ဆီဝယ်ယူတဲ့အခါမှာကဒ်စနစ်လုပ်ဖို့တော့ရှိတယ်။ အဲဒါကလည်း ဆီတွေမလုံလောက်တော့လို့ ကန့်သတ်မှဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာတော့မဟုတ်ဘူး။” လို့ သူကပြောပါတယ်။
အခုလို စက်သုံးဆီကို ကဒ်စနစ်နဲ့ဝယ်ယူဖို့လုပ်ဆောင်တာဟာ စက်သုံးဆီ မလုံလောက်တဲ့အတွက် ပြတ်လပ်မှာစိုးရိမ်တာကြောင့် အကန့်အသတ်နဲ့ရောင်းချဖို့ လုပ်ဆောင်ခြင်းမျိုးမဟုတ်ကြောင်း ၊ မသမာတဲ့လုပ်ရပ်တွေဖြစ်တဲ့ ဆီကိုမလိုအပ်ဘဲဝယ်ယူစုဆောင်းခြင်း၊ တရားမဝင်ဆီရောင်းပြီး စျေးကစားခြင်း အပါအဝင်စတဲ့မသမာတဲ့ လုပ်ရပ်တွေကိုတားဆီးဖို့ ကဒ်စနစ်လုပ်ဖို့ရည်ရွယ်တာလို့ဆိုပါတယ်။
“ ဒီစနစ်က ကန့်သတ်မှာ မဟုတ်ဘူးလို့ ပြောပေမယ့် ကိုယ်လိုအပ်သလောက်တောင် ရမလာခဲ့ရင် မှောင်ခိုစျေးကွက် ပိုကြီးလာနိုင်တယ် ”လို့ အငှားယာဉ်မောင်းတယောက်က မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ စက်သုံးဆီကို နေရာဒေသအပေါ်လိုက်ပြီး ဝယ်ယူရတဲ့အခြေအနေလည်း မတူညီပါဘူး။ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင် မြို့အချို့မှာ စက်သုံးဆီကို လိုအပ်သလောက်ဝယ်ယူလိုရတဲ့အခြေအနေရှိပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊PDF တွေသိမ်းပိုက်ထားတဲ့ဒေသတွေမှာတော့ စက်သုံးဆီ ကိုလိုအပ်သလောက်ဝယ်ယူလို့မရတဲ့အပြင် စျေးနူန်း တွေလည်းပုံမှန်နူန်းထက် ပို မြင့် နေပါတယ်။
လက်ရှိပြည်တွင်းမှာတော့ စက်သုံးဆီအလုံအလောက်ရှိတာကြောင့် ပြတ်လပ်နိုင်တဲ့အခြေအနေမရှိကြောင်းနဲ့ စက်သုံးဆီစျေးပေါက်စျေးထက် မြင့်တက်ရောင်းချမှုရှိပါကတိုင်ကြားနိုင်တယ်လို့ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှအသိပေးထားပါတယ်။
ဒီနေ့ စက်သုံးစျေးက ရန်ကုန်အထိုင် ဓာတ်ဆီ 92 Ron တစ်လီတာ ၃၁၃၅ ကျပ်၊ 95 Ron တစ်လီတာ ၃၂၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၃၀ ကျပ် သတ်မှတ်ထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW